မြန်မာ့လွတ်လပ်ရေး မီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမ၏ သက်တော်ရာပြည့်အထိမ်းအမှတ်ကိုလည်း ကျွန်ုပ်တို့က တတ် အားသရွေ့ ချီးမြှောက်ပူဇော်သင့်ပါသည်။
၁၉၇၉-ခု ဒီဇင်ဘာလ ၁၄-ရက်နေ့သည် ဆရာတော် ဦးဥတ္တမ၏ နှစ်ရာပြည့်မွေးနေ့ ဖြစ်ပါသည်။ ဆရာတော် ရာပြည့်နှစ် အထိမ်းအမှတအဖြစ် ဤမှတ်တမ်းဆောင်းပါးကို စာဖတ်သူတို့ ရှေ့ မှောက် တင်ပြပါသည်။
ဤမှတ်တမ်းသည် ဆရာတော်၏ တပည့် ဦးထွန်းစိန်၏ ပြောပြချက် ဖြစ်ပါသည်။ ကျွန်တော်သည် ဆရာတော်အကြောင်း မေးမြန်း မှတ်တမ်းတင်မည်ဟူသော ရည်ရွယ်ချက်နှင့် လည်းကောင်း၊ ဆရာတော် ဇာတိ ရခိုင်ပြည်နယ်၌ ဆရာတော်၏ နိုင်ငံရေးသြဇာ မည်ရွေ့မည်မျှ စူးရှလွှမ်းမိုးခဲ့သည်ကို စူးစမ်း လိုသောကြောင့် လည်းကောင်း၊ ဆရာတော်၏ ပုဂ္ဂိုလ်ရေး အတွင်းရေးမှူး နိုင်ငံရေး တပည့်ကြီး ရခိုင် တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအရုံးခေါင်းဆောင် ဦးထွန်းစိန် (ဦးနန္ဒမာလာ)နေထိုင်ရာ မင်းပြာမြို့သို့ ၁၉၆၉-ခု ဧပြီလအတွင်းက သွားရောက်ခဲ့ပါသည်။
ထိုအချိန်၌ ဦးထွန်းစိန်မှာ အသက် ၆၉-နှစ် ရှိနေပါပြီ။ ဇရာထုထောင်းမှုကို ခံနေရသည်သာမက ဆီးချိုရောဂါနှိပ်စက်မှုကိုလည်း ခံနေရပါသေးသည်။ ထို့ကြောင့် လမ်းပင်ကောင်းစွာ မလျှောက်နိုင်တော့ပါ။ ဆရာတော်အကြောင်းနှင့် ရခိုင်ပြည်နိုင်ငံရေး လှုပ်ရှားမှုကို သိပါရစေဟု ကျွန်တော်ပန်ထားတောင်းခံ မှုကြောင့် သီတင်တစ်ပတ်ခန့် အားတင်းပြောပြရှာပါသည်။ သီတင်းတစ်ပတ်ခန့်ဆိုသော်လည်း ဇရာနှင့်ရောဂါလူဆိုးကြီးတို့၏ မကြာခဏ၀င်ရောက် နှောင့်ယှက်မှုကြောင့် ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်ရှာပါ။ တစ်နေ့တစ်နာရီ နှစ်နာရီခန့် ကြိုးစားပမ်းစား ပြောလိုက်၊ အနားယူလိုက်လုပ်ပြီးမှ ဤမှတ်တမ်းကို ရယူခဲ့ခြင်း ဖြစ်ပါသည်။
ယခုဖော်ပြမည့်မှတ်တမ်းသည် “ဦးထွန်းစိန်သိသမျှ” ဟု ခေါင်းစဉ်တပ်ခဲ့သော်လည်း သိသမျှအကုန်အစင် မဟုတ်ပါ။ ဦးထွန်းစိန် ပြောပြချက်များထဲမှ အရေးကြီးသည်ဟု ကျွန်တော်ယူဆသော ကောက်နုတ်ချက်များ သာ ဖြစ်ပါသည်။
မှတ်တမ်းအပြည့်အစုံကို အခါအခွင့်သင့်လျှင် တင်ပြပါမည်။
ဆရာတော်၏ စည်းရုံရေးပရိယာယ်
ရောမသမိုင်း၌ ဂျူလီယက်ဆီဇာ အလောင်းကိုပြ၍ ဆီဇာ၏ ညာလက်ရုံး မတ်မန်တိုနီက ဧရာမလူထုကို စည်းရုံးခဲ့သော နိုင်ငံရေး ပရိယာယ်သည် ထင်ရှားသကဲ့သို့ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးစည်းရုံးမှုများ ၌ ထောင်အ၀တ်အစားကိုပြ၍ စည်းရုံးသော နိုင်ငံရေး ပရိယာယ်သည်လည်း ကျော်ကြားထင်ရှားခဲ့ပါသည်။ ဆရာတော်သည် ဤနည်းကို အကြိမ်ပေါင်းမည်မျှ သုံးခဲ့သည် မသိပါ။ ယခုဖော်ပြမည့်အဖြစ်အပျက်သည် ဦးထွန်းစိန်ကိုယ်တိုင် ပါဝင်ခဲ့ရသော အဖြစ်အပျက် ဖြစ်ပါသည်။
အချိန်မှာ ဆရာတော်ဒုတိယအကြိမ် ထောင် ၃-နှစ်ကျပြီးစ အချိန် ဖြစ်သည်။ နေရာမှာ ဟင်္သတမြို့နယ် တရားပွဲတစ်ခု၌ ဖြစ်သည်။ ထိုတရားပွဲသို့ ဆရာတော်ကြွသွားသောအခါ တပည့် ဦးနန္ဒမာလာ “နောင် ဦးထွန်းစိန်” မှာ နောက်တော်မှ ပါရ၏။ ဆရာတော်သည် တရားဟောစင်မြင့်သို့ တက်သွားပြီးနောက် တရားစ မဟောသေးဘဲ မိမိကိုယ်ကို လက်ညှိုးထိုးပြီး ပရိသတ်အား မေးလိုက်၏။
“ဘုန်းကြီးဘယ်သူလဲ သိကြရဲ့လား”
စိတ်တက်ကြနေသော ပရိသတ်က “နိုင်ငံကျော် ဦးဥတ္တမပါ ဘုရား၊ နိုင်ငံရေး ဆရာတော် ဦးဥတ္တမပါ ဘုရား” ဟု အော်ဟစ် လျှောက်ထားကြ၏။
ဆရာတော်က အခြားတစ်ဖက်သို့လှည့်ပြီး ပထမနည်းအတိုင်း မေးပြန်၏။ ပရိသတ်ကလည်း ပထမနည်းအတိုင်း ဖြေကြ၏။ ထို အခါ ဆရာတော်က “နိုင်ငံရေး” တရားဟောတော့ ဘာဖြစ်သလဲ သိကြရဲ့လား” ဟု မေးပြီး ရုံလာသော သင်္ကန်းကို ဖြုန်းခနဲချွတ်လိုက်ရာ အသင့်ဝတ်လာသော ထောင် အ၀တ်အစားများကို ပရိသတ် ရုတ်တရက် မြင်ကြရ၏။ လျှပ်တပြက် အပြောင်းအလဲ မြင်ကွင်းကြောင့် မှင်တက်မိသလို ဖြစ်သွားသော၊ ပရိသတ်သည် “ဟာ--- ဟယ်” ဟူသော အံ့အားသင့်သံများပြု ပြီး ငေးကြောင်နေကြလေ သည်။
ထိုအခိုက် ဦးနန္ဒမာလာသည် ဆရာတော်သင်ထားသည့် အတိုင်း စင်ပေါ်သို့ လျင်မြန်စွာတက်လာပြီး “ဗုဒ္ဓဘာသာတို့ မြင်နိုင်ကြရဲ့လား၊ မျက်နှာဖြူ အစိုးရလုပ်ရပ်ဟာ မြင်နိုင်ကြရဲ့လား” ဟု သံကုန်အော်ဟစ် တိုင်တည်၍ မေးလိုက်၏။ ဆရာတော်က ပရိသတ်အားလုံး မြင်နိုင်အောင် စင်မြင့်သို့ လှည့်ပတ်၍ပြ၏။
ထိုမြင်ကွင်းနှင့် ဦးနန္ဒမာလာ၏ ကျယ်လောင်စွာ တိုင်တည် မေးမြန်းသံတို့သည် အံ့အားသင့်နေသော ပရိသတ်၏ နှလုံးအိမ်ကို ပြင်းစွာထိခိုက်နာကျင်စေဟန် ရှိလေသည်။ ယောက်ျား၊ ပရိသတ်က မျက်နှာဖြူ အစိုးရကို အော်ဟစ်ကျိန်ဆဲကြ၏။ ကျယ်လောင်သော တက်ခေါက်သံများ ထွက်လာ၏။ မိန်းမပရိသတ် ထံမှမူ ငိုရှိုက်သံများ ထွက်လာလေသည်။ မိန်းမများသာ မဟုတ် ဦးနန္ဒမာလာ အပါအ၀င် ယောက်ျား ပရိသတ်များစွာလည်း နာကျင်ဝမ်း နည်းမှုများကြောင့် မျက်ရည်မဆည်နိုင်ကြတော့ပေ။ တချို့ ယောက်ျား များမှာ ဒေါသဖြစ်လွန်း၍ ပါလာသော ထီးများကို နီးရာမဏ္ဍပ်တိုင်များတွင် ရိုက်ချိုးပစ်ကြသည် ဆိုပါသည်။
ဆရာတော်သည် နယ်ချဲ့အစိုးရအပေါ် ပရိသတ် နာကြည်း မုန်းတီးလာအောင် ထိုသို့လှုံ့ဆော်ပေးပြီးမှ အမျိုးဘာသာသာသနာ ပညာတရားများကို ဆက်လက်ဟောပြောလေသည်။
ဆရာတော်၏ ဤနည်းဗျူဟာသည် နယ်ချဲ့ဆန့်ကျင်ရေးလုပ်ရပ်များ၌ အလွန်ထက်မြက်ထိရောက်သော နည်းဗျူဟာဖြစ်သည်ဟုဆိုစမှတ်ပြုကြ၏။ ဆရာတော်ကို ထောင်သုံးနှစ်ချခဲ့သော ရန်ကုန်ခရိုင်တရားသူကြီး “ဆစ်ဇလာ” ကပင် “ဆရာတော်ကို ထောင်မချဘဲ တရား၃-နှစ်ဟောခွင့်ပြုစေကာမူ မြန်မာလူထုကို ဤမျှထိရောက်စွာ စည်းရုံးနိုင်မည် မဟုတ်”” ဟု ဆရာတော်နှင့် တွေ့သောအခါ ၀န်ခံချီးကျူးစကား ပြောခဲ့ရ သည်ဟု ဆိုပါသည်။
ဘုရားဖူး၍ အပြန်တွင်
ဆရာတော်သည် ၁၉၃၀-ခုတွင် အိန္ဒိယနိုင်ငံလုံးဆိုင်ရာ ကွန်ဂရက်ပါတီကွန်ဖရင့်ကျင်းပရာ မာဂရပ်မြို့သို့ ဘုရားဖူးခရီးသည် (၂၀)ခန့်နှင့်အတူ ကြွခဲ့လေသည်။ ဦးနန္ဒမာလာလည်း ပါရ၏။ ထိုကွန်ဖရင့်ပြီးသောအခါ သီဟိုဠ်သို့ ဘုရားဖူးသွားကြ၏။ သီဟိုဠ်မှ အိန္ဒိယသို့ သင်္ဘောဖြင့် ပြန်လာကြစဉ် မှတ်သားဖွယ်ကိစ္စ တစ်ခု ဖြစ်ခဲ့လေသည်။
ဆရာတော်နှင့်အဖွဲ့သည် အိန္ဒိယသို့လိုက်ရန် သင်္ဘောလက်မှတ် မရသေးမီကပင် ခရီးထွက်မည့် သင်္ဘောပေါ်သို့တက်ပြီး နေရာထိုင်ခင်း ယူကြ၏။ ဆရာတော်က သင်္ဘောခန်းထဲ အိပ်ရာပေါ်တွင် ကျိန်းစက်အနားယူနေ၏။ ထိုစဉ် မျက်နှာဖြူအရာရှိတစ်ဦး ရောက်လာပြီး ကုန်းပတ်ပေါ်ရှိသူတို့ကို မာန်မဲကာ တံတားပေါ်သို့ မောင်းတင်တော့၏။ အကြောင်းမသိသော ဦးနန္ဒမာလာတို့သည် လက်မှတ်မပြ၍ မောင်းချ ခံရသည်ထင်ကာ ပြန်လှန်ချေပမပြော ဆိုဝံ့ဘဲ တံတားပေါ်သို့ အောင့်သက်သက်ဖြင့် တက်ကြရလေသည်။
ထိုအရာရှိသည် များမကြာမီ ဆရာတော်ထံရောက်လာပြီး ခြေကိုလှုပ်၍နှိုး၏။ဦးနန္ဒမာလာတို့က ဖြစ်လာမည့် အကျိုးဆက်ကို စိတ်တထင့်ထင့်နှင့် လှမ်းကြည့်နေကြ၏။ ဆရာတော် နိုးလာ၍ ထိုမျက်နှာဖြူကို မြင်သော အခါ ဦးနန္ဒမာလာတို့ကဲ့သို့ အလျော့ပေးပြီး ဆင်းမလာဘဲ ခြင်္သေ့ကဲ့သို့ ကျယ်လောင်သောအသံနှင့် ဟိန်းဟောက်လိုက်သည်ကိုသာ အံ့သြစွာ ကြားကြရလေသည်။ ထို့နောက် ထိုမျက်နှာဖြူနှင့် အပြန်အလှန် အချီအချအော်ဟစ်ပြော ဆိုကြသည်ကို စိတ်လှုပ်ရှားဖွယ် မြင်ကြရလေသည်။ နောက်ဆုံးတွင် ထိုမျက်နှာဖြူ အရာရှိ လက်လျှော့အရှုံးပေးပြီး သင်္ဘောပေါ်မှ ဆင်းသွားသည်ကို အံ့သြအားရဖွယ် တွေ့ကြရလေသည်။
မရှေးမနှောင်းပင် ဆရာတော်သည် သင်္ဘောပေါ်မှဆင်းလာပြီး တံတားပေါ်၌ ရပ်နေကြသော မိမိအဖွဲ့သား တို့ကို ပြန်ခေါ်၏။ မိမိအခွင့်အရေးကို မသိကောင်းလားဟု ဆူပူပြစ်တင်၏။ အပြစ်တင်ရင်း သင်္ဘောစီး ခရီးသည်များ၏ အခွင့်အရေးကိုလည်း ရှင်းပြလေသည်။ ဆရာတော်ရှင်းပြပြီးမှ သင်္ဘောပေါ်aရာက်နေသော ခရီးသည်တစ်ဦးကို သင်္ဘောပေါ်မှ မောင်းချနိုင်ခွင့် မရှိတော့ကြောင်း ဦးနန္ဒမာလာတို့ သိလာကြ၏။ အိပ်နေသော ခရီးသည်ကိုလည်း နိုးခွင့်မရှိကြောင်း သိလာကြ၏။ ဆရာတော်သည် နိုင်ငံရေးကိစ္စများကိုသာ ကျွမ်းကျင်နှံ့စပ်သည် မဟုတ်။ အသေးအဖွဲ ကိစ္စများတွင်လည်း ဗဟုသုတပြည့်စုံကြောင်း သိကြရလေသည်။
ထို့ပြင် ဆရာတော်သည် အင်္ဂလိပ်နယ်ချဲ့သမားတို့ကို တော်လှန်သကဲ့သို့ နယ်ချဲ့သမားစရိုက်ဖြစ်သော နိုင် ထက်စီးနင်း ပြုမှုများကိုလည်း ချက်ချင်းလက်ငင်း တွန်းလှန်တတ်ကြောင်း ဤကိစ္စတွင် တွေ့ကြရလေ သည်။ ဆရာတော်သည် မတရားအနိုင်ကျင့် ဖိနှိပ်မှုအောက်တွင် ခေါင်းငုံ့ခံတတ်သော ကျွန်စိတ်မျိုးကို မိမိကိုယ်တိုင်လည်း မမွေး၊ တခြားသူများကိုလည်း မမွေးစေလိုပေ။ ထို့ ကြောင့် မျက်နှာဖြူအရာရှိ၏ နိုင် ထက်စီးနင်း ရိုင်းစိုင်းမောက်မာစွာ ဆက်ဆံမှုကို ငုံ့မခံဘဲ ပြန်လှန်ဟိန်းဟောက်မောင်းမဲကာ မဆိုင်းမတွ တွန်းလှန်ခဲ့ခြင်း ဖြစ်လေသည်။ ဤအပြုအမူသည် ဦးနန္ဒမာလာအစရှိသော နောက်ပါအဖွဲ့သားများအဖို့ တစ်သက်လုံး မမေ့နိုင်ဖွယ်တစ်ခု၊ ချီးကျူးအတုယူဖွယ် တစ်ခု၊ နောင်လာ သား-မြေးတို့အား စံနမူနာပြစရာ တစ်ခုအဖြစ် ကျန်ရစ်ခဲ့လေသည်။
ဆရာတော်၏ နိုင်ငံရေးသြဇာ
ရခိုင်ပြည် စစ်တွေမြို့ ရူပရပ်ဇာတိဖြစ်သော ဆရာတော် ဦးဥတ္တမသည် မိမိဇာတိရခိုင်ပြည်၌ နိုင်ငံရေး သြဇာမည်မျှစူးရှ လွှမ်းမိုးခဲ့သနည်း။ ဤအချက်သည် ရခိုင်ပြည် နိုင်ငံရေးသမားများ လောက၌ အငြင်းပွား ခဲ့ရသောအချက် ဖြစ်လေသည်။ အချို့က ဆရာတော်သည် ရခိုင်ပြည် နိုင်ငံရေးလှုပ်ရှားမှု၌ မည်မည်ရရ မပါဝင်နိုင်ခဲ့ဟု ဆိုကြသည်။ အချို့ကလည်း ဆရာတော်၏ နိုင်ငံရေး ကြိုးပမ်းမှုအားလုံးကို ချုံကြည့်ပြီး ဆရာတော်အား ရခိုင်အမျိုးသားခေါင်းဆောင်ကြီးအဖြစ် ချီးမြှောက်ဂုဏ်ပြုလိုကြလေသည်။ ဤနေရာတွင် စာရေးသူအနေနှင့် ဦးထွန်းစိန်၏ ပြောပြချက်များကို အခြေခံ၍ ဆရာတော်၏ နိုင်ငံရေးသြဇာ ရခိုင်ပြည်၌ မည်မျှလွှမ်း မိုးခဲ့ကြောင်း သုံးသပ်တင်ပြလိုပါသည်။
ဆရာတော်သည် စစ်တွေချက်မြှုပ်ဖြစ်သော်လည်း စစ်တွေမြို့မှ အင်္ဂလိပ်နယ်ချဲ့လက်ဝေခံ အရင်း ရှင်နှင့် မြေပိုင်ရှင်ကြီးတို့ က ဆရာတော်ကို မလိုလားကြဟု သိရပါသည်။ ““ရဟန်းတန်မဲ့ နိုင်ငံရေး လုပ်ရသလား၊ ရဟန်းဟာ လောကီကိစ္စမှာ မပါမှတ်သား ရပါသည်။ ထိုနယ်ချဲ့ဘက်တော်သားတို့၏ အရှိန်အ၀ါသည် ထိုခေတ်စစ်တွေတွင် အလွန်အင်အားကြီးသောကြောင့် ဆရာတော်၏ နိုင်ငံရေးသြဇာမှာ မိမိချက်မြှုပ် စစ်တွေမြို့၌ များစွာမလွှမ်းမိုးနိုင်ခဲ့ဟု ဆိုပါသည်။ ထိုအချက်ကို ရည်ရွယ်၍ ဆရာတော်က ““မီးခွက်သည် ပတ်ဝန်းကျင်ကို အလင်းရောင် ပေးနိုင်သော်လည်း မိမိ အရိပ်ကိုကား အလင်းရောင် မပေးနိုင်။ ထို့အတူ ငါလည်း ရခိုင်ပြည်ဖွား ရခိုင်သားဖြစ်သော်လည်း ရခိုင်ပြည်ကို နိုင်ငံရေးအလင်းရောင် မပေးနိုင်ခဲ့”” ဟု မိန့်တော်မူတတ်ကြောင်း သိရပါသည်။
ဆရာတော်၏ မိန့်ကြားချက်သည် ဆရာတော်သက်တော် ထင်ရှားရှိစဉ်က အခြေအနေအပေါ်မူတည်၍ မိန့်ကြားခဲ့သော အချက်သာ ဖြစ်လေသည်။ ထိုအချိန်က ရခိုင်ပြည် နိုင်ငံရေးအခြေ အနေသည် ဆရာတော် မိန့်ကြားသကဲ့သို့ အားရစရာမရှိသည်မှာ အမှန်ဖြစ်လေသည်။ သို့သော် ဆရာတော်နောက်မှလိုက်၍ ဆရာတော်၏ နိုင်ငံရေးအယူအဆ၊ လုပ်နည်းလုပ်ဟန်တို့ကို ကိုယ်တွေ့သင်ကြားခဲ့သော ဦးနန္ဒမာလာသည် ဆရာတော်၏ ညွှန်ကြားချက်နှင့် က္ခမဏ္ဍလသာသနာရေးအဖွဲ့ အတွင်းရေးမှူးလုပ်ပြီး ရခိုင်ပြည်တောင်ပိုင်း တစ်ခွင်၌လည်းကောင်း၊ စစ်တွေကျေးလက်နှင့် ရသေ့တောင်၊ ဘူးသီးတောင် တစ်ခွင်၌လည်းကောင်း၊ နယ်ချဲ့ဆန့်ကျင်ရေး ၀ံသာနုတရားများ ဟောပြောခဲ့ခြင်းကို ဆရာတော်ပြည့်စုံစွာ မသိခဲ့ပေ။ ဦးနန္ဒမာလာ သည် ဦးထွန်းစိန်အဖြစ် လူဝတ်လဲပြီးနောက် ဆရာတော်၏ တကာတပည့် ရှေ့နေဦးမြထွန်းနှင့် ဆွေးနွေး ညှိနှိုင်းပြီး ““ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်”” ကို ၁၉၃၁-ခု၊ နိုဝင်ဘာလ၌ စည်းရုံးဖွဲ့စည်းနိုင်ခဲ့၏။ ဦးထွန်းစိန်တစ်ဦးတည်းက ဆရာတော်၏ နယ်ချဲ့ဆန့်ကျင်ရေးတရားများကို မင်းပြားမြို့နယ်တစ်ခွင် ၌ ဖြန့်ဖြူးနိုင်ခဲ့၏။ ထိုအချက်များကိုလည်း ဆရာတော် ပြည့်စုံစွာ မသိခဲ့ရှာပေ။
အကြောင်းမှာ ဆရာတော်သည် ၁၉၃၁-ခု နောက်ပိုင်းကာလမှစ၍ ပျံလွန်တော်မူသည်ထိ ရခိုင်ပြည်သို့ မကြွရောက်နိုင်ခဲ့သောကြောင့် ဖြစ်လေသည်။
ထိုအချက်များသာမက ရခိုင်တိုင်းလုံးဆိုင်ရာ ကြီးပွားရေးအဖွဲ့ချုပ်သည် ညီနောင်အဖွဲ့တစ်ခုဖြစ်သော တိုင်းရင်းသားအစည်းအရုံးနှင့် တညီတညွတ်ပေါင်းစည်းပြီး “ရခိုင်တိုင်းလုံးဆိုင်ရာ တိုင်းရင်းသားအစည်းအ ရုံး” အဖြစ် ဖွဲ့စည်းနိုင်ခဲ့သည်ကိုလည်း ဆရာတော် မသိခဲ့ရှာပေ။ ထိုဝမ်းမြောက်အားရဖွယ် နိုင် ငံရေးနိုးကြားမှု အခြေအနေများ ကို စုံလင်စွာသိခဲ့ပါမူ ““ငါ့ဇာတိ ရခိုင်ပြည်ကို နိုင်ငံရေးအလင်းရောင် မပေးနိုင်ခဲ့”” ဟူသောဝမ်းနည်းစကားကို ဆရာတော် မိန့်ကြားခဲ့မည် မထင်ပါ။
ဆရာတော်သည် ရခိုင်ပြည်နိုင်ငံရေးလှုပ်ရှားမှုများနှင့် မည်မည်ရရ မပါဝင်နိုင်ခဲ့သည်မှာ မှန်ပါသည်။ သို့သော် မီးတစ်တိုင်မှ တခြားမီးတိုင်များကို မီးကူးနိုင်သည့်ပမာ ဆရာတော်ထံမှ ဦးနန္ဒမာလာအစ ရှိသော နိုင်ငံရေးမီးတိုင်များပွားပြီး ရခိုင်တစ်ပြည်လုံး နိုင်ငံရေးအလင်းရောင် ပေးနိုင်ခဲ့သည်ကို မည်သူမျှငြင်းနိုင်မည် မဟုတ်ပါ။
ဆိုရှယ်လစ်တော်လှန်ရေး သဘောတရားများသည် လီနင် ဦးဆောင်သော မဟာအောက်တိုဘာ ဆိုရှယ်လစ်တော်လှန်ရေး အောင်ပွဲကြောင့် တစ်ကမ္ဘာလုံးသို့ ဂယက်ရိုက်ပျံ့နှံ့ခဲ့ရသည်ဟု ကမ္ဘာ့သမိုင်းတွင် မှတ်တမ်းတင်ကြရ၏။
အိန္ဒိယကွန်ဂရက်၏ နိုင်ငံရေးအယူအဆနှင့် နည်းပရိယာယ်တို့သည်လည်း ဆရာတော်ဦးဥတ္တမမှ တစ်ဆင့် မြန်မာနိုင်ငံသို့ ဂယက်ရိုက် ပျံ့နှံ့ခဲ့သည်။ မြန်မာ့သမိုင်းပြုစုသူများ မှတ်တမ်းတင်ကြရ၏။ ထိုနည်း တူ ဆရာတော်ဦးဥတ္တမ၏ နိုင်ငံရေးအယူအဆနှင့် မြန်မာနိုင်ငံရေး နိုးကြားလှုပ်ရှားမှုတို့သည်လည်း ဦးနန္ဒမာလာ၊ ဦးမြထွန်းအစရှိသော ဆရာတော်၏ ကိုယ်ပွားတပည့်များမှတဆင့် ရခိုင်ပြည်သို့ ဂယက်ရိုက် ပျံ့နှံ့ခဲ့သည်ဟု ကျွန်ုပ်တို့ မှတ်တမ်းတင်လျှင် လွန်မည်မထင်ပါ။
ဤမှတ်တမ်းစကားဖြင့်ပင် ဆရာတော်အား ဤရာပြည့်နှစ် ဘကြီးဦးထွန်းစိန် (ဦးနန္ဒမာလာ)ကိုယ်စား ချီးမြှောက်ပူဇော်ပါသည်။
ဦးထွန်းစိန်ကား ၁၉၇၃-ခုတွင် ကွယ်လွန်ခဲ့ရှာပြီ။ ဦးထွန်းစိန်ကဲ့သို့ ဆရာတော်ကိုသိသူ၊ ဆရာတော်၏ နိုင် ငံရေးတရားကို နာဖူးသူ၊ ဆရာတော်ကို ကြည်ညိုသူတို့ကလည်း မိမိတို့၏ မှတ်သားချက်များကို ဖော်ထုတ် မှတ်တမ်းတင်ပြီး ဆရာတော်အား ဂုဏ်ပြုပူဇော်သင့်ပါသည်။
ဆရာတော်၏ ကျေးဇူးတရားများကား ကျွန်ုပ်တို့တပည့် သား မြေးများအပေါ်၌ ဆပ်မကုန်နိုင်လောက်အောင် ကြီးမားလှသည် မဟုတ်ပါလား။
မောင်ဗသိန်း
မှတ်ချက်။ ဤဆောင်းပါးကို ရခိုင်ပြည်နယ်စာစောင် အမှတ် (၁၀)၊ ၁၉၈၁-၌ ဖော်ပြဖူးပါသည်။
မောင်ဗသိန်ရေးသားသော ရခိုင်စာအရီးအသားနှင့် ပြဿနာများစာအုပ်မှ-
No comments:
Post a Comment