ရခိုင် ဗဟိုစည်

နောင်---- ဒူ---- နောင်(ဒိုင်း)---- ဟိန်း---- ဟိန်း---- ဟိန်း
ရှေးခေတ် ရခိုင်တို့သည် တစ်နေ့တာကို နာရီ(၆၀)စီဖြင့် ရေတွက်ခဲ့ကြသည်။ ယင်းသို့ ရေတွက်ရာတွင် နာရီ အမျိုးအစားအားဖြင့် သုံးမျိုး ခွဲခြားထားသည်။ (၁) ရေနာရီ၊ (၂) သဲနာရီ၊ (၃) ကြက်နာရီ ဟူ၍ ဖြစ်သည်။ သဲ နာရီနှင့် ကြက်နာရီတို့ကို နေရာဌာန အချို့တွင် သင့်လျော်သော အချိန်ကာလာကို သိနိုင်ရန် အသုံးပြုခဲ့ကြ သည်။ ရေနာရီကိုကား ဌာနအသီးသီး၌ အသုံးပြုခဲ့ကြသည်။ ယင်းသို့အသုံးပြုရန် လိုအပ်သော ပစ္စည်းများကို စုံလင်စွာထားရသည်။

ယင်းတို့မှာ (၁) အ၀န်းအစောက် တူညီစွာ ပြုလုပ်ထားသော အင်တုံကြီး ၃လုံး နှင့် (၂) ကြေးဖလား ၃လုံး တို့ ဖြစ်သည်။ အချိန်နာရီ တိုင်းတာရန် ပဟိုရ်တီးရန် လုပ်သားများမှာ (၁) အင်တုံ ၃လုံးကို စောင့်နေရန် လူ ၃ယောက်၊ (၂) ရေဖြည့်ခြင်း၊ ရေသွန်ခြင်း ပြုလုပ်ရန် လူ ၂ယောက်၊ (၃) ပဟိုရ်တီးရန် လူ ၂ယောက်၊ စု စု ပေါင်း(၇)ယောက် အမှုထမ်းရသည်။ မဟာပဟိုရ်စင်တော်ကြီးမှာမြောက်ဦးမြို့တွင် နန်းတော်မြို့ရိုး၊ တံတိုင်း ၃ထပ်အနက်၊ တတိယမြို့ရိုးနှင့် ဒုတိယမြို့ရိုးကြားတွင် တည်ရှိသည်။

နန်းတော်၏ တောင်ဘက်၌ရှိသော ပေသကူတောင်တွင် တည်ဆောက်ခဲ့သည်။ မြောက်ဦးမြို့တည် သမိုင်း ကျမ်း ဒုတိယတွဲဖြစ်သော (မြောက်ဦးမြို့ ဥပနီသျှကျမ်းတွင်ယင်းတောင်ကို မြောက်ဦးမြို့တည်စဉ်က တောင် အမည်၊ ချောင်းအမည်၊ အရပ်အမည်များကို ခေါ်ဝေါ်ကြရန် မင်းစောမွန်နှင့် အမတ်ပညာရှိ သုခမိန်များ၊ ဟူးရား ဗေဒင်အရာ၌ လိမ္မာသော ပုရောဟိတ်များတိုင်ပင်၍ ဂါမ၊ နိဂါမ၊ ပဗ္ဗတ၊ နဒီ အစရှိသည်တို့ကို နာမ၊ သညာန မင်္ဂလာပွဲပြုလုပ်ပြီး သမုတ်ခေါ်တွင်ခဲ့ကြလေသည်။

ယင်းအချိန်က ယင်းတောင်ကို ပေသကူတောင်ဟု အမည်သမုတ် ခဲ့ကြသည်။ ပဟိုရ်စည်တော်ကြီး ထားရန် စင်တော်ကြီးကို ဆောက်ပြီးမှ ရွှမ်းတောင် (ယွန်းတောင်)ဟု အမည်တွင်လာသည်။ ပဟိုရ် စည်တော်ကြီး ၏ အောက်ခြေအုတ်မြစ်ကို ကျောက်တုံးကြီးများဖြင့် တည်ဆောက်ပြီး ခေါင်မိုးပြဿဒ်ဝယ် ၅ဆင့်မိုး သည်။ လေး ထောင့်ပုံဖြစ်ပြီး စည်တော်ကို ပိတောက်သားဖြင့် ပြုလုပ်ပြီး သားရေကြက်သည်။ စည်တော်ကို တွဲရန် ပွတ် လုံးတိုင်တွင် ပွတ်လုံးတန်းငွေကြိုးဖြင့် တွဲထားသည်။ တွဲခုံတစ်ခုလုံးနှင့် စည်တော်သစ်သား ကို ရွှေပိန်းချ ထားသည်။ စည်တော်တီးရန်လက်ရိုက်မှာ ဆင်သားရေတုံးဖြစ်သည်။ ဗျက်လက်လေးသစ်၊ အရှည်တတောင့် တထွာ ရှိသည်ဟုဆိုသည်။ စည်တော်တီးသည့် အချိန်ကာလကို နန်းတွင်းမိညို၏ "'စည် 'တော်ပဟိုရ်၊ ကျွန်ုပ် ဆိုသား"ချီသော ကိုယ်ရည်သွေးရတု ပိုဒ်စုံတွင် တင်ပြထားသည်။ အကျယ်ကို မဆိုပြီ။ တီးပုံ၊တီးနည်းကိုသာ တင်ပြပါမည်။

စည်တော်တီးပုံ

တစ်ချိန်စည်တီးသောအခါ တစ်ပဟိုရ်ဟုဆိုသည်။ ၄ပဟိုရ်တီး တစ်မောင်းပြည့်သည်။ ၄ပဟိုရ်တစ်မောင်းဟု ဆိုသောကြောင့် မောင်းကြီးတစ်လုံးကို တစ်ချိန်တီးရသည်။ ဤအကြောင်းနှင့် စဉ်လျဉ်း၍ ပဟိုရ်စင်တော် တွင် မောင်းသုံးလုံးရှိသေးသည်။ "ဒူ"ဟုအသံထွက်သော မောင်းတစ်လုံးတို့ ဖြစ်သည်။ ဒူမောင်းနှစ်လုံးတွင် "ဒူဟူဟူ" ဟူ၍ ဟိန်းသံထွက်သော မောင်းတစ်လုံး ရှိသည်။ ဒူ---- ဟူ၍ ရိုးရိုးအသံထွက်သော မောင်းနှင့် "နောင်"ဟူ၍ ရိုးရိုးအသံထွက်သော မောင်းတစ်လုံးတို့မှာ အတိုင်းအတာ အတူတူ ပြုလုပ်ရသည်။ ဤရိုး ရိုး မောင်းနှစ်လုံးသည် အတိုင်းအတာ ၄တောင်ပတ်လည်စီ ရှိသည်။ "ဒူဟူဟူ" ဟူ၍ ဟိန်းသံ ထွက်သော မောင်း ကြီးမှာ ၆တောင်ပတ်လည် ရှိသည်။ ၄ပဟိုရ် တစ်မောင်းပြည့်တိုင်း လက်တံရှည် ခရာကြီးကို တစ်ကြိမ်စီမှုတ် ရသည်။ တစ်ပဟိုရ်ပြည့်သောအခါ နောင်မောင်းကိုတစ်ချက်၊ ဒူမောင်းကို တစ် ချက်၊ နောက်ထပ် နောင် မောင်းကို တစ်ချက်တီးပြီးလျှင် ဆင်သားရေ လက်ရိုက်ဖြင့် ပဟိုရ်စည်တော်ကို တစ်ချက်တီးလိုက်ရသည်။ ယင်းသို့တီးရာတွင် စည်တီးခြင်း၏ အင်္ဂါရပ်နှင့်ညီစွာ အနှေးတီး၊ အလျင်တီး၊( အမြန်တီး၊ စောင့်တီး၊ ချိန်တီး၊ သံပြိုင်တီး)ဟူ၍ အင်္ဂါရပ်များရှိသည်။ ယင်းတို့အနက် ဒူမောင်း၊ နောင်မောင်း တို့ကို တီးခတ်ရာတွင် စောင့်တီး နှင့် အမြန်တီးနှစ်မျိုးကို အသုံးပြုသည်။

ရှေးခေတ်မြန်မာနှင့် ရခိုင်တို့၏ တစ်နေ့စီကို တွက်ချက်၍ နာရီ ၆၀-စီ သတ်မှတ်ထားကြရာတွင် နေ့နာရီ၊ ညနာရီဟူ၍ နှစ်ပိုင်းခွဲထားသည်။ ယင်းသို့ခွဲထားရာ၌လည်း ယခုခေတ်စက်နာရီကဲ့သို့ ၁၂-နာရီ ပိုင်းခြား ထား ခြင်း မဟုတ်ပေ။ ဥတု ၃-ပါးတို့တွင် နေထွက်နေ၀င်ကို အကြောင်းပြု၍ နေ့နာရီနှင့် ညနာရီကို အနည်း အများ ပိုင်းခြားထားကြသည်။ "ပတ်သံတာရှည်တီးသံမြည်" ဟူသောကဗျာ၏ အဆိုအတိုင်း ရေတွက် ခဲ့ကြ သည်။

သို့ရာတွင် ဘာသာရေးနှင့် ယဉ်ကျေးမှုရေးရာ အတွက် အသုံးပြုရန် မွန်းတည့်ချိန်နှင့် သန်းခေါင်ချိန်ကို အဓိ ကပိုင်းခြား ထားခဲ့ကြသည်။ မွန်းတည့်နှင့် သန်းခေါင်အချိန် ကျရောက်လျှင် အချိန်စေ့နာရီကို တီးပြီး နောက် အမြောက်ကြီး တစ်ချက်စီ ပစ်ဖောက်ရသည်။ ဤသို့ ပစ်ဖောက်ခြင်း အားဖြင့် မွန်းတည့် ဆွမ်းစားရမည့် အချိန်ကို သတ်မှတ်ပေးခြင်း၊ အရုဏ်တက်ချိန်တွင် ဆွမ်းပန်းချက်ရန် ဆွမ်းပို့နိုင်ရန် အတွက် အဓိက ပစ်ဖောက်ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော ရှေးခေတ်အခါ၌ လူအများစုနှင့် ရဟန်းသံဃာတော် အများစုတို့မှာ နာရီ တိုင်းတာရန် ခက်ခဲသည်များကို လွယ်ကူစွာ သိရှိနိုင်ရန်အတွက် ဖြစ်သည်။ မျက်မှောက်ခေတ်တွင် စက်နာရီ များ ပေါများနေသဖြင့် အခက်အခဲ မရှိပေ။ ရှေးခေတ်တွင်ကား အခက် အခဲများ ရှိနေခြင်းကြောင့် ဤသို့ အမြောက်ပစ်ဖောက်ရခြင်း ဖြစ်သည်။ ကျွန်တော်တို့ငယ်စဉ်က စစ်တွေ မြို့တွင် မွန်းတည့် ၁၂နာရီတီးလျှင် စစ်တွေမြို့ ဖောင်တော်ကြီးမှ မွန်းတည့်အမြောက် ပစ်ဖောက်ခဲ့သည်။

ရှေးခေတ်နှင့် ကျွန်တော်တို့ ငယ်စဉ်ခေတ်ထိ ဥပုသ်သီတင်း ဆောက်တည်ကြသောအခါ (မွန်းတည့် အမြောက် ဖောက်သံကို နားထောင်၍ မဖောက်မီ ဆွမ်းသုံးကြရမည်)ဟူ၍ ပြောဆိုခဲ့ကြသည်။

ပဟိုရ်တီးပုံနှင့် အသံ ထွက်ပေါ်လာပုံများကို အနည်းငယ် တင်ပြ ပါဦးမည်။ တစ်ပဟိုရ် စေ့သောအခါ နောင်
မောင်းတစ်ချက်၊ ဒူမောင်းတစ်ချက် နောက်ထပ် နောင်မောင်းတစ်ချက်တို့ကို တီးခတ်ခြင်း အားဖြင့် နောင် ---- ဒူ---- နောင်(ဒိုင်း)ဒိန်း---- ဟိန်း---- ဟိန်း---- ဟိန်း---- ဟိန်း ဟူ၍ ထွက်ပေါ်လာ သည်။ အမြောက် ပစ်ပြီးသည့်နောက် စည်ကြီး ၅-မျိုးနှင့် တူရိယာမျိုးစုံတို့ကို တီးမှုတ်ပြီးလျှင် တစ်ချိန်တည်း လက်တံရှည်ခေါ် ခရာကြီးကို မှုတ်ရသည်။

နာရီတိုင်းရန် ခွက်(ဖလား)တို့ ပြုလုပ်ရာတွင် အတိုင်းအတာမှာ အလွန်ညီညွတ်မျှတမှု လိုအပ်ပါသည်။ ယင်းအကြောင်းကို ဖော်ပြထားသော ရခိုင်နာရီကျမ်းတွင် လင်္ကာဖြင့်(ရခိုင်သံဖြင့်) ဤသို့ ရေးထားသည် ကို တွေ့ရပါသည်။

အခါနာရီ၊ ခြင်တွက်လီ၍၊ ထုံးပြီဤသို့၊ လင်္ကာပျို့၌၊ လူတို့မျက်စိ၊ ဆယ်နှိုက်ဟိက၊ တစ်ခဏသာ၊ မှတ်ကုန် ပါလော့၊ ဆယ်ခါခဏ၊ လလယျတည်း၊ လယျ ၁၂-ခါ၊ တခရာတည်း၊ အခရာဆယ်ဖန်၊ တပြန်ဟူသည်၊ အပြန် လေးလီ၊ တပီဇနာ၊ မှန်လှစွာ၏၏ ပါဒ်မူလေးလီ၊ တစ်နာရီတွင်၊ ကြေးနီတပြား၊ ဆယ့်ခြောက်သားကို၊ ယာဝါး စံတူ၊ ကေကင်းဇူလီ၊ လက်သန်းညီဖြင့်၊ ကိုးသစ်ချက်၍၊ အ၀န်းစောက်မှာ၊ ဥပဇာကား၊ သက္ကာစင်စစ်၊ ခုနစ် သစ်လျှင်၊ ခွက်လုပ် ကျင်မှ၊ ဒူဝိဇ္ဇာပါ၊ ဣတ္ထိ ယာ၏။ ကေသာဆံပင်၊ ဆယ့်ခြောက်ပင်ကို၊ ၀င်လောက် ရုံရုံ၊ ဖောက်ပြီးတုံမှ၊ ယင့်မူခဏ၊  ရေဝေချ၍၊ သို့မှမှန်စွာ၊ နှိုက်တခါကို၊ တစ်နာရီမှတ်၊ တစ်မောင်းခတ်ပြီး၊ သူမြတ် ဥာဏ်ရှင်၊ ဗဟိုရ်စင်ဟု၊ ညလျှင်နံနက်၊ ရှေလေးချက်သည်၊ ရေတွက် ၆၀ အမှန်တည်း။ ဟူ၍ ရှစ်ကြောင်း ပေမူ ကီဝမ်းတစ်မျက်နှာတွင် ဆိုထားသည်။

အဖွင့်ကျမ်းတွင် ကြေးခွက်(ဖလား) စစ်စစ်ကိုသာလျှင် ပြုလုပ်ရမည်ဟု ဆိုထားသည်။ ယင်းကြောင့် ကြေး ဖလား ၀မ်းတည့်တည့်တွင် အပေါက်ငယ် မိန်းမတို့ဆံပင် တစ်ဆယ့်ခြောက်ပင် ၀င်ရုံသာဖောက်ရမည်ဟု ဆိုပေသည်။ နာရီတိုင်းတာသော ကြေးအပ် အင်တုံသုံးလုံးတွင် ပထမအင်တုံ၌ ကြေးဖလားတို့ ထည့်ရသည်။ အပေါက်ငယ်မှ ၀င်သောရေများ ပြည့်လာသောအခါ ကြေးဖလား နစ်သွားသည်။ နစ်လျှင် တစ်နာရီပြည့် သည်။ နစ်လျှင်နစ်ချင်း ဒုတိယ အင်တုံတွင် လူက ဖလားတစ်လုံး ထည့်လိုက်ရသည်။ ပထမလူ က မြုပ်နေ သော ကြေးဖလားကို ယူနေစဉ် အချိန်ကြန့်ကြာခြင်း မရှိရအောင် ဒုတိယလူက ချက်ချင်း ထည့်ရခြင်း ဖြစ်ပါ သည်။ ဒုတိယဖလားနစ်လျှင် တတိယဖလား ထည့်ရသည်။ တတိယဖလားနစ်လျှင် ပထမလူက ပြန်စသည်။ ဤနည်းအားဖြင့် အချိန်နာရီများကို တိတိကျကျ တိုင်းယူခြင်းဖြစ်သည်။ နေ့ပိုင်း တာဝန်ကျသော သူတို့နှင့် ညပိုင်း တာဝန်ကျသော သူတို့ကို ခွဲခြား၍ ခန့်ထားရသည်။ ဤသို့လျှင် ရှေးခေတ် ရခိုင်တို့၏ ပဟိုရ်နာရီများကို တီးခတ်ခဲ့ကြလေသည်။

မြောက်ဦးမြို့တော်၏ ပဟိုရ်စင်တော် နာရီ ဆောက်ခဲ့သော ရွမ်းတော် တောင်ထိပ်တွင် စာရေးသူ ငယ် စဉ် ကျောင်းသားဘ၀၌ အခြေခံ ကျောက်တုံးများ ရှိသေးသည်။ ဗြိတိသျှခေတ်တွင် မြောက်ဦးမှ လူကြီး အချို့တို့ သည် အပျော်တမ်းကလပ် (Club)တစ်ခု ဖွဲ့စည်း တည်ထောင်ခဲ့သည်။ ပျဉ်းကတိုးတိုင်၊ သွပ်မိုးပျဉ် ကာ အဆောက်အအုံ တစ်ခု ဆောက်သည်။ ယင်းအဆောက်အအုံ ဆောက်ရန်အတွက် အဆို ပါ ကျောက် တုံးကြီး များကို ဖြိုဖျက်၍ အရှေးဘက်သို့ တွန်းချခဲ့ကြသည်။ အတော်အတန် ကျန် ရှိနေသော ကျောက်များ ကိုလည်း ကျောင်းသားအချို့က ဒုံးတိုက်တမ်းစကားသည် ဆိုကာ တောင်ပေါ် မှ ကျောက်တုံးကြီးများ ကို တောင်အောက် သို့ တွန်းချတမ်းကစားခဲ့ကြသည်။ ကျွန်တော်လည်း သမိုင်းတန်ဖိုး နားမလည်သေး၍ တစ်တုံး၊နှစ်တုံး တွန်း ချခဲ့မိသည်။ အိမ်သို့ရောက်လျှင် ကျွန်တော်၏အဘိုးက ဆဲဆို တားမြစ်ပြီး သမိုင်း တန်ဖိုးကို ပြောပြသဖြင့် နားလည် သွားခဲ့ပါသည်။ တောင်အောက် သို့ ရောက် သွားသော ကျောက်များကို အချို့ပုဂ္ဂိုလ်တို့ သယ်ယူ သုံးစွဲသော်လည်း တောင်ခြေရင်းနှင့် နံဘေးတွင် ကြီးမားလှ စွာသော ကျောက်တုံး များကို ယနေ့ထိ ရှိနေ ပါသေးသည်။ တောင်၏ အခြေအနေမှာ လည်းမြောက်ဘက် သို့ ထိုး ထွက်နေသော တောင်စွယ်မှာ ကျောက် သားတောင်ဖြစ်သည်။ ပေ-၅၀ခန့်မြင့် သည်။ ယင်းတောင်စွယ်နှင့် တစ်ဆက်တည်း တောင်ဘက်သို့ ပေ-၃၀ ခန့်အမြင့်တွင်ဗဟိုရ်စည်ကို ထားခဲ့ သည်။ မြေသားတောင်ဖြစ် သည်။အထဲ၌ကျောက်အတိဖြစ်သည်။ ဗြိတိသျှ လက်ထက် တွင် တောင် ညိုတောင်စွယ်၏ ထိပ်ပြင်သည် အလျား၊အနံ ပေ-၁၀၀ကျော်စီ ရှိသည်။ တောင်ကိုဖြို၍ လမ်းခင်းခြင်းကြောင့် ၃-ပုံ ၂-ပုံခန့် ပျက်စီး သည်။ တောင်ထိပ်ကြီးမှာကား နဂိုအတိုင်း ရှိသေးသည်။ မူလပထမ မင်းစောမွန် အမည်သမုတ်ခဲ့စဉ် (၁) ပေသကူတောင်၊ (၂) ဗဟိုရ်စင်တော် တည်ဆောက်ပြီး နောက် ရွမ်းတောင်(ယွန်းတောင်)၊ (၃) ဗြိတိသျှ လက်ထက် ကလပ်(Club) ဆောက်သောအခါ ကလပ် တောင်၊ (၄) ကလပ်ပြိုပြီးနောက် မူလနာမည်အတိုင်း ရွမ်းတောင်(ယွန်းတောင်) အမည်တွင်နေပါသည်။

ဤကား ရခိုင်တို့၏ ဗဟိုရ်စည်တီးခတ်ပုံ၊ နာရီရေတွက်ပုံ၊ နာမည်များ အဆင့်ဆင့်ပြောငးလဲခေါ်ဝေါ်ပုံ၊ အဆောက်အအုံဆောက်ခဲ့ပုံ၊ ပြိုပျက်သွားခြင်းနှင့် တောင်ထိပ်၏ ထိပ်ပြင် ကျဉ်းမြောင်းသွားခြင်း စသည် တို့ ဖြစ်ပါသည်။ သုတေသီတို့သည် ပေ၊ပရပိုက်၊ လက်ရေးမူတို့၌ ရေးသားထားခဲ့ကြသော သမိုင်းစဉ်များကို ဖတ်ရှုကာ မြောက်ဦးမြို့သို့ ကွင်းဆင်းလေ့လာကြသည်။ စာဆိုအတိုင်း တစ်ခုမျှ မဟုတ်ပါတကား။ မညီ ညွတ်ပါတကားဟူ၍ အထင်အမြင်မှားသွားမည်။ ယင်းသို့ အမြင်မမှားစေခြင်းငှာ ကျွန်တော့်အနေနှင့် သမိုင်း မှတ်တိုင်နှင့် သမိုင်းရုပ်ကြွင်းများကို စာတွေ့၊ ပေတွေ့နှင့် မျက်မြင်တွေ့ရှိသော အချက်အလက်တို့ကို တင်ပြ လိုက်ရခြင်းပင် ဖြစ်ပါသည်။

ဦးသူရိယ (မြောက်ဦး)

သုတပညာ တိုးပွားကြပါစေ။
ရခိုင်မဂ္ဂဇင်း၊ ၁၉၈၇-ခု။

( ဦးဦးသာထွန်း(ရခိုင်-မြန်မာ ပဏ္ဍိတ်) ရေးသားသော ရခိုင်တန်ဆောင် ဆောင်းပါးများမှ- )

No comments:

Post a Comment