ကိုယ်ဝန်အတွက်ရှောင်စရာ
ရခိုင်လူမျိုးတို့တွင် မွေးစအချိန်မှစ၍ မင်္ဂလာမှုပြုလုပ်ရသော ဓလေ့ထုံးစံများ ရှိကြသည်။ မိန်းမများ ကိုယ်ဝန် ဆောင်လျှင် လင် ယောက်ျားများသည် အသုဘတို့တွင် အလှူငွေ မထည့်ရချေ။ မသာ လူသေအလောင်း ကောင်နှင့် စပ်ဆိုင်သော ကိစ္စများတွင် ၀င်ရောက်ကိုင်တွယ်ခြင်း မပြုလုပ်ရပေ။ တစ်ချို့တွင် ပေါက်တူး၊ဓါးမ၊ သေတ္တာ၊ ဖျာအခင်းများ မသွင်းရ မ၀ယ်ရချေ။ အိမ်ရာအသစ် ဆောက်လုပ်ခြင်း အိမ်ရာမြေ ၀ယ်ယူခင်း မပြု ရချေ။
မွေးဖွားစဉ်ဓလေ့
အချို့သော ရခိုင်အမျိုးသားများသည် မိမိအိမ်တွင် ကလေးမျက်နှာမြင်ရှိလျှင်ပင် ထိုအိမ်က ချက်ပြုသော ထ မင်းကို မစားတော့ချေ။ လောကီပညာ လက်ဖွဲ့အင်းအိုင် အသုံးပြုရှိကြသူများမှာ မွေးဖွားအိမ်ကို ရှောင်လေ့ ရှိကြပါသည်။ထိရှပွန်းပဲ့၍ ဒဏ်ရာရသော်လည်းကောင်း၊ အနာပေါက်နေသော်လည်းကောင်း၊ မွေးဖွားအိမ်သို့ ၀င်မိပါက ကင်းပွန်းသင့်သည်ဟု ယူဆကြသည်။ အနာယောင်ယမ်း(ရောင်ယမ်း) လာသည်ကိုပင် ကင်းပွန်း သင့်သည်ဟု ဆိုကြသည်။
မွေးဖွားရာဌာနမှ မထွက်ခွာမီ မွေးခန်းထဲတွင် ရှိနေခိုက်ကို မွေးတွင်း(မွီးတွင်း)ဟု ခေါ်သည်။ မွေးဖွားပြီးစ သားသည်မိခင်များသည် မီးကင်လေ့ရှိကြသည်။ ထိုမီးကင်စဉ်ကာလ(၀ါ) မီးကင်ခြင်း မပြတ်ကင်းမီကို စွဲ၍ မီးတွင်းဟုလည်း ခေါ်သည်။ ကလေးမွေးဖွားသော အမျိုးသမီးအား မွေးမ(မွီးမ)ဟု ခေါ်တွင်လေ့ရှိသည်။ မွေးဖွားရာဌာနတွင် မွေးမအား အမြဲစောင့်ကြပ်ရသည်။ အစားအစာများနှင့် အသုံးပြုစရာများပါ သီးခြား ပေး ထားလေသည်။ ဆွေမျိုးတော်စပ်သော မိန်းမများဖြစ်စေ၊ အိမ်နားနီးချင်းစပ်သော မိန်းမများကဖြစ်စေ စောင့် အိပ်ရသည်ကို မွီးစောင့် (မီးစောင့်)သည်ဟု ခေါ်သည်။ မွေးမေတစ်ဦးတည်း ထားရှိက မွီးရပ်မ(မရပ်မန) ခေါ်မိစ္ဆာကောင်မက နှောင့်ယှက် ခြောက်လှည့်သည်ဟူ၏။ ထို့ကြောင့် အစောင့်အရှောက်များနှင့်သာမက မရပ်မ မနှောက်ယှက်နိုင်စေရန် အကာအကွယ်များလည်း ပြုထားကြသေးသည်။ အကာအကွယ်အတွက် အိမ်လေးထောင့်တွင် ဇူးခက်များ ချိတ်ဆွဲကြသည်။ သြဇာရွက်များ စိုက်ထားကြသည်။
မွေးဖွားပြီးနောက်
ကလေးမွေးဖွားပြီးနောက် သုံးရက်သို့မဟုတ် ငါးရက်တွင် မွီးထွက်ရသည်။ ၄င်းကို မွီးပစ်သည်ဟုလည်း ခေါ် သည်။ မွီးထွက်မည့် မွီးပစ်မည့်နေ့တွင် တစ်အိမ်လုံးကိုပါ စပါးစေ့များဖြင့် ကြဲဖြန်းသည်။ ထို့ပြင် ဆူးခက် (စ လူခက်)နှင့် ရိုက်ကာရိုက်ကာ နာနာဘာဝများကို နှင်ထုတ်ခြင်းပြုရသည်။ မွေးခန်းတွင်းရှိသမျှ အိပ်ရာအ၀တ် အထည်များကို လျှော်ဖွပ်ရသည်။ အခန်းကိုလည်း စင်ကြယ်အောင် ဆေးကြောရသည်။ ထိုနောက် လက် သည်မက ကလေးကို ရေမိုးချိုးပြီး နားထွင်း(နားသ)သည်။ တချို့မှာ မွေးထွက်သည့်နေ့တွင် နားမထွင်းသေး ဘဲ နောက်မှ သီးသန့် နားထွင်းမင်္ဂလာ ဟူ၍ ပြုလုပ်ကြသည်။
ကင်ပွန်းတပ်၊ ကင်ပွန်းကိုင်
ရှေးက ကင်းပွန်းထွက်သောနေ့ သို့မဟုတ် နားထွင်းသောနေ့များတွင် အမည်ပေးလေ့ရှိကြသည်။ ကင်းပွန်း သီးရည် စသည်တို့ဖြင့် မွေးစကလေးမကို ခေါင်းဆေးမင်္ဂလာပြုသည်။ နာမည်ပေးသည်ကိုပင် ကင်းပွန်းတပ် သည်ဟု ခေါ်ဆိုလေသည်။ မွေးထွက်မည့်နေ့ နေ့လယ်တွင် ဖိတ်ထားသော မိန်းမဧည့်သည်များကို ကျွေးမွေး ဧည့်ခံရသည်။ ဧည့်သည်များကလည်း တတ်အားသမျှ လက်ဆောင်ပစ္စည်းဖြစ်စေ၊ ငွေကြေးဖြစ်စေ ပေးကြ သည်။ ထိုနောက် ဆုမွန်ကောင်းများ ပေးကြသည်ကို "ပသီပေးသည်"ဟု ခေါ်လေသည်။ ကင်းပွန်းအတွက် ဆန်ကောတစ်ချပ်တွင် နနွင်းဆီ၊ ကင်းပွန်းသီးနယ်၍ ကျောက်၊ဓါး စသည်ထည့်လျက် အသင့်စီစဉ်ရှိသည်။ ထိုကိုလာရောက်ကြသော ဧည့်မိန်းမများက အနည်းငယ်စီတို့၍ ရေဆေးပစ်ကြသည်။ ဤသည်ကို "ကင်းပွန်း ကိုင်သည်"ဟု ခေါ်လေသည်။ ထိုနောက် ကလေးအား စတိသဘောဖြင့် ခြေကိုကျောက်တွင်တစ်ခါ၊ ဓါးတွင် တစ်ချက် ထိစေပါသည်။ ကျောက်လိုမာကျိုင်း၍ ဓါးလိုထက်မြက် စေလိုကြောင်း သဘောထားကြပုံရသည်။
အချင်းမြှုပ်ရာ (ချက်မြှုပ်မြေ)
ထို့ပြင် ယောက်ျားကလေး ဆိုပါက မှန်နှင့်ခေါင်းပေါင်းကို လည်းကောင်း၊ မိန်းကလေးဖြစ်က ဘီးနှင့်မှန်ကို လည်းကောင်း ပြသေးသည်။ ထိုနောက် ကင်းပွန်းတပ်သည်နှင့် တစ်ချိန်တည်းတွင် နားထွင်းပေးလေ့ ရှိခဲ့ကြ သည်။ ယခုအခါ ကင်းပွန်းကိုင်လေ့ မပြုကြတော့ဘဲ တပျော်တပါး စားသောက်ပြီးဝမ်းပန်းတသာ အားပါးတရ ပြောဆိုကြကာ ပြန်ကြတော့သည်။ သားသည် မိခင်မွေးမေအား နနွင်လိမ်းကျံပြီး ရေမိုးချိုးစေသည်။ ညနေ တွင် ကလေးငယ်၏ အချင်းကို အိုးသစ်တွင်ထည့်၍ မြေတူးမြှုပ်ပစ်ကြသည်။ ဤသည်ကို "မွီးပစ်"သည် ဟု ခေါ်သည်။ ဟိုကိုစွဲ၍ မွေးရာဌာန၊ မွေးရပ်မြေ၊ မွေးဇာတိကို ချက်မြှုပ်မြေဟု ခေါ်တွင်ခြင်းဖြစ်သည်။
ပုခက်တင်ပြုစဉ်
ထိုနောက် ပုခက်တင်ရသဖြင့် ပုခက်တင် မင်္ဂလာပြုကြရသည်။ ထိုသို့ ပုခက်တင်ခြင်းကို ရိုးရာယဉ်ကျေးမှု တစ်ရပ်အဖြစ်ဖြင့် ပြုလေ့ရှိသည်ကို ဤသို့ ချီးကျူးရေးစပ် ထားရှိလေသည်။
"ရက္ခမဏ္ဍိုင်၊ ပြည်ရခိုင်လေ၊ ရခိုင်ညွန့်ဖူး၊ ကြယ်သောက်ရှူးသို့၊ ကွန့်မြူးဂုဏ်ရောင်၊ သေလာတောင်ဆိုင်း၊ ပြိုင်ကရိုင်းတည့်၊ အုံ့မှိုင်းဝီ၀ီ၊ ကမ်းခြီဒေသ၊ မဏ္ဍလ၀ယ်၊ ၀ံသမျိုးမှန်၊ တန်းခိုးလျှံ၍၊ စိုးစံပိုင်သ၊ ဆိုစဉ်ကပင်၊ အကြင်အိမ်ယာ၊ ဓမ္မတာမှီး၊ သမီးသားသျှေ၊ ထွန်းလတ်တေခါ၊ ရာဇာရာဇ၊ နရိန္ဒက၊ ဒလိဒ္ဓဆုံး၊ တပြုံးရွှင်ရွှင်၊ ပုခက်တင်ကေ၊ မင်္ဂလာခန်း၊ ရီစင်ဖျန်း၍ ထုံးတမ်းစဉ်လာ၊ ခိုင်အမာလေ၊ ရိုးရာမပျက်"ဟူ၍ ဖြစ်သည်။
အဘုသျှေအတွက် ပုခက်တင် ဧချင်းဖွဲ့
ရှေးရခိုင် မြန်မာမင်းများတွင် ပုခက်တင် မင်္ဂလာကို ကြီးကျယ်စွာ ကျင်းပခဲ့ကြောင်း၊ ပုချက်တင် ဧချင်းဖွဲ့များ က သက်သေခံနေသည်။ မြန်မာမင်းများလက်ထက် ပုခက်တင်လွှဲရာ၌ သီဆိုသော ဧချင်းတစ်စောင်ကို လည်း တွေ့ရသည်။ ဧချင်းသက်တမ်းအရ မြန်မာဧချင်း ၁၂စောင်ထက် စောသည်။ ဧချင်းဆိုသည်မှာ ဘုရင် မင်းမြတ်၏ သားတော်၊ သမီးတော်၊ မြေးတော်တို့ကို အိပ်ပျော်စေခြင်းငှာ ပုခက်လွှဲကာ သာယာငြိမ့်ညောင်း နာဖွယ်ကောင်းအောင် ဏကာရန်အစ၊ ဧကာရန်ချလျက် စပ်ဆိုထားသော ကဗျာပင်တည်း။
အတုမင်းညို(အဒူမင်းညို)
ရခိုင်တွင် ပုခက်တင်အရွယ် ကလေးငယ်ကို အဘုသျှေဟုခေါ်သည်။ ထိုပုခက်တင်အရွယ် အဘုသျှေတို့အား ပုခက်လွှဲရန် စပ်ဆိုရသော ဧချင်းစပ်ဆိုသူကို "အတု"ဟူသောအမည်ကို ဂုဏ်ပြုတပ်ဆင်ထားသဖြင့် အတု မင်းညို (အဒူမင်းညို)ဟု မည်တွင်လာခဲ့ရခြင်းဖြစ်သည်။ ဘစောဖြူမင်း၏ သမီးတော်(စောရွှေကြာ) မှောက် တော် ဧချင်းကို အမတ်ကြီးစာဆို မင်းညိုက စပ်ဆိုခဲ့သည်။ ထိုစာဆိုအမတ်ကြီး မင်းညိုကား ပုခက်တင် ဧချင်းကို စပ်ဆိုသူဖြစ်၍ အတုမင်းညိုဟု ခေါ်တွင်ခဲ့လေသည်။
ပုခက်တင်မင်္ဂလာပြုပုံများ
သမိုင်းသုတေသီ ဆရာကြီး ဦးအောင်သာဦးသည် ဘစောဖြူမင်း၏ သမီးတော် ဧချင်း(ရွှေစေတီမူ)ကို ၁၉၇၀ ပြည့်နှစ်က တည်းဖြတ်ထုတ်ဝေခဲ့သည်။ ထိုဧခြင်းကို ရခိုင်ရာဇ၀င်အသင်း သတင်းစာတွင် ထည့်သွင်း ဖော်ပြ ခဲ့သေးသည်။ ထိုအသင်းမှာ ခရစ် `၉၂၉-ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ရွှေစေတီဆရာတော် နာယကဖြစ်ခဲ့ သည်။ ဆရာ ဦးအောင်သာဦး တည်းဖြတ် ထုတ်ဝေသော ရွှေစေတီမူ ဧချင်းစာအုပ် စကားဦး၌ ပုခက်တင် အခမ်းအနား ကိစ္စနှင့် ပတ်သက်၍ ဤသို့ ရေးသားထားသည်ကို ဖော်ပြအပ်ပေသည်။
"ပုခက်တင် မင်္ဂလာအခမ်းအနားသည် ရခိုင်ပြည်နယ်၌ အလွန်ရှေးကျသော ခေတ်ကပင် ဆင်းရဲချမ်းသာ မရွေး လုပ်လေ့လုပ်ထရှိသော အခမ်းအနား တစ်ရပ်ဖြစ်ပါသည်။ မင်း၊ မှူးမတ်၊ သူဌေး၊ သူကြွယ်၊ ကုန်သွယ်၊ လယ်လုပ်တို့၏ သားသမီးများကို မွေးဖွားပြီးနောက် မကြာမီ ပုခက်တင်၍ ပုခက်လွှဲကာ အိပ်ပျော်လွယ်စိမ့် သောငှာ သီခြင်းဖြင့် ဖြေဖျော်သိပ်တတ်သော အလေ့အထရှိခဲ့ကြပါသည်။ ကလေးကိုစ၍ ပုခက်တင်သော အခါ သံဃာတော်အရှင်မြတ်များကို ပင့်ဖိတ်၍ ဆွမ်းပေးပြီးလျှင် မင်္ဂလသုတ်များ အန္တရာယ်ကင်း ပရိတ်တော် များကို ရွတ်ဖတ်ပြီး အမည်နာမပေးကြသည်။
"သူဆင်းရဲတို့အဖို့မှာ နှီးဖြင့်ရက်လုပ်သော ပုခက်၊ ကြေးငွေချမ်းသာသူတို့အဖို့မှာ သစ်သားဖြင့်ပြုလုပ်သော ပုခက်များကို အသုံးပြုကြပါသည်။ မင်းသားမင်းသမီးတို့ အဖို့မှာကား ရွှေငွေရတနာများဖြင့် မွမ်းမံပြုလုပ် သော ပုခက်ကို အသုံးပြုကြကြောင်း ဘစောဖြူမင်း သမီးတော်ဧချင်း အပိုဒ်(၄)တွင်-
"သသန္ဓိံဘိုးနဂ်၊ ညံ့သက်ပင်ခြည်၊ လျားနံရှည်နှင့်၊ နောက်ပြည်မင်းတို့၊ ခွန်ဆက်တို့သား၊ နှစ်လိုချင်စွာ၊ ခါ သာပိတ်အုပ်၊ နတ်လုပ်မယွင်း၊ အောက်နှီးခင်း၍၊ ပေါ်တင်းကြက်ဟန်၊ ဗိတာန်ဆောင်ထား၊ ကိုးပါးရတနာ၊ စီမြွာချယ်ယှက်၊ ရွှေပုခက်ဝ.်၊ ရွှေရွက်လူလူ၊ ရွေခြူသွင်သွင်၊ လက်ငင်ကိုင်အုပ်၊ မျှင်မျှင်တုပ်လျက်၊ တမုတ် ကြိုးကိုင် နှစ်ဘက်ဆိုင်သည်..."ဟူ၍ စပ်ဆိုထားသည်ကို တွေ့ရပါသည်။
ဆိုလိုရင်းသဘောမှာ သိန္ဓတိုင်းပြည်၌ ရက်လုပ်သော ချောမွတ် ညံ့သက်လှစွာသော ခါသာပိတ်ကို အနှီး ခင်း၍ အပေါ်၌ ဗိတောင်ကြက်ကာ ရတနာကိုးပါးဖြင့် စီခြယ်ထားသော ရွှေပုခက်၌ ရွှေရွက်တလူလူ ရွှေခြူ တသွင်သွင် နှင့် ပုခက်လွှဲသောကြိုး (တမုတ်ကြိုး)ကိုလည်း ပုခက်တစ်ဘက်တစ်ချက်၌ တပ်ဆင်ထားသည် ဟူ၍ စာဆိုတော် မင်းညိုသည် ပုခက်ကို သဏ္ဍာန်ဖော်ထားသည်။ အပိုဒ်(၅)၌မူကား ဧချင်းကို စည်းနှင့် ၀ါးနှင့် လက်ခုပ်တဖြောက်ဖြောက်တီးကာ "နာဖွယ်နှစ်သိမ့်၊ နှလုံးငြိမ့်အောင်" သံပြိုင်သီဆိုရကြောင်း ဖော်ပြ ထားသည်ကို တွေ့ရပါသည်။
ရခိုင်ပြည်နယ်၌ အလွန်ရှေးကျသော ခေတ်ကပင် နို့စို့ကလေး သူငယ်များကို နန်းတော်ကအစ ကျေးလက် တောရွာထိ ပုခက်နှင့် သိပ်လေ့ရှိကြ၏။ ယင်းကြောင့် ကလေးသူငယ်များကို ပုခက်လွှဲ၍ဖြစ်စေ၊ ယိုင်း(ဒန်း) စီး၍ဖြစ်စေ အိပ်ပျော်လွယ်စိမ့်သောငှာ သီချင်းသီဆိုသော အလေ့အထရှိလာခဲ့ပါသည်။ ယင်းအလေ့အထ သည် မြို့ကြီးပြကြီးများ၌လည်း ရှိခဲ့ကြပါသည်။ သို့သော် တစ်စတစ်စ ပျောက်ကွယ်သလောက် ဖြစ်လာ ခဲ့သော်လည်း ကျေးလက်တောရွာများ၌ကား အတန်အသင့် တွေ့ရပါသေးသည်။ ယင်းကြောင့်လည်း ထိုသီ ချင်း၊ တေးကဗျာများကို "ကျေးလက် တေးကဗျာများ"ဟူ၍ ခေါ်စမှတ် ပြုကြပါသည်။ ယင်းကျေးလက် တေး ကဗျာများပင် တစ်စတစ်စ ပျောက်ကွယ်လာခဲ့ပြီးဖြစ်သဖြင့် အသျှင်စက္ကိန္ဒ ရှာဖွေစုဆောင်း ပြုစုထားသည်မှာ အားရစဖွယ် ကောင်းလှပါသည်။ ထိုတေးကဗျာများကို ဖတ်ရှုခြင်းအားဖြင့် ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ် လည်း ကောင်းလှပါသည်။
"ယိုင်း" ဆိုသောစကားမှာ ကလေးသူငယ်ကို ရင်ခွင်ပိုက်၍ လူကြီးပါ တက်စီးနိုင်သော ပုခက်တစ်မျိုးဖြစ်ပါ သည်။ ရှေးခေတ်က ယောက်ျား၊ မိန်းမ၊ လူငယ်လူရွယ်များ စီးဖူးကြပါသည်။ နို့စို့အရွယ် ကလေးသူငယ်ကို ရင်ခွင်ပိုက်၍ သီချင်းဆိုကာ သိပ်တတ်ကြပါသည်။ ထို့ကြောင့် ဧချင်းသည် ယခုအခါ ခေါ်ဝေါ်ကြသော ကျေး လက်တေးကဗျာ၊ ရှေးကတောရောမြို့ပါ သီဆိုကြသော တေးကဗျာများမှ မြစ်ဖျားခံကာ ပေါ်ပေါက်လာခဲ့ သည်ဟု ယုံကြည်ရပါသည်..."
ပုခက်လုပ်ရာတွင်
ရှေးက ပုခက်ကိုဝါးနှီးဖြင့် ရက်လုပ်ရာတွင် အကွက်များပေါ်လွင်အောင် ရက်လုပ်သည်။ လူ၊ နတ်၊ ဘီလူး စသည်ဖြင့် ရေတွက်ပြီးလျှင် နတ်ကွက်တွင် ကျစေရန် ရက်လုပ်ရသည်။ တစ်နည်းဆိုလျှင် သုံးခုစီ ရေတွက် ပြီး တစ်ခုစွန်းထားရပါသည်။ ဘီလူးကွက်ကျလျှင် ကလေးကို ဥပဒ်ဖြစ်စေသည်ဟု အယူရှိကြသည်။ ထိုပုခက် ကို တစ်နေ့တည်းဖြင့် အပြီးရက်လုပ်ရလေသည်။
ထို့ကြောင့် ၁၉၇၂-ခုနှစ် တောင်ကုတ်မြို့နယ်မှ "ယိုင်းယိမ်း"တွင် သရုပ်ဖော် စပ်ဆိုထားသည်များကို ဤသို့ တွေ့နိုင်ပေ၏။
နှီးပုခွက်ချေ ပန်းယိုင်ထိုးနန့်
အဘိုးချေရက်လို့ လှလိုက်တေ
နှီးပခွက်ချေ၊ ပုချေစီးဖို့
နိချင်းရက်ချင်း ပြီးလတ်ကေ
(စီကာ-ရီကာ-စီကာထပ်လို့ လူနတ် ဘီလူး ကွက်ထူးဖော်ရေ)၂
အသူ့ယိုင်းစင် မောင့်ယိုင်းစင်
ဘာဘာပီးရေ လျှော်ကြိုးတင်။
ပုခက်တင်သည့်အခါ
ပုခက်တင် မင်္ဂလာပွဲနေ့တွင် ချမ်းသာဆင်းရဲအလျောက် တတ်နိုင်သမျှ ဧည့်ခံ ကျွေးမွေးလေ့ရှိသည်။ ပုခက် တင်မည့်နေ့ကို အခါရွေးပြီး နေ့ကောင်းရက်သာသည့်အခါ နံနက်ဖြားရီ (ဒီရေ)ပြည့်ချိန်တွင် ပြုလုပ်ကြလေ သည်။ ကလေးကို စတိသဘော အောင်မြေကို နင်းစေရသည်။ "လူဖြစ်လေပြီ၊ နေလကြည့်တော့"ဟုဆိုကာ နေ၊လ တို့ကိုပြလေ့ ရှိကြသည်။ ရေစင်ထည့်ထားသော ငွေဖလားတွင် ရွှေစငွေစတို့ကို ထည့်ပြီး ရွှေရည် ငွေရည်ပြုလျက် အပြေခက်ငယ်ဖြင့် ကလေးနှင့်ပုခက်ကိုပါ ပက်ဖျန်းသည်။ ထို့ပြင် ဆုမွန်ကောင်းများပါ ပေးလျက် ပုခက်တင်လွှဲသည်။ ပုခက်တွင်း၌လည်း လင်းလှေတစ်ခက်၊ ဒိုး( ဂုံညင်း)တစ်လက်၊ သံမှိုတစ် ချောင်း၊ ကျောက်ခဲငယ်တစ်လုံးကို ထည့်ထားတတ်ကြသေးသည်။ ဒိုးမှာ အံ့အဲသရဲကိုလည်းကောင်း၊ လင်း လှေမှာ တစ္ဆေမှင်စာကို ကာကွယ်ရန်လည်းကောင်း၊ သံနှင့်ကျောက်တို့မှာ ကျန်းမာခိုင်ခံ့မှုကို ဖြစ်စေရန် ရည်ရွယ်ခြင်းတည်း။ မာန်အောင် သံတွဲ ရမ်းဗြဲဒေသတို့၌ဆိုလျှင် သာခြင်းတတ်မ၊ သို့မဟုတ် အဆိုတတ်သူ များက ယိုင်းသာခြင်း သံပြိုင်ဆို၍ ပုခက်တင်ပွဲတွင် လွှဲငင်ကြသည်ဆို၏။
ပုခက်တင်သာခြင်း
ဤပုခက်တင်သည်ကို ရေးရခိုင်သာခြင်း၌ ဤသို့ ပေါ်လွင်အောင် စပ်ဆိုထားပေသည်။
နိကောင်းရက်သာ၊ အခါမီးလို့၊ မွီးမာတာမှာ၊ ပုခွက်ရှာရေ၊ သားလျှင်ဘုလှ၊ ဆုပြည့်ဝဖို့၊ ပသီးပေါင်းစုံ၊ ဆုကုန် အောင်ပင်၊ ရွှေစင်ငွေစင်၊ ရီစင်ဖျန်းလို့၊ ပီးလတ်တေလေ ပီးလတ်တေ။ ကမ်းဆိပ်နဒီ၊ ဖြားရီဘောင်းပြည့်၊ အချိန်နာရီ၊ ဗဟိုရ်ဟ်စီမှာ၊ ဧယိုင်ပုခွက်၊ သိုင်းကြိုးခက်လို့၊ မိချင်မျက်ရှု၊ သားရွှေဥကို၊ ညံ့နုလှထွတ်၊ တမွတ် ပြောင်ပြောင်၊ ၀မ်းရောင်ပြိုးပြက်၊ ရွှေယိုင်းထက်ဝယ်၊ ကာသိင်္ဂရာဇ်၊ တိုင်းဖြစ်ပုဆိုး၊ လွှမ်းခြုံမိုးကာ၊ များလှမိ ဿံ၊ မောင်းမရလျက်၊ သံပြိုင်သာခြင်း၊ စည်သံညှင်းလို့၊ ဒုံမင်းပလွီ၊ တလီကြေးနင်း၊ ခွက်ခွင်းပတ်သာ၊ တူရိ ယာလေ၊ ကြားကေမ၀၊ ဧချဧတင်၊ ရွှေရင်ပုခွက်၊ နွဲ့လျက်ရွက်ကာ၊ ဧယင့်သာဝယ်၊ စက်ပါပျော်မွိ၊ လွှဲဘိ တည့်လေ၊ ဧလေယင်ယင်၊ ဧယင်ယင်လေး။
သားလှဧယင်
အဘိုးသျှင်ရက် နှီးပုခွက်
အဘာပြင် သျှော်ကြိုးခက်
အဘောင်သျှင်ရို့ လင်းညှိလက်
အထက်ကေခြင်ဆင် ယောင်စောင်းပြင်
အမင်လွှဲ ယိုင်းကြိုးငင်
သားသျှင်ဇူဝေ အိပ်ပါမေ
ဧလည်း ယင်ယင် ဧ...
ဇဝေ...ဝေ ... လေ... ဇဝေေ၀...။
(ရခိုင်သဘာဝတေးကဗျာများမှ)
အံအဲသရဲမဖြစ်စေရန်
ကလေးငယ်ကို နှုတ်လျှာမကောင်းသူများ အံ့အဲသရဲ မပြောဆိုမိရန်လည်း စောင့်ရှောက်ထားလေ့ရှိသည်။ ကလေးငယ်ကို ဖြူဖြူဖွေးဖွေး ဆူဆူ၀၀လေး ချစ်ဖွယ်ကောင်းသနဲ့ဟု ပြင်ပလူများက ချီးကျူးပြောတတ် ကြသည်။ ထိုသို့ အပြောခံရလျှင် အံ့သင့်၊ အံ့ကျတတ်သည် ဟူ၏။ အံ့ကျလျှင် ကလေးမှာ ရောဂါဝေဒနာ ရတတ်သည်ဟု အယူရှိကြလေသည်။ ထို့ကြောင့် ပြေပျောက်စေရန် ညဥ့်အိပ်ရာဝင်ခါနီး ဒိုး(ဂုံညင်း) တစ် လက်ကို ကလေးအပေါ်ယွန်းပြီးလျှင် "ဖီးမကောင်း၊ ဒဏ်မကောင်း၊ နင့်ပါးမှာရောင်း၊ အားလုံးပါပါလိ"ဟု ဆို ကာ မီးတွင်ဖုတ်ရသည်။ ဖောင်းခနဲ့ပေါက်မှ အံ့ကျသည်ဟု ဆိုပါသည်။ မပေါက်က အံ့ကျသည်ဟု မယုံကြည် ရ၍ ထပ်မံ၍ မီးဖုတ်ရလေသည်။
ကလေးနှင့်ရှောင်စရာ ဆောင်စရာ
ဝါခေါင်လ မွေးဖွားလျှင်လည်းကောင်း၊ စုံ( ၄၊၆၊၈)လတွင် သွားထွက်လျှင်လည်းကောင်း စတိသဘောဖြင့် အရောင်းအ၀ယ် ပြုကြရသည်ဟု ဆို၏။ ထို့အပြင် တချို့ ကလေးမတင်၊ သားမအောင်မြင်သောသူများမှာ သင်္ချိုင်းမှ ပုချက်၊ အလောင်းချည်နှောင်ကြိုး၊ လူသေအလောင်းကောင်ကို ရထားတင်ဆွဲသောကြိုးများနှင့် ပုခက်တင်ကြသည်များလည်း ရှိပေသည်။ တချို့မှာ သံဃာတော်များထံ လှူဒါန်းလေ့ရှိသည်။ ထို့နောက် နို့ထိန်းပေးသဘော ပြန်ယူ၍ မွေးစားတတ်ကြသည်။
အထက်ပါ ဓလေ့ထုံးစံများကား လူမျိုးရှိသရွေ့ အနည်းအပါး တည်ရှိသေးမည်သာဖြစ်၏။ နို့ထိန်းရွေးချယ် ရေး ဓလေ့များလည်း ဘုရင်မင်းများခေတ်တွင် ရှိခဲ့ပေ၏။ မွေးမြူပြုစု ကြည့်ရှုသွန်သင်မှုပြုရန် မှူးမတ်များ ကိုယ်ရံများကိုပါ ခန့်ထားလေ့ရှိပေ၏။ ရံရွှေတော်၊ အထိန်းတော်၊ အကြီးတော်၊ အပါးတော်များကား ထိုကဲ့သို့ တာဝန် ထမ်းဆောင်သူများ၏ ဘွဲ့၊ ဂုဏ်၊ ရာထူးပင်တည်း။ ရာဇသင်္ကြန်ဆရာတော်၊ ဦးရစ်ပေါင်းဆရာတေ်၊ စစ်ကွပ် ဆရာတော်၊ ရာဇဂုရု ဆရာတော်တို့လည်း ဘုရင်မင်းညီမင်းသားများ အတတ်ပညာ၊ လိမ္မာရေးခြား စသည်တို့အတွက် ကွပ်ကဲဆုံးမ ပြုပြင်ပေးခဲ့ရသော ပုဂ္ဂိုလ်များ ဖြစ်ကြသည်။ ထိုသို့ သူငယ်တစ်ယောက် အ ဆင့်အတန်းမြင့် တက်ရောက်နိုင်ရန်ရေးမှာ မွေးဖွားသည်မှစ၍ လူ့ဘ၀တစ်လျှောက် မင်္ဂလာမှု၊ ထိန်းသိမ်း ကွပ်ကဲပြုပြင်မှု၊ သင်ကြားမှုစနစ်နှင့် မကင်းကွာနိုင်ကြောင်း သိသင့်အပ်ပေသတည်း။
နတ်မြစ်-ညိုဇံမောင်ကျော်ရှီ။
ရက္ခိုင်မဂ္ဂဇင်း၊ အမှတ်(၁၁)
၁၉၈၇ ခု၊ ဖေဖော်ဝါရီလထုတ်မှ
ကိုးကားချက်များ
၁။ နတ်မြစ်စန်းအောင်။ "ရခိုင်ပုခက်လွှဲ ကလေးချော့ကဗျာများ"။

ရခိုင်ပြည်နယ်စာစောင်။အမှတ်(၁၂)
၂။ အသျှင်စက္ကိန္ဒ ။ "ရခိုင်သဘာဝတေးကဗျာများ ၁၉၆၁"။
၃။ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း (ပဉ္စမတွဲ) မိတ္တူပွားမူ။
(အရှင်စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၈) မှ -)

No comments:
Post a Comment