ရင်အုံပေါ်မှာ အီကွေတာ ကခုန်
ကျောရိုးထဲ ၀င်ရိုးစွန်း ပုန်းနေတဲ့မြို့။
မန္တလေးကိုစာဖွဲ့တဲ့ "ကစ်ပလင်း" မသိ
ပုဂံကိုစာဖွဲ့တဲ့ "ဇော်ဂျီ" စာမသိတဲ့ ငါ့မြို့လေ။
မီးလောင်ပြင်ထဲက
မီးသွေးထက်ဝက် အိမ်တိုင်တွေလို
မိုးခေါင် ကပ်ဆိုက်တဲ့ခါ
မြေမှာဒူးထောက် ကောင်းကင်ကို တိုင်တည်တဲ့
ကမ္ဘာဦးလူသားတွေလို
မြို့ရိုးတံတိုင်းပျက်တွေနဲ့ ငါ့မြို့၊
သားမြတ်ပုံ တောင်မြေမို့မို့တွေအောက်မှာ
ရာဇ၀င်နို့ရည်တွေ စမ်းဖြစ်နေတဲ့မြို့၊
၁၈ ရာစု တီကောင်တွေ
ကျောက်ရုပ်ကြွင်းဖြစ်နေတဲ့မြို့၊
ငါ့မြို့လေ ငါ့မြို့အစစ်ပါ။
ဓနိရည်ပေါတယ် ခြင်ပေါတယ်
ဆင်းတုတော် အကျိုးအပဲ့တွေ ပေါတယ်
စေတီပျက် ပုထိုးပျက်တွေ ပေါတယ်
သဇင်ဥတွေ ရှားလွန်းပြီ
ကြိုးကြာတွေပြုန်းလုပြီ
ဂျပန်စာလို အင်တီနာတွေ ပိုလာရဲ့
သူ့ခမျာ မီးခိုးတိုင်မရှိရှာဘူး။
အမေလို
ငါ့နှလုံးသားကို ယဉ်ကျေးမြင့်မြတ်စေတာ
မြောက်ဦး ဒီမြို့။
သစ္စာတရားလို
ဝိညာဉ်ကို ရဲရင့်ပျော်ရွှင်စေတာ
မြောက်ဦး ဒီမြို့။
ခုတော့ ဦးနှောက်အမှေးရောင်နေတဲ့မြို့
ကိုယ်ခံအား လျော့လျော့နေတဲ့မြို့
ချစ်ရလွန်းလို့ ကြေကွဲနာကျင်ရပြီလေ။
မြို့ရိုးတံတိုင်းတွေကို ဆွဲဆွဲနှုတ်ပြီး
ပင်လယ်ထဲသိမ်းထားမယ်၊
ပြီးတော့ ကဗျာတွေနဲ့ လိုက်နေချင်ရဲ့
ရင်ကွဲရရလွန်းလို့ပါ ငါ့မြို့ရယ်။
မောင်ခိုင်အောင်
ရခိုင်တန်ဆောင်မဂ္ဂဇင်း ၊ အမှတ် ၁၉ (၁၉၉၆)
No comments:
Post a Comment