ရခိုင်သာခြင်း

သာခြင်းကို ရခိုင်ကဗျာဆရာများ အများဆုံး သီကုံးဖွဲ့ဆိုခဲ့ကြသည်။ ရခိုင်သာခြင်းသည် ရှေးဦးစွာ ကျေး လက် တောဒေသကို အခြေခံသော တေးသီချင်းတစ်ခုဖြစ်သည်။ သို့သော်လည်း နှောင်းကာလတွင် နန်းတော်သွင်း ကဗျာတစ်ခုအဖြစ် နယ်ကျယ်လာသည်။ မြောက်ဦးခေတ် မင်းဗာကြီး (ဂေါစာ ၈၉၃-၉၁၅) လက်ထက်တွင် ၀ိမလအမတ်ကြီးက သတ္တာနု ကော်ကာနု စသော အနုဇာတ်ဝတ္ထုများကို သာခြင်းဖြင့် ဖွဲ့ဆိုပြီး နားတော်သွင်း ခဲ့သည်။

အင်းဝ၌ အနောက်ဘက်လွန်မင်းတရားကြီးလက်ထက်တွင် ဂေါစာ(၉၂၇)ခုနှစ်လောက် ဇေယျရန္တမိတ်က ဥတေနသာခြင်း၊ ပဋာစာရီသာချင်း၊ စိဉ္ဇာမာန၀ိကာ သာချင်းတို့ကို ဆက်သွင်းခဲ့ကြောင်း တွေ့ရှိရသည်။ သို့ သော်လည်း သာချင်းနှင့် သာခြင်းကို ရောထွေးမသွားစေလိုပါ။ ဇေယျရန္တမိတ်သာချင်းမှာ ရခိုင် သာခြင်း များ နှင့် ကာရံအအုပ်အခံ အကွာအလှမ်းချင်း ခြားနားသည်။ အောက်တွင်ဖော်ပြထားသော ဇေယျရန္တမိတ် သာချင်းနှင့် ရခိုင်သာခြင်းတို့ကို နှိုင်းယှဉ်စေလိုပါသည်။

"ဤစာ သက္ကရာဇ်၊ ဘုန်းတော်သစ်၊ နှစ်နှစ်ဆယ်ကျော်၊ ရာကပေါ်လျက်၊ သက်တော်ရှည်မူ၊ ပန်ထွာပြု သည်။ အောင်ဆုဆင်မှ၊ မင်္ဂလာကြီး၊ ဟောစာကြိယာ၊ သြဘာကျူးဟိတ်၊ ဇမ္ဗူတိတ်တွင်၊ နိမိတ်အရှည်၊ နိုင်ငံ စည်သည်ဟု၊ နတ်ပြည်ကြွညောင်း၊ ဘေးတော်လောင်းတို့၊ ဗောင်းစလွယ်အပ်၊ စွဲရွှေယပ်နှင့်၊ ခ၀ပ်ကြည်ရွှင်၊ မင်း ယင်ပြင်မှာ၊ လျှောက်တင်ခြီရသည့်" (မင်းဇေယျရန္တမိတ် ရေးဥတေသန သာချင်းမှ)

"လှမ်းချီကြကေ၊ ရာဇာရာဇာ၊ မိတ္ထီလာတွင်၊ ရတနာတံဆိပ်၊ ညီးလူလူနှင့်၊ ထီးဖြူရိပ်မှာ၊ ကိုးကျိပ်ကိုးပါး၊ အ ပြည် ပြည်က၊ ရောက်သည်များမှာ၊ တပါးတွက်တာ၊ မစွေပါ၊ ပင်လယ်ပတ်ဝန်း၊ သီဟဠဆို၊ စိမ်းမြညိုကေ၊ သိန်းဃိုဠ် ကျွန်းကို၊ စံမြန်းစိုးခြင်း၊ လွန်ကြီးကျယ်ကေ၊ ခေါင်းဆယ်လုံးဟု၊ ဘီလူးမင်းက၊ သတင်းစကား၊ ပွဲကြီး လည်းခံ၊ လေးတင်ရန်ကို၊ သန်သန်းကြားကို၊ ရထားပေါ်တက်၊ ဘယက်တန်းဆာ၊ ဒွါဒရာကို၊ ဆက် ကာတက်လို့၊ ဇနကသည်းအူ၊ သီဒါဖြူကို၊ ငါယူတော့မည်၊ ငါထက်သည်သာ၊ ရာဇာထိလျှင်၊ မချိချေဟု၊ ကြီးကျယ်တန် ခိုး၊ အား ကိုကိုးလို့၊ ထက်မိုးကသာ၊ ယာဉ်ရထားနှင့် သွားပါလေ၊ မိတ္ထီလာပြည်၊ ရောက် တုံလေသော်၊ စာသူ ငယ်ကြား၊ ဠင်းဒနားသို့၊ မင်းများအလယ်၊ ပြည်သိန်းဃိုဠ်လေ၊ ထိုဘီလူးမှာ၊ ရွှင်မြူးနေသော်၊ ဗိုလ်ခြေတစ် ထောင်၊ လေး စွန်ဒေင်ကို၊ ဦးဆောင်ကိုင်မ၊ မိတ္ထီလာမြို့သူများ ဗိုလ်လူတို့၊ လူလာကျရေ" (တန်ခိုးဆရာထွန်း ရေး ရာမ သာခြင်းမှ-)

ဤအထက်ပါ ဇေယျရန္တမိတ်၏ ဥတေနသာချင်းနှင့် တန်းခိုးဆရာထွန်း၏ ရာမသာခြင်းကို နှိုင်းယှဉ်ကြည့်က ဗမာသာချင်းနှင့် ရခိုင်သာခြင်းတွင် ခြားနားကြောင်း သိသာနိုင်ပါသည်။

ရခိုင်သာခြင်းများကို အစပထမ၌ သီဆိုရုံသက်သက်မျှ လည်းကောင်း၊ ထို့နောက် သီဆိုမှုနှင့် တူရိယာရော လည်းကောင်း၊ ထို့နောက် သီဆို တီးမှုတ်မှုနှင့် ကကွက် ကဟန်ကိုပါရေ လည်းကောင်း ဖန်တီးလာခဲ့ဟန် ရှိ သည်။ ပင်းခူးသာခြင်းမှာ ကကွက် ကဟန်နှင့် ယှဉ်တွဲ သီဆိုသော သာခြင်းတစ်မျိုးပင်ဖြစ်သည်။

သာခြင်းများကို အကြောင်းအရာအလိုက် အတိုအရှည်အလိုက် အမျိုးမျိုး ဖွဲ့ဆိုကြသည်။ တိုက်သာခြင်း၊ ဇမ်း သာခြင်း၊ သာစွလေ၊ ဟန်စွလေ၊ ပိုဒ်စုံသာခြင်း စသည်တို့ကို ခပ်တိုတို စပ်ဆိုကြ၊ ဇာတ်ဝတ္ထုဖွဲ့သာခြင်းများကို ရှည်လျားစွာ စပ်ဆိုကြသည်။

ရခိုင်စာဆိုများသည် ၀တ္ထုဇာတ်လမ်းများကို သာခြင်းဖြင့် ခေတ်အဆက်ဆက် ဖွဲ့ဆိုခဲ့ကြသည်။ မြောက် ဦးခေတ် တွင် အမတ်ကြီးဝိမလ၊ စာဖတ်သက် ဦးဒိုးဝေ၊ လောကမာန်အောင် ဆရာတော် စသည်တို့ သာခြင်း များကို ဖွဲ့ဆိုရေးသားခဲ့ကြသည်။ ဗြိတိသျှခေတ်တွင် ဆရာမောင်သာအောင်၊ မောင်ယောက်ကေ၊ ဆရာထွန်း လှ၊ တန်ခုးဆရာထွန်း၊ ဆရာဦးအောင်ထွန်း၊ သာချမ်းဦးဘ စသည်တို့ သာခြင်းများကို ဖွဲ့ဆိုရေးသားခဲ့ ကြ သည်။

ရခိုင်တောကျေးလက်များတွင် ဆန်ဖွတ်၊ မောင်းနင်း၊ ငါးရှာ၊ ဟင်းခူးပါမကျန် သာခြင်းသံ တညံညံဖြင့် ရခိုင် သူ ရခိုင်သားများ သီဆိုကြသည်။

"မေရို့မှာလေ၊ ပျော်ပါကတ်မေ၊ လုံပျိုမေလေ၊ အရွယ်ချင်းချင်း၊ ရွဲ့သာခြင်းနှင့်၊ လမင်းစန္ဒာ၊ လောင်းရိပ်သာ တွင်၊ ပျော်ရာတစ်ကြောင်၊ မေရို့မှာလေ၊ ဖော်အပေါင်းနှင့်၊ ဆန်မောင်းနင်းရေ။"

နွားကျောင်း၊ ကျွဲကျောင်း၊ ဖောင်စီး၊ တလင်းနယ် စသော လုပ်ခင်း ကိုင်ရာများ တို့၌လည်း ရွဲ့သာခြင်းများကို သီဆိုလေ့ရှိကြသည်။

"ဇာတ်ရွဲ့ကေညံ၊ ပျော်ပါးသံကို၊ ကြားပြန်လတ်ကေ၊ မောင်လူပျိုမှာ၊ သည်းခြီစိမ့်ကေ၊ ငြိမ့်ရေလေ။"

သာခြင်းဆိုခြင်း၊ သာခြင်းတတ်ခြင်းသည် ဂုဏ်ရှိသည်။ သာခြင်းကို ပွဲကြီးလမ်းကြီးလုပ် သီဆိုခဲ့ကြသည်။ သာ ခြင်းတတ်တို့ကလည်း သာခြင်းသီဆိုမှုဖြင့် အသက်မွေးမှု ပြုနိုင်ခဲ့ကြသည်။ တစ်ပြည်လုံးကို လှည့်လည်ကာ သာခြင်းဆိုခြင်းဖြင့် အသက်မွေးသူများရှိခဲ့ကြသည်။

"အသက်မွေးရန်၊ ဥာဏ်ဖြင့်ကြီကေ၊ အသံနှင့်ရင်၊ အများတကာ၊ နားသောတမှာ၊ နာပျော်ညှင်းအောင်၊ သာ ခြင်းကိုသင်၊ ဆရာသျှင်မှာ၊ စုံလင်ပြည့်ဝ၊ ဆင်ပြလေပြန်၊ စမကျန်ကေ၊ အတန်ရက၊ ဓနကြေးငွေ၊ ရချင်ပေ။ ပြည်ကိုလှည့်ပတ်၊ ညှိုးမသုန်ကေ၊ ဂုဏ်သတင်းနှင့်၊ သာခြင်းတတ်ဟု၊ ရပ်အဖြာဖြာ၊ အရွာရွာမှာ၊ ပျော်ပါတုံ လျ့က်"

ယောက်ျားသာခြင်းတတ်များ သာမက အမျိုးသမီး သာခြင်းတတ်များလည်း ပေါ်ပေါက်ထွန်းကား ခဲ့သေး သည်။ အမျိုးသမီးများသည် ယောက်ျားများနှင့် တန်းတူပင် ပရိသတ်အလယ်တွင် ယှဉ်ပြိုင် သီဆိုလျက် သာ ခြင်း အတတ်ဖြင့် အသက်မွေးခဲ့ကြသည်။

"အသက်မွေးရန်လေ၊ ဥာဏ်နှင့်ရင်းလို့၊ သာခြင်းကိုသင်၊ ပြည်ခွင်လှည့်ပတ်၊ သူမြတ်တို့ထံ၊ အသုံးခံကေ၊ အကျွန်မေမှာ၊ အတန်ကြာလို့"

သာသာယာယာ ငြိမ့်ငြိမ့် ငြောင်းငြောင်းနှင့် နားထောင်ကောင်းသော တေးသီချင်းတစ်မျိုး ဖြစ်ခြင်းကြောင့် သာခြင်းဟုခေါ်သည်ဟု ယူဆရသည်။ သာခြင်းသည် ရခိုင်ပြည်နယ်တွင် ရှေးပဝေဏီအခါကပင်ရှိသော သာ ခြင်းစပ်နည်းများဖြင့် စပ်ဆိုထားသည်ကိုလည်း တွေ့ရှိရသဖြင့် သာခြင်းမှာ ရှေးကျသော သီချင်း တစ်ခု ဖြစ်ကြောင်း ထင်ရှားလှသည်။ ရခိုင်ပြည်နယ်တွင် ယခုတိုင်အောင်ပင် သာခြင်းများကို ဖွဲ့နွဲ့စပ်ဆိုလေ့ ရွတ် ဖတ်သီဆိုလေ့ ရှိသေးကြောင်း တွေ့ရှိရသည်။

ဗမာသာချင်းကို ခကွေးယပင့်နှင့် ရေးကြသော်လည်း ရခိုင်သာခြင်းကိုမူ ရခိုင်အသံထွက်အရ ခကွေးရရစ်နှင့် ရေးကြသည်ကို သတိပြုစေလိုပါသည်။

အရှင်စက္ကိန္ဒ (ရခိုင်ယဉ်ကျေးမှုများ အမှတ်(၉)မှ-)

No comments:

Post a Comment