ရခိုင်ကျင်

အခန်း(၁)
ကျင်အဓိပ္ပါယ်

“ကျင်”ဝေါဟာရနှင့်ပတ်သက်၍ အမျိုးမျိုးရွီးဖွဲ့ကတ်သည် ကိုတွိရပါသည်။ ဦးရာဇ်တောင် ဘုရားသမိုင်း လင်္ကာ၌ “လောကီဘက်က၊ ဆောင်ရွက်တခန်း၊ ကျင်လက်ပန်းနှင့်၊ မီဝန်းရုပ်သီး၊ရှုမငြီးအောင်”ဟူ၍ူ ရွီးဖွဲ့ ထားသည်။ ဆယ့်နှစ်လရာသီ လင်္ကာတပိုဒ်တွင်  …“မယ်လျှင်စစ်မှာ၊ စိတ်ကြီးပျက်လို့၊ ကျင်ကိုင်လက်ပန်း၊ အခန်းခန်းကို၊ အိမ်သူအကျန်၊ မြင်ရပြန်ကေ၊ လွမ်းတော်တာရှည် ပန်းမဉ္စူကို နီပူထိုးကေ၊ ညှိုးလတ်တေ လည်း”ဟူ၍ူဖွဲ့ဆိုထား  ပြန်သည်။
လမုချောင်းဆရာကျော်မဲရွီးဖွဲ့သော မဟာဝိဟိံကရာဇဝင်လင်္ကာ (အပိုဒ်-၁၁၃၌ “ကခြေများဖြင့်၊ တီး ကာရစ် မြည်၊စည်ငါးမည်တည်း၊ သံရှည်ဟစ်ကြွေး၊ စုရုံးဝေးလျှက်၊ လက်ပွဲကျယင်၊ လုံးထွီးကျင်၍” ဟူ၍လည်း ကောင်း မန္တလေးဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပါမောက္ခချုပ် ဆရာကြီးဦးကျော်ရင်သည် ရန်ကုန်တက္ကသိုလ်  နှစ်ပတ် လည်မဂ္ဂဇင်း (၁၉၅၈-၅၉)၊ လုပ်သားပြည်သူ့နိစဉ်သတင်းစာ(၂၄-၈-၆၄) တွင် ကျင်နှင့်ပတ်သက် ဆောင်းပါး များကို ရွီးသားခရာ- “ကျင်ဟူသည်မှာ ကျားနှင့်ယင် ဝေါဟာရနှစ်လုံး ပေါင်းစပ်ဖြစ်ပေါ်လာရကြောင်း၊ “ကျား ယင်၊ ယင်-ကျား” ကစပ်နည်းကိုအခြီခံ၍ ကျင်ဖြစ်ပေါ်လာရကြောင်း ဆိုထားသည်။ “ကျားယင်” ကစပ်နည်း၊ ကျားက ယင်ကို အုပ်ဖမ်းလိုက်၊ ယင်က ယှောင်ပြီးလိုက်နှင့် ယင်အကောင်နှစ်ဆယ် ကို ကျားနှစ်ကောင်က အနိုင် လိုက်ဖမ်းရန်အကွက် ရွှိကစပ်နည်းကိုအခြီမှီပြီး ကျင်သန်နှစ်ဦး ဖမ်း လိုက်၊ ခံလိုက်၊ ပစ်ချလိုက်နှင့် မြီသို့ ကျအောင် ကစပ်ရသော နည်းအတတ်ပညာ ဟူ၍ ယှင်းပြထားသည်။


တိုင်းရင်းသားယဉ်ကျေးမှုဓလေ့ထုံးစံများ(ရခိုင်) (၁၉၇၆) စာအုပ်၌ကား“ကျင်ဟူသည်မှာကျားလျှင်မှ ပြောင်း လဲလာခြင်းဖြစ်ကြောင်း၊ ကျားသည် သားကောင်ကိုဖမ်းသည့်အခါ လျှင်မြန်သည့် အဟုန်ဖြင့် ဖမ်းအောင်း ရသကဲ့သို့ ဖြတ်လတ်လျှင်မြန်ရသည့်အတွက် “ကျားလျှင်” ဟုခေါ်ရာမှ ကျင်ဖြစ်လာသည်” ဟုဆိုထားသည်။ သဇင်နွယ် (မန္တလေးတက်ကသိုလ်) ၏ လက်နှိပ်စက်မူ ကျင်စာတမ်းငယ်၌ “ကျားကဲ့သို့ ခွန်အားဗလနှင့် ပညာကိုအသုံးချကိုင်ရသည့်အားကစပ်နည်းဖြစ်သည့် “ကျားအင်”လို့ခေါ်ရာမှ“ကျင်”ဖြစ်လာကြောင်း ဆိုထား ပြန်သည်။ ရမ္မာဝတီပညာစာရနှင့် လှအောင်ရွှေရို့ရွီးသားသည့် “ရမ္မာဝတီတေး ကဗျာ များစာအုပ်” (၁၉၉၀) တွင်းလည်း ရမ်းဗြဲဒေသိယသဘာဝတေးကဗျာတချို့ကို တွိရပြီး ထိုကဗျာများထဲတွင် ကျင်ဝေါဟာရနှင့် ပတ်သက်၍ “ကျအယင်၊ ကျီးယင်၊ ကျယင်၊ ကျအားယင်” စသည်ဖြင့် အမျိုးမျိုးအသံ ထွက်ကာ ဖွဲ့ဆိုရွီးသား ထားသည်ကို တွိရသည်။ ကဗျာတပိုဒ်ကိုထောက်ပြရလျှင် -

“ရွာဘုံကေရာ သောင်းလဲ၊ များဘုံဆင်ကေ၊
ရွာတွင်လူများ၊ ကျအင်တိုက်တေ
ထိုပွဲလယ်မှာ၊ မျှောကာကြည့်ကေ၊
ဝမ်းနည်းနည်းနှင့်” ဟူ၍ ဒေသိယလီသံဖြင့် ဖွဲ့ဆိုထားသည်ကို တွိရပါသည်။

မြောက်ဦးခေတ်တွင် ဓမ္မရာ (ထမရာ၊ အမရာ) မင်းသား ကျင်အတတ်ပညာသင်ယူပုံနှင့် ပတ်သက်၍“ထမရာ ဖွဲ့” ၌ -

“ကျောက်တလင်းတွင်၊ ပျော်ပွဲရွှင်သောင်းသဲ၊
ကတူပွဲနှင့်၊ ပျော်ပွဲသဘင်၊
ကျင်ခြင်းသင်၍၊ ကာကောင်းခြင်းနှင့်၊
သိုင်းခြင်းသုံးဆယ်၊ သင်လတ်တေလေး၊
ဒိုင်းခြင်းသုံးဆယ် သင်လတ်တေလေး၊
စစ်ဆုတ်စစ်တက်၊ သင်လတ်တေလေး” ဟူ၍ တွိရသည်။

မဇ္ဈိမဒေသအရေးတော်ပုံကျမ်းနိဒါန်းရှည် (စာ-ငဲ) တွင်လည်း -

“ရခိုင်သားရို့သည် ဗဒုံမင်း၏ခိုင်းစေခြင်းအမျိုးမျိုးကို လုပ်ဆောင်ကတ်ရသည်။ ၎င်းရို့မှာ အမရပူရနီပြည် တော် တွင်ကျင်းပသော ပွဲလမ်းသဘင်များတွင် အတီးအမှုတ်၊ အကအခုန်၊ ကျယင် စသော ဖြေဖျော်မှုများ လား ရောက်ဆောင်ရွက်ရ၏။”ရခိုင်ရာဇဝင်သစ်ကျမ်း(ဒုတွဲ)(စာ၂၉၆)(ရခိုင်သားကြီးစာပီထုတ်)တွင်လည်း– “ဒါးပိုင် ကြီးကျော်ပုံလည်း လေးတောင်စား လျှောက်ထားသည်ကိုသိလီလျှင် လျှောက်ထား ရာ သလောဟု အချက် ဝင်၍ လက်ဝှေ့ကျေးယင်ပွဲ ဆင်၍ သဘင်ပြုကြရာတွင် အကျူးအလွန်ပြု သည်ဟု လေးတောင်စား ခေါ်မဲ လွယ်ရို့ ညီအစ်ကိုသုံးယောက်ကို ဖမ်းယူလျှက် ဒါးပိုင်ကြီးကျော်ပုံသည် သတ်လီ၏။” ဟူ၍လည်းတွိရ သည်။ ကျင်နှင့်ပတ်သက်၍ စကားပုံ၊ ဥပမာတချို့လည်းဟိသည်။ “အဘကျင်သန်၊ သားအင်တန်” “ကျင်သန် အို ကြက်နှင်မရ”  “ကစပ်ကြီးကေ ကျင်ဖြစ်တေ” စသည်ဖြင့်ဖြစ်သည်။

မြန်မာ့အဘိဓာန်ကျမ်း (ပတွဲ) (၁၉၉၁) ၌ ကား -
ကျင် (ကြိ) ။ မြီကြီးနှင့်ရောနီသော ရွှေမှုန့်၊ ငွေမှုန့်များကို ကျင်ခွက်တွင်ထည့်ကာ ရီတွင်သဲ့ယူသည်။ ကျင် (ကြိ) ။ တတ်မြောက်လိမ်မာသည်။ “လူ့ပြည်နတ်ပြည်၊ ဘုံသုံးထပ်တွင်၊ နိုင်အံ့မထင်၊ ပညာကျင်သည်၊ ထွတ်တင် မော်ကွန်းထား၏တည်း”ကျင်ကိုင် (ကြိ)(ရခိုင်) ။ တဦးနှင့်တဦး၊ အနိုင်အယှုံးလုံး သတ်သည်။ တောင် ကျော်ကိုင်သည်၊ နပန်းလုံးသည် – ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ ကျင်ဝေါဟာရအဓိပ္ပါယ်ကို နိဂုံးကောက် ချက် ချပါက ကျင်ဆိုသည်မှာကျင်ပင်ဖြစ်သည်ဟု၍ ဆိုရပေမည်။ ကျွမ်းကျင်သည်။ကျင်လည်သည်။ ကျင်ပစ် ချ သည်ဆိုသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။


အခန်း (၂)
ကျင်သမိုင်းကြောင်း

ကျင်သမိုင်းကြောင်းနှင့်ပတ်သက်၍ တောင်ကျောင်းဆရာတော်၏ ရခိုင်ရာဇဝင်သစ်ကျမ်းအပါအဝင် ရခိုင် ရာဇဝင်ကျမ်းတချို့၏အလိုအရ လက်ပန်းသည်ရို့ လက်ပန်းသတ်ကြသည်ကို ၀ါသုဒေဝ၊ ဗလဒေဝခေတ် (ဘီစီ ၆၀၀ ကျော်လောက်က) ရှိဦးစွာ ဒွါရာတီခေတ်ကပင်ဟိကြောင်း ဖော်ပြထားသည်။ ဝါသုဒေဝ၊ ဗလ ဒေဝရို့ မင်းညီနောင်တကျိပ်သည် ဦးရီးတော်ကံသမင်းကြီး ထောင်ချောက်ဆင်ကျင်းပသည့် လက်ပန်းသတ် ပွဲ ၌ စာရုယလက်ပန်းသည် မုဠိအလက်ပန်းသည်ရို့ နှင့် လုံးသတ်အနိုင်ရပြီးနောက် ပြည်သိမ်းပုံများကို ရွီးဖွဲ့ ထားသည်။ ဦးရာဇ်တောင် ဘုရားသမိုင်းလင်္ကာ “ကျင်လက်ပန်းနှင့်၊ မြီဝန်းရုပ်သီး ရှုမငြီးအောင်” ဟူ၍ရွီးဖွဲ့ ထားသည့်အတွက် ကျင်ကိုလက်ပန်းလုံးပွဲ ဟုလည်းခေါ်သည်။

ပါမောက္ခချုပ်ဦးကျော်ရင်၏ “ရခိုင်ရိုးရာအတတ် ကိုယ်ပိုင်ပညာကျင်ပွဲ” (ရခိုင်တန်ဆောင် ၁၉၅၈) ဆောင်ပါး တွင် – “ရှိရခိုင်မင်းဆက်များလက်ထက်တွင် ဘီလူးကို အသီသတ်ခသော ကျင်သမားဟုဟိသည်။ ထိုနည်း တူ မွန်မင်းများလက်ထက်တွင်လည်း အသားမင်းသားမှာ ခုနစ်တောင်မြင့်သော ကုလားလန်ဘားနှင့် နပန်း လုံးသတ်ခသည်။ မြန်မာရာဇဝင်တွင်လည်း ရန်မန်ထွေးသည် မိကျောင်း၊ ကျား၊ ဆင်ရို့နှင့် နပန်းလုံးကာ သတ်ပုတ်အောင်မြင်၍ အနန္ဒသူရိယဘွဲ့ကိုပင် ရဟိခသည်။ အသားမင်းသား ကုလား လန် ဘားနှင့် နပန်း သတ်သည်မှာ ရာဇဝင်အရ နှစ်ပေါင်းထောင်ကျော်ဟိလတ်ပြီ။ ကမ္ဘာပေါ်တွင်လည်း နပန်းလုံးအ တတ် ပေါ် ပေါက် ခေတ်စားသည်မှာ နှစ်ပေါင်းထောင့်ငါးရာကျော်လတ်ပြီ။ ဤအကြောင်းနှစ်ရပ်ကိုထောက် ၍် ရခိုင် ပြည်တွင်လည်း ကျင်အတတ်ပေါ်ပေါက်ခသည် မှာ နှစ်ပေါင်းတထောင်ထက် မလျော့နိုင် ဟု တွေးမိသည်။” ဟူ၍ သုံးသပ်ပြထားသည်။

ဝေသာလီခေတ် စူဠစန္ဒြားမင်းလက်ထက်၌ အမတ်ကြီးဓမ္မဇေယျသည် “ဗျည်း-၃၃ လုံးလှီလှော်သံ” ကို စပ်ဆိုခသည်။ ယင်းလှီလှော်သံကို ကျင်သန်ကြီးများက ပြိုင်တူရွတ်ဆို၍ စည်ကြီး ဗြိန်းစောင်းတီးကာ ပြိုင်လောင်းကြီးများကိုလှော်၍ ရခိုင်ရီတပ်မကြီးဖြင့် စစ်ချီထွက်ကြောင်း ဆိုထားသည်။ ရခိုင်ပြည်နယ်ဖြစ် စဉ်သမိုင်း (ပဉ္စမတွဲ) (ယဉ်ကျေးမှုကဏ္ဍ) စာ-၁၈၈ ၌ – “ရှိခေတ်ရီတပ်မတော်များတွင် စစ်ချီထွက်သောခါ သန်မာထွားကျိုင်းသူကျင်သန်ကြီးများက လှီကိုလှော်ခတ်ရသည်။” ဟူ၍ ရွီးထားသည်။ ၎င်းလှီလှော်သံကို အကြောင်းပြုလျှက် ပြိုင်လောင်းသံကျပ်များ စပ်ဆိုခသည်။

“ကိုးစိတ်ကိုးလံ၊ ကိုးပင်းကန်၊
ကျင်သန်တိရာတက်ပျာစီးလို့၊
မဟာလောင်းကြီးထွက်လို့လာ”(ရခိုင်ညွန်ဖူး၊ ၁၉၆၈–စာ-၈၃)
“ကိုးဆယ့်ကိုးလံ၊ ကိုးပင်းကန်၊
ကျင်သန်တပြီး၊ စည်တတီး” စသည်ဖြင့်ဖြစ်သည်။

မြောက်ဦးခေတ် “ထမရာဖွဲ့” ၌လည်း ကျင်ခြင်း၊ ကာခြင်း၊ သိုင်းခြင်း၊ ဒိုင်းခြင်းအတတ်ပညာများ သင်ယူပုံ ကိုဖွဲ့ဆိုထားဟိပြီးဖြစ်သည်။ အမရပူရနေပြည်တော်၌ ကျင်ဖြေဖျော်မှုပြုလုပ်ပုံကိုလည်း “မဇ္ဈိမ ဒေသအရေး တော်ပုံကျမ်း” ၌ တွိရသည်။ ရုပ်ဝတ္ထုသက်သီအဖြစ် သျှစ်သောင်းဘုရား လှိုဏ်ဂူပတ်တွင်း၌ ကျင်းအားကစပ် နည်းဆိုင်ရာ ရုပ်လုံးရုပ်ကြွများ ထွင်းထုထားသည်ကို ကနိထိ တွိမြင်နိုင်သည်။

ဤအကြောင်းအချက်များကို ဆက်စပ်၍ကျင်အားကစပ်နည်းအတတ်ပညာသည် ရှိခေတ်အဆက်ဆက် ရခိုင် မင်းများလက်ထက်ကပင် ဆင်းသက်လာသည့် နည်းပညာရပ်ဖြစ်သည်ကို တိတိကျကျ ပြောနိုင်သည်။ ရှိရခိုင် မင်းများလက်ထက်ကပင် ရခိုင်ရိုးရာကျင်ပွဲများကို မင်းညီလာခံနန်းတွင်း  သဘင်များ၌ ကျင်းပလာမြဲ ဖြစ်သည်။

တိုင်းပြည်အဝှမ်း မြို့ပြကျွန်းရွာဒေသများ၌ စည်စည်ကားကား ထူးထူးခြားခြားကျင်းပသည်။ ကျင်ပွဲ၊ပြိုင် လောင်း ပွဲများသည် ရခိုင်ရို့၏တိုက်ရေး၊ ခိုက်ရေး၊ စစ်ရေးအတွက်လည်းကောင်း၊ စည်းလုံးညီညွတ်မှု၊ အားမာန်တက် ကြွမှု၊ယုံကြည်မှု၊ ကျန်းမာကြံ့ခိုင်မှုများအတွက်လည်းကောင်း၊နန်းတွင်းနန်းပြင်၊ မြို့ပြကျွန်း ရွာမကျန် စည်ကား မြိုင်ဆိုင်စွာကျင်းပသည့် ပညာတရပ်ဖြစ်သည်။ ကျွန်းပွဲ၊ ရွာပွဲ၊ ဘုရားပွဲ၊ ထီးတင်ပွဲ၊ ဈာပနပွဲ၊ မယ်တော်ပျံပွဲ၊ သင်္ကြန်ပွဲ၊ ပြိုင်လောင်းပွဲ၊ ရထားပွဲစသည့် ပွဲတော်တိုင်း၌ ကျင်ပွဲမပါ လျှင်မပြီး ဆို လောက် သည်။

ရခိုင်ရိုးရာအက “ကျင်ယိမ်း” ၌ -
“ကျယင် ကျင်၊ ဖမ်းလူခံလူ၊
တူတူလုံး၊ ဒုန်းဒုန်းလည်းချ၊
အကျလည်း ယင်၊ ကျယင် ကျင်၊
ရခိုင်သားရို့ကြိုက်တေ ရခိုင်ကျင်၊
ခေါ်တွင်လာကတ်၊ အားကစပ်၊
ပွဲတိုင်းမလွတ် သူပါဝင်” ဟူ၍ စပ်ဆိုထားသည်။

ကျင်ခေတ်ဦးက တပွဲလုံး၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ဘုရင်၊ မိဖုရားရို့ကိုယ်တိုင် “ပန်းစည်းဆု” ချီးမြှင့် ကြောင်းသိရသည်။ ထိုသို့ ဆုချီးမြှင့်ပုံစနစ်သည် ရှိဂရိပြည် အိုလံပစ်ပွဲ၌ “လောရယ်” (ခေါ်)သစ်ခွပန်းစည်းဆု ချီးမြှင့်ပုံနှင့်တူကြောင်း သဇင်နွယ်၏စာတမ်းငယ်၌ ရွီးသားထားသည်။ ယခုထိ ကျင်သန်များအား “ပန်းဆု” ဟူ ၍ူ ချီးမြှင့်သည်ကို တချို့နီရာများ၌ တွိရသိမ့်သည်။ ရှိက ကျင်ပွဲကိ ရွှေမောင်းတန်း၊ ငွေမောင်းတန်းဟူ၍ ခွဲခြား ကျင်းပသည်။ ပထမတန်း ၌ နောက်ဆုံးအနိုင်ရဗိုလ်စွဲသူကို ရွှေမောင်ဆု၊ ဒုတိယ တန်း၌ နောက်ဆုံးအနိုင်ရ ဗိုလ်စွဲသူကို ငွေမောင်းဆုများချီးမြှင့်သည်။ ရွှေမောင်း၊ ငွေမောင်းများမှာ တစ်ကျပ် ၊ တစ်ကျပ်ခွဲထိ အလီး ဟိပြီး တံဆိပ်ခပ်နှိပ်ကာ ပိုးကြိုး၊ သိုးမွှီးကြိုးကျစ်၍ လိုင်ဖင်း၌စွပ်၍ ချီးမြှင့်သည်။ အင်္ဂလိပ်စာလက်ထက်က အင်္ဂလိပ် “မယ်လ်ဒေးလ်” တံဆိပ်မျိုးခပ်နှိပ်ကာ ရွှေတံဆိပ်၊ ငွေတံဆိပ်များ ကို ချီးမြှင့်ခကတ်သည်ဟုဆို သည်။ ကနိခေတ်ထိ ရွှေမောင်း၊ ငွေမောင်း ဆုများကို ရှိမူမပျက် ချီးမြှင့် ကျင်းပ မြဲဖြစ်သည်။ ကျင်တခေတ် ဆန်းသစ်လာသော ကနိကာလ၌ ကား ကျင်ပွဲများကို ခေတ်နှင့်အညီ ဆန်းသစ် တီထွင်ကာ ရွှေမောင်းဆုများ ကျည်း ချီးမြှင့်ကျင်းပ လာလတ် သည်။

ရခိုင်တော်ဝင်ဂန္ဓဝင်မြောက် ရခိုင့်ကျင်ကို မပျောက်မပျက်၊ တိုးတက်ဖွံ့ဖြိုးအောင်လုပ်ဆောင်ရန်မှာ မျက် မှောက်ခေတ် ရခိုင်သားတိုင်း၏တာဝန်ဖြစ်သည်။

အခန်း(၃)
ကျင်ပညာ၏နက်နဲပုံ၊ စနစ်ကျပုံနှင့် အကျိုးသက်ရောက်ပုံ
(က) နက်နဲပုံ၊ စနစ်ကျပုံ

(၁) ကျင်ပညာသည် ပြင်းပြင်းထန်ထန် ထိုးကြိတ်၊ သတ်ပုတ်၊ ကန်ကျောက်ပြီး ပြိုင်ဖက်အား အနာတရ ဖြစ်အောင် ဒေါမာန်ဖြင့်ကြံဆတိုက်ခိုက်သည့် နည်းပညာမဟုတ်။ (ဦးက္ခောင်း၊ ဒူး၊ တန်းတောင်၊ ခြီဖနာင့်၊ ခြီစောင်း၊ ခြီဖဝါး၊ လက်စောင်း၊ လက်ဝါး၊ လက်ညှိုး၊ လက်သီး စသည်များကိုသုံးပြီး (ထိုး၊ ရိုက်၊ ကျောက်၊ ကန်) သတ်ပုတ်ခြင်းမျိုး လုံးဝမပါဝင်ချေ။

(၂) ကျင်ပညာ အဖမ်းသားအနီဖြင့် လက်နှင့်ခြီကို အသုံးချသည့်အခါ (ထိုး၊ ရိုက်၊ ကျောက်၊ ကန်၊ သတ်ပုတ်) တိုက်ခိုက်ရန်အတွက်မဟုတ်ပဲ (ဆွဲ၊ ဖမ်း၊ ငင်၊ ဖက်၊ တိုး၊ ကန်၊ ပေါက်၊ ချိတ်၊ ကော်၊ ပင့်၊ လိမ်၊ ကျစ်) ရန်အတွက်သာလျှင် အသုံးချရသည်။

(၃) အခံကျင်သန်သည်လည်း အဖမ်းကျင်သန်က (ဆွဲ၊ ငင်၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်) လာသည့်အခါ စည်းကမ်းနည်းလမ်းတကျ (ယှောင်၊ ထွက်၊ ချွတ်၊ ထုတ်၊ ခါ၊ ပစ်၊ ပြန်ပစ်) ရန်အတွက်သာ မိမိ၏လက်နှင့်ခြီကို အသုံးချရသည်။ နာကြင်ကျိုးပဲ့အောင် ကြံစည်တုံ့ပြန်ခွင့် လုံးဝမဟိ။

(၄) အဖမ်းသားအခွင့်အရေးအနီဖြင့် အခံသားလက်ကိုဆွဲနည်း၊ မောင်းသတ်၊ မောင်းလိမ်၊ မောင်းကျပ်၊ မောင်းဖွင့်၊ မောင်းပြန်၊ မောင်းလွှဲနည်း၊ ခြီပေါက်နည်း၊ ချိတ်နည်း၊ ကော်နည်း၊ လိမ်နည်း၊ ကျစ်နည်း၊ ပစ်နည်း စသည်ဖြင့် လက်၊ ခြီများကို ကိုင်ပုံ၊ ပေါက်ပုံ၊ ကျစ်ပုံ စနစ်တကျဟိသည်။

(၅) အခံသားအခွင့်အရေးအနီဖြင့် ထိမ်းကိုင်၊ ဆီးကိုင်နည်း၊ ရုန်းယှောင်ထွက်နည်း၊ ခြီချွတ်လက်ချွတ်နည်း၊ ခါနည်း၊ ပစ်နည်း၊ ပြန်ပစ်နည်း၊ အပြန်ပစ်နည်းများသီးခြားစီ အပြန်အလှန်စနစ်တကျဟိသည်။

(၆) အဖမ်းသားကျင်သန်ကို အခွင့်အရေးပိုပီးထားပြီး ယင်းအခွင့်အရေးကို အခြင်း၊ အကွက်ဖြင့် စနစ်တကျ ကျင်ပညာအသုံးချကိုင်ကာ အခံကျင်သန်အားအနိုင်ရအောင် ပစ်ချရန်ဖြစ်သည်။ အခံသားကျင်သန် သည် လည်း အဖမ်းသားကျင်သန် ထိုကဲ့သို့ လုံးဖမ်းကိုင်တွယ်သမျှ ငုံ့ခံနီရုံမဟုတ်ဘဲ အခံကျင်သန်၏ ခုခံခွင့်  အတတ်ပညာကိုပါ တီထွင်ဖန်တီးထားသည်။ အဖမ်းသား၏ လုံးဖမ်းကိုင်တွယ်ခွင့်နှင့် အခံသား၏ ခုခံကာ ကွယ်ခွင့် ပညာနှစ်ရပ်ကို သူတလှည့်ကိုယ်တလှည့်၊ သူတပြန်ကိုယ်တပြန် ကိုင်ခွင့်ပြုလျှက် ပညာစွမ်း ပြရ သည့် အားကစပ်နည်းပညာရပ်ဖြစ်သည်။

(၇) ကျင်ကွင်းနည်းအမျိုးမျိုး ပုံစံတကျဟိသည်။

(၈) ကျင်ခြင်း၊ ကျင်ကွက်၊ ကျင်ဖမ်းနည်း၊ ကျင်ခံနည်းများ စနစ်တကျ ကျယ်ကျယ်ဝန်းဝန်း ဟိသည်။

(ခ) ကျင်ပညာ၏အကျိုးသက်ရောက်ပုံ

(၁) ကျင်ပညာသည် လူငယ်ရို့၏ တကိုယ်ရည်စွမ်းရည်ပြည့်ဝမှု၊ ကိုယ်ခန္ဓာကြံ့ခိုင်မှုအတွက် အရေးပါသည့် နည်းပညာရပ်ဖြစ်သည်။

(၂) ဇွဲ၊ သက္တိကိုခိုင်မာစီသည်။ အခက်အခဲကို တဦးတည်း ကြံ့ကြံ့ခိုင်ခိုင် ရင်ဆိုင်ဖြတ်ကျော် ရဲသည့်ုစိတ်ကို ရဟိစီသည်။

(၃) တက်ကြွမှုအားမာန်ကို ရစီသည်။

(၄) ယုံကြည်ချက်ပြည့်ဝစီပြီး ပြတ်သားခိုင်မာစီသည်။

(၅) ယုတ်ညံ့သိမ်ဖျင်းစိတ်၊ အားငယ်ကြောက်ရွံ့စိတ်များကို ကင်းပျောက်စီသည်။

(၆) မိမိကိုယ်မိမိ အားကိုးယုံကြည်စိတ် မြင့်မားစီသည်။

(၇)ဆုံးဖြတ်ချက်တရပ်ကိုမှန်မှန်ကန်ကန်၊ ခိုင်ခိုင်မာမာချမှတ်လုပ်ကိုင် ဆောင်ရွကိလိုစိတ် ခိုင်မြဲ
စီသည်။

(၈) ကျန်းမာကြံ့ခိုင်သန်စွမ်းမှု၊ လျှင်မြန်ဖျတ်လတ်မှုဖြစ်စီသည်။

(၉) လူ့ဘောင်ဝန်းကျင်နှင့် ပေါင်သင်းဆက်ဆံရေးကိုတိုးတက်စီသည်။

(၁၀) အများအကျိုး၊ ဦးဆောင်ဦးရွက်ပြု ပါဝင်ဆောင်ရွက်နိုင်ရန် ကာယ၊ ဉာဏ်စွမ်းရည်များ ကိုပြည့် ဝ စီသည်။

သို့ဖြစ်၍ ဤအမျိုးသားရေးလက္ခဏာ၊ အမျိုးဂုဏ်ပေါ်လွင်စီသည့် အမျိုးသားယဉ်ကျေးမှု အစစ်အမှန်ဖြစ် သည့် ကျင်အားကစပ်နည်းပညာရပ်ကို ရခိုင်လူငယ်တိုင်း နားလည်ကျွမ်းကျင် တတ်မြောက်အောင်ကြိုးစား ပြီး လက်ဆင့်ကမ်း ထိန်းသိမ်းရမည်။ သို့မှသာ ကျင်ပညာ၏ဂုဏ်ရည်၊ အမျိုးသားဂုဏ်ရည် ပိုမိုတိုး တက် တောက်ပြောင်လာမည်ဖြစ်သည်။

အခန်း(၄)
ကျင်သန်များနှင့် ကျင်အတန်းအစားခွဲခြားပုံ
(က) ကျင်သန်အတန်းအစားခွဲခြားပုံ

(၁) ကျင်သန်။ ။ ကျင်အတတ်ပညာတတ်ကျွမ်းပြီး ခန္ဓာကိုယ် သန်မာထွားကျိုင်းသူအားလုံးကို ပေါင်းရုံး၍ ကျင်သန်ဟုခေါ်သည်။

(၂) ကျင်သန်ချေ။      ။ ကျင်ပညာသင်စ၊ ကျင်ကိုင်စ၊ အသက်အရွယ်ငယ်နုသော လူငယ်များ၊   ငွေမောင်း တန်း (အငယ်တန်း) ၌ ဝင်ကိုင်စလူငယ်များကို ကျင်သန်ချေ (ကျင်သန်ငယ်) ဟုခေါ်သည်။

(၃) ကျင်သန်ကြီး။    ။ ကျင်ပညာရည်ပြည့်ဝပြီး ကျင်ပွဲများစွာကိုင်ဖူးပြီး ပွဲအတွိအကြုံရင့်ကျက်သည့် အားခွန် ဗလပြည့်စုံသည့် ကျင်သန်၊ ရွှေမောင်း၊ ငွေမောင်း အကြိမ်ကြိမ်ရဖူးသည့်ကျင်သန်မျိုးကို ကျင်သန်ကြီး ဟု ခေါ် သည်။ အထူးသဖြင့် ရွှေမောင်းတန်း (အကြီးတန်း) မှ ရွှေမောင်းရ ကျင်သန်ကြီးများကို ခေါ် သည်။

(၄)ပြည်ကျင်သန်ကြီး။ ။ ပြည်ကျင်သန်ကြီးဆိုသည်မှာ ကျင်လောက၏ အထွတ်အထိတ်ဂုဏ်ပုဒ်ပင် ဖြစ် သည်။ ရခိုင်ပြည်ဒေသအနှံ့က ပွဲတိုင်းလိုလို၌ ရွှေမောင်းမြောက်များစွာရဟိထားပြီး၊ ပရိသတ်ကြိုက် နှစ် သက်သော ကျင်သန်ကြီး၊ အင်အားနှင့်ပညာရပ်၌ အံ့မခန်းလောက်အောင် ထူးချွန်ပြည့်စုံပြီး လေးစား ချီးကျူးထိုက်သော ပုဂ္ဂိုလ်မျိုးကို ပြည်ကျင်သန်ကြီးအဖြစ် ပြည်သူရို့နှုတ်ဖျားမှ  ကင်းပွန်းတပ်ပီးသည့် ဘွဲ့ဖြစ် သည်။ အဆင့်မြင့် ဆုံး ပြိုင်စံယှား ကျင်ပညာသျှင်များ ဖြစ်သည်။

(ခ) ကျင်အတန်းအစားခွဲခြားပုံ
(၁) ရှိအစဉ်အလာ ကျင်အတန်းအစားခွဲခြားပုံ

ရှိအစဉ်အလာအရ ကျင်ပွဲကို ရွှေမောင်းတန်း၊ ငွေမောင်းတန်း အတန်းနှစ်မျိုးခွဲခြားကျင်းပသည်။ ရွှေမောင်း တန်းမှာ ရွှေမောင်းဆု၊ ငွေမောင်းတန်းမှာ ငွေမောင်းဆု ချီးမြှင့်သည်။ ရွှေမောင်းတန်း၌ နိုင်မောင်း (ပထမ ဆု)၊ ကျမောင်း (ဒုတိယ) ပီးသကဲ့သို့ ငွေမောင်းတန်း၌ ထိုသို့ချီးမြှင့်သည်။ ငွေမောင်းတန်း၌ ပွဲမြောက်များစွာ ကိုင် ဖူးပြီး ငွေမောင်း (ပထမဆု) အကြိမ်ကြိမ်ရဖူးကာ ကျင်အတွိအကြုံရင့်ကျက်သူ၊ အားအင်လည်း ပြည့်စုံ သူကို ရွှေမောင်းကျင်သန်အဖြစ် တန်းတင်၍ တိုက်တတ်သည်။ ရွှေမောင်းတန်းကျင်သန်မှာ ငွေမောင်းတန်း ၌ ဆင်းကိုင်ခွင့်မဟိ။ ငွေမောင်းတန်း၌ တက်ရောက်ယှဉ်ပြိုင် ကိုင်နိုင်ခွင့်ဟိသည်။

(၂) ခေတ်သစ်ကျင်အတန်းအစား ခွဲခြားပုံ

ကနိရခိုင်ပြည်၏ အထင်ကရကျင်ပွဲကြီးတချို့ ၌ ကျင်ကိုခေတ်နှင့်အညီတိုးတက်အောင် တီထွင်ကြံဆ ကျင်း ပ လာပြီးဖြစ်သည်။ မိမိအသက်အရွယ်အလိုက် ကြီးငယ်မရွီး ကျင်သန်တိုင်း ကျင်ကိုင်ခွင့်ရစီရန်စီစဉ်ပြီး ကျင် အတန်းအစားများကို အောက်ပါအတိုင်း ခွဲခြားကျင်းပလာသည်။

(က) သက်ကြီးတန်း (ကျင်အိုတန်း)

(ခ) အကြီးတန်း (ပထမတန်း)

(ဂ) အလတ်တန်း (ဒုတိယတန်း)

(ဃ) အငယ်တန်း (တတိယတန်း)

(င) တန်းသစ်

မမျှော်လင့်ပဲ မတန်တတန် ယှုံးနိမ့်လားရသည့်ကျင်သန်များ၊ မပြတ်သားအယှုံးပီးလားရသည့် ကျင်သန်များ၊ ပရိသတ်အကြိုက် (သို့မဟုတ်) ကျင်ကော်မတီများအကြိုက် ကျန်သန်များကိုလည်း (မောင်းမရပဲ ယှုံးလား ရသည့်ကျင်သန်ထဲမှ) ရွီးထုတ်ပြီး တိုက်ပီးသည့် စိန်ခေါ်မောင်း (စိန်ခေါ်ပွဲ) သို့မဟုတ် (ကြည့်ချင်ပွဲ) ဟူ၍ လည်း စီစဉ်ကျင်းပပီးတတ်သည်။

အခန်း(၅)
ကျင်ကိုင်ပုံ အခြီခံသဘောမိတ်ဆက်

(က) ကျင်ကိုင်ပုံ ယျေဘုယသဘော
 ကျင်ကိုင်သည်ကို ကျင်လုံးသည်ဟုလည်းဆိုသည်။ ကျင်ကိုင်၊ ကျင်လုံးရန်အတွက် ကျင်သန်နှစ်ဦး ဟိရ မည်။ ကျင်သန်နှစ်ဦး ကျင်ကိုင်သည်ကို ကျင်တပူး (သို့) ကျင်တည်းတတည်း (သို့) ကျင်တွဲတတွဲအဖြစ် သတ်မှတ် သည်။ ကျင်တည်း ကျင်ကိုင်ရန်အတွက် (အဖမ်း) နှင့် (အခံ) ကို ရွီးချယ်ပီးရသည်။ ကျင်သန် တဦးကဖမ်းပြီး ကျန်တဦးက ခံပီးရသည်။ ကျင်ဖမ်းသူကို အဖမ်းသား (သို့) အဖမ်းကျင်သန်(သို့) အဖမ်းလူ ဟုခေါ်ပြီး ကျင်ခံ ပီးသည့်သူကို အခံသား(သို့) အခံကျင်သန် (သို့) အဖမ်းလူဟုခေါ်သည်။ ဖမ်းလှည့် ကိုရသော ကျင်သန်က လက်မောင်းနှစ်ဖက်ကို မြှောက်ကားကာ စဖမ်းရပြီး၊ အခံလှည့်ကျ သည့်ကျင်သန်က လက် မောင်းနှစ်ဖက်ကို နံဘေးမှာကပ်၍ လက်ဖျားပိုင်းကို ရှိသို့တောင့်တောင့်ပီးထားကာ ကိုယ်ကိုကိုင်း ညွတ်ဦး တည့်ပြီး သတိဖြင့် ခံပီးရသည်။ အခံသားခြီနှစ်ဖက်ကိုလည်း ပြိုင်မရပ်ဘဲ ရှိနောက် ဟန်ချက်ညီညီ ထားပြီးခံရ သည်။ အဖမ်း သားကစပြီး လှန်၊ ဖက်၊ ဆွဲ၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်နိုင် သည်။ ကျင်ခြင်း၊ ကျင် ကွက်ဖြင့်ပစ်ချနိုင်သည်။ ထိုသို့ အဖမ်းသားက ဆွဲ၊ ဖမ်း၊ လှန်၊ ဖမ်း၊ ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်ရန် ကြိုးစား လာသည့်အခါ ပစ်ချလာသည့်အခါ တချိန်တည်းတပြိုင်တည်းမှာ အခံကျင်သန်က လည်း ဖြုတ်၊ ဆီး၊ ကာ၊ ချွတ်၊ တိုး၊ ကန်၊ ရုန်း၊ ထွက်၊ ကာခွင့်ဟိသည်။ ပြန်လည်ပစ်ချခွင့် ဟိသည်။

(ခ) ကျင်တည်းပုံ၊ ကျင်တိုက်ပုံ ယျေဘုယျသဘော
ကျင်သန်နှစ်ဦး ကျင်တတည်းစီးတွဲပြီးနောက် “ကျင်တလင်း” (သို့) “ကျင်ကွင်း” ထဲ၌ ကျင်တိုက်ရသည်။ “ကျင် တည်း” များကို “ကျင်တည်းအဖွဲ့”(ကျင်စာရင်းထိန်းကော်မတီ)ကတည်းပီးပြီး၊ ၎င်းကျင်တည်းများကို ကျင်ကွင်း ထဲသို့ ကျင်ကိုင်ဖို့လာရောက်ပါရန် “ပြန်ကြားရေးကော်မတီ” ကဖိတ်ခေါ်ပီးရသည်။ ကျင်သန် နှစ် ဦးစလုံး ရောက်ဟိက ၎င်းကျင်တည်းကို  “ကျင်ဒိုင်အဖွဲ့” ထဲမှ ကျင်ဒိုင်နှစ်ဦး တာဝန်ယူကြီးကြပ်ပြီး ကျင် တိုက် ရသည်။ တာဝန်ယူကြီးကြပ်မည့် ကျင်ဒိုင်နှစ်ဦးစီကို ကျင်တွဲနှင့်တွဲဖက်၍ “ကျင်တည်းအဖွဲ့က” နာမည် ကြော်ငြာပီးရသည်။ ကျင်တလင်းအကျယ်အဝန်း၊ ကြီးကြပ်ကျင်ဒိုင်   အရွီအတွက်အပေါ် မူတည်၍ ကျင် တည်းများကို တ တည်းကနီ၊ လေး၊ ငါးတည်းထိ တပြိုင်တည်း တိုက်နိုင်သည်။ ကျင်တလင်း၌ ကျင်ဒိုင် အဖွဲ့က ကြီးကြပ်သည်။ တချို့ပွဲ၌ “ကျင်ဒိုင်ချုပ်” ဟူ၍ သီးသန့်ထားပီးသည်။ သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကျင်တည်းကို အဖမ်းအခံ သတ်မှတ်ပီးရသည်။ ကျင်တတည်း၏ အယှုံးအနိုင်ကို ကြီးကြပ်ကွင်း ကျင်ဒိုင်များ ၏အဆုံးအဖြတ် ဖြင့်မကြေနပ်ပါက “ကျင်ခုံသမာဓိအဖွဲ့” (ကျင်အကဲဖြတ်လူကြီးအဖွဲ့) ထံ စောဒကဝင် တင် ပြနိုင်သည်။ ကျင်ခုံသမာဓိ အဖွဲ့၏ ဆုံးဖြတ်ချက်သည် နောက်ဆုံးအပြီးအပြတ်အတည်ဖြစ်သည်။

(ဂ) ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်
ကျင်တတည်း၏ကျင်ကိုင်ပုံအဆင့်ဆင့်ကို အနှစ်ချုပ်သာဖော်ပြပါမည်။ အဖမ်းသားက အခံသားကို ခြီတ ကြိမ် ပေါက်၊ ချိတ်၊ လိမ်၊ ကျစ်၍ အခံသားမကျပဲ ရုန်းလွတ်လားပါက အဖမ်းတခေါက်ပြီးလားပြီးနောက် တကြိမ် ထပ်ဖမ်းရသည်။ နောက်တကြိမ်လည်း အဖမ်းသားက ခြီတင်၊ ပေါက်ချိတ်၊ လိမ်ကျစ်ပစ်၍ အခံသားမြီပေါ် မကျပဲ လွတ်လားပါက အဖမ်းနှစ်ခေါက် ပြီးလားပြီဖြစ်သည်။နှစ်ခေါက်ရာခြီတင်ပစ်ခွင့် ဟိပြီးအခံသားက ပြန် ဖမ်း ရမည်ဖြစ်သည်။ ကျင်တည်းတတည်း၏အယှုံးအနိုင်သတ်မှတ်ပုံကို အောက်တွင် ဇယားဖြင့်ဖော် ပြထား သည်။

ဥပမာ။…………..
စဉ်……. မောင်ဖြူ……….. မောင်နီ………… ကျသူ………………. အနိုင်ရသူ

(က)
………..အဖမ်း ……………အခံ …………….မောင်နီကျ…………. မောင်ဖြူနိုင်
………..အခံ ………………အဖမ်း ………….မောင်နီကျ…………..

(ခ)
.……. အဖမ်း …………..အခံ …………......…မောင်ဖြူကျ…………. မောင်နီနိုင်
……...အခံ …………….အဖမ်း ………......….မောင်ဖြူကျ

(ဂ)
.…….အဖမ်း …………..အခံ…………...…..... မောင်နီကျ…………….. မောင်ဖြူနိုင်
……..အခံ……………. အဖမ်း…………....…. မောင်နီဖမ်းမရ

(ဃ)
……….အဖမ်း ………….အခံ ……………...…မောင်နီကျ
……….အခံ…………….အဖမ်း ………............မောင်ဖြူကျ
……….အဖမ်း ……….…အခံ ……………..….မောင်ဖြူကျ
……….အခံ …………….အဖမ်း ……………...မောင်နီကျ
……….အဖမ်း …………..အခံ ………………..မောင်ဖြူဖမ်းမရ
……….အခံ ………….…အဖမ်း ………….…..မောင်နီဖမ်းမရ

အဖမ်းတခေါက်၊ အခံတခေါက်စီ သူတလှည့်ကျနီပြီး အယှုံးအနိုင်မရဖြစ်နီပါက “အဖမ်း၊ အခံ” ကိုပြန်၍ “အသစ်တဖန် မျောက်ပန်းလှန်ပီး၍ ဖမ်းသူမှာ ခြီတခေါက်ရာ ပေါက်ချိတ်၊ လိမ်ဖမ်းခွင့်ပြုရပါသည်။ ကျသူကို အယှုံးပီးရသည်။ လုံးဝအယှုံး၊ အနိုင်မရပါက အယှုံးအနိုင်ကို မျောက်ပန်းလှန်၍ ဖြစ်စီ၊ မဲဖြင့်ဖြစ်စီ ဆုံဖြတ် နိုင်သည်။

အခန်း(၆)
ကျင်ပွဲကျင်းပရေးကော်မတီများ 

ကျင်ပွဲကျင်းပရေးကော်မတီ အသီးသီးသည် မိမိရို့၏လုပ်ငန်းတာဝန်ဝတ္တရားများကို ဆုံးဖြတ်လုပ်ပိုင် ခွင့် ဘောင်အတွင်းမှနီ၍ ပြည့်ပြည့်ဝဝကြိုးပမ်းဆောင်ရွက်ရသည်။
ကျင်ပွဲ၌ ဖွဲ့စည်းရမည့် လုပ်ငန်းကောမတီများမှာ –

(က) ကျင်ခုံသမာဓိအဖွဲ့ (ကျင်အကဲဖြတ်လူကြီးအဖွဲ့)
(ခ) ကျင်ဒိုင်အဖွဲ့
(ဂ) ကျင်တည်းအဖွဲ့ (ကျင်စာရင်းထိန်းအဖွဲ့)
(ဃ) ပြန်ကြားရေးအဖွဲ့
(င) ကျင်ဇေပြား ရောင်းချရေးအဖွဲ့
(စ) ကျင်ဇေပြားကို (ဆုငွေ) ပြန်ပီးရောင်းချရေးအဖွဲ့
(ဆ) ကြိုဆိုနီရာချထားရေးးအဖွဲ့
(ဇ) ကျင်တလင်း၊ ကျင်မဏ္ဍပ်ပျင်ဆင်ရေးအဖွဲ့
(ဈ) ကျင်ပွဲအခမ်းအနားပျင်ဆင်ရေးအဖွဲ့
(ည) ကျင်သန်များဆုခံစဉ် လိုက်ပါကူညီရေးအဖွဲ့
(ဋ) လျှပ်စစ်မီးတပ်ဆင်ရေးအဖွဲ့
(ဋ္ဌ) စာရင်းထိန်း၊ စာရင်းစစ်အဖွဲ့
စသည်ဖြင့်ဖြစ်သည်။
ကျင်ပွဲ၌ အဓိကကဏ္ဍမှပါဝင်ရသည့် “ကျင်ဒိုင်အဖွဲ့” ၏ တာဝန်နှင့် ကျင့်ဝတ္တရားများကို ဆက်လက်ဖော်ပြ ပါ မည်။

(ခ) ကျင်ဒိုင်အဖွဲ့၏တာဝန်နှင့် ကျင့်ဝတ္တရားများ

၁။ တာဝန်များ
(၁) ကျင်ဒိုင်များသည် မိမိနှင့်သက်ဆိုင်ရာကျင်တည်းများကို ကျင်တလင်းသို့ ခေါ်ယူပြီး ခါးစည်းကြိုးကို မှန်ကန်စနစ်တကျနှောင်စီးရမည်။ ဘောင်းဘီဖြင့်ကျင်ကိုင်းခြင်းကို တားမြစ်ရမည်။

(၂)အန္တရာယ်ဖြစ်စီနိုင်သည့် လက်ဝတ်ထည်များကို ဝတ်ဆင်ထားသည့်ကျင်သန်ကို ယင်းလက်ဝတ် ထည် အား ချွတ်ထားဖို့ပြောရမည်။ လက်သည်းရှည်ကျင်သန်များကို ချက်ချင်းလှီးဖြတ်စီရမည်။

(၃) ကျင်သန်နှစ်ဦးအတူ ပရိသတ်ကို ရှိခိုးအရိုအသေပြုပြီးမှ ကျင်ကွင်းထဲသို့ဝင်စီရမည်။

(၄)ကျင်သန်နှစ်ဦးကို  ဒေါသမပါဘဲ၊ချစ်ကြည်ရင်းနှီးစွာဖြင့် လက်ဆွဲနှုတ်ဆက်ပြီးမှ စည်းကမ်းနှင့်အညီကျင် ကိုင် စီရမည်။

(၅) ကျင်သန်နှစ်ဦး ဖမ်းလှည့်၊ ခံလှည့်ကို စည်းကမ်းအတိုင်း စီစည်ဆုံးဖြတ်ပီးရမည်။

(၆) ကြီးကြပ်ကျင်ကိုင်ဒိုင်နှစ်ဦးသည် မိမိရို့နှင့်သက်ဆိုင်ရာကျင်တည်းကို မျက်ခြီမပြတ် စိစပ်သေချာ စောင့် ကြည့်နီရမည်။ ထိုင်မနီရ။ တနီရာတည်း၌ ရပ်မနီရ။ ကျင်းတည်းနှင့်အတူ လိုက်ပါလှုပ်လျှားနီရသည်။

(၇) ကျင်သန်နှစ်ဦး အဖမ်းအခံကို အငြင်းပွားပါက သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ဆုံးဖြတ်ပီးရမည်၊ တွန်းပစ် ချမှုမျိုးမဖြစ်ရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်သည်။

(၈) ကျင်သန်နှစ်ဦး သတ်မှတ်ကျင်တလင်းနီရာ၌သာ ကျင်ကိုင်နိုင်စီရန်နှင့် လူထုထဲ (သို့) စည်းအပြင်သို့ တွန်းချမှုမျိုးမဖြစ်စီရအောင် သက်ဆိုင်ရာကျင်ဒိုင်နှစ်ဦးက ကြီးကြပ်နိုင်ရမည်။

(၉) ကျင်တလင်းသည် စည်းအပြင်ဘက် လူထုထဲသို့ပစ်ချခြင်း။ ကြိုးဝိုင်းစည်းပေါ်၌ ပစ်ချခြင်းမျိုးကြောင့် ကျင်သန်တဦးကျလဲလားပါက အယှုံး၊ အနိုင်၊ မပီးပဲ ပြန်ကိုင်စီရမည်။

(၁၀) ကျင်သန်တဦးဦး ကျင်ကိုင်၍ တကြိမ်ပြီးသဖြင့် အနားယူခွင့်တောင်းပါက ပီးသင့်က ပီးရမည်။ တကြိမ်မှာ (၁၅) မနစ်ထက် ပိုအနားယူခွင့်မပီးရ။

(၁၁) ကျင်သန်တဦးဦး ကျင်ကိုင်နီစဉ် စည်းကမ်းဖောက်ဖျက်မှုဟိပါက သတိပီးတားမြစ်ရမည်၊ ထုတ်ပယ်သင့် သည်ထင်မြင်က ကျင်သမာဓိထံ တင်ပြအတည်ပြုချက်ယူရမည်။

(၁၂) ကျင်ဒိုင်သည် ကျင်တတည်းတိုက်ပြီးတိုင်း အယှုံးအနိုင်ကို ကျင်တည်းအဖွဲ့သို့ ပြန်လည်တင်ပြ ပီးရ မည်။

(၁၃) ကျင်တွဲများကို ကျင်ကွင်းအနီအထားကိုကြည့်ပြီး ထုတ်တိုက်ရမည်။ ကျင်တည်းမများစီရ။

(၁၄) ကျင်ကွင်း၌ ကျင်တည်းမပြတ်စီရန်လည်း ဂရုစိုက်ရမည်။

(၁၅) ကျင်သန်များ ကျင်ကွင်းပြလိုက စီစဉ်ပီးရမည်။

(၁၆) ကျင်သန်များသည် ကျင်ပွဲမစမီကပင် ကျင်တလင်း၌ အဆင်သင့်ဟိနီရမည်။

၂။ ကျင်ဝတ္တရားများ
(၁) ကျင်ဒိုင်များသည် ကျင်တည်းတတည်း၏အယှုံးအနိုင်ကို ချက်ချင်းမှန်ကန်တိကျ ပြတ်သားစွာ ဆုံးဖြတ် ပီးနိုင်ရမည်။ ကျင်ဒိုင်နှစ်ဦးစလုံး ဆုံဖြတ်ချက်မှန်ရပါမည်။

(၂)ကျင်သန်များ ကျင်ကိုင်နီစဉ်ဖြစ်စီ။အနားယူနီစဉ်ဖြစ်စီ တဦးတဖက်ကိုမျှ အားပီးအမြှောက်ပြောခြင်း၊ အကြံ ပီးခြင်း လုံးဝမလုပ်သင့်။

(၃) ကျင်သန်တဦးဦး ကျင်နိုင်သည့်အခါ ဝမ်းသာအားရလက်ခုပ်တီးခြင်း၊ ထပြီးကျင်ကွင်းခြင်းများ လုံးဝ မလုပ် သင့်။

(၄) အဖမ်းကျင်သန်က အခံကျင်သန်၏ခါးကို ကိုင်ဖက်ထမ်းထားလျှင် အဖမ်းသားကို လွှဲပစ်မချစီရန် ချက်ချင်း တားပြီး အခံသားကိုအကျပီးရမည်။ အခံသားအကျမခံလိုက ပစ်ချခွင့်ပြုရမည်။

(၅)ကျင်ဒိုင်များသည် ကျင်ကိုင်နည်းပညာ၊ ကျင်ကိုင်းခြင်းစုံစုံလင်လင်ကို နှံ့စပ်အောင် သိထားရမည်။

(၆) ကျင်ဒိုင်အတွိအကြုံရင့်ကျက်အောင် ကြိုးစားရမည်။

(၇) ကျင်စည်းကမ်းများကို ပြည့်ပြည့်စုံစုံသိထားရမည်။

(၈) ဘက်လိုက်မှု လုံးဝကင်းယှင်းပြီး သမာသမတ်ကျရမည်။

(၉) ကျင်သန်များနှင့် ကျင်ပွဲကာလ၌ ရောရောနှောနှောမနီသင့်။

(၁၀) လာဘ်ပီးလာဘ်ယူ လုံးဝကင်းယှင်းရမည်။

(၁၁) ကျင်ဒိုင်များ ဆီးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း လုံးဝယှောင်ကြည်ရမည်။

(၁၂) ကျင်ဒိုင်များ သက်လုံကောင်စီရန် လေ့ကျင့်ခန်းများလုပ်သင့်သည်။

(၁၃) ကျင်သန်းများအပေါ်၌ ကြောသားရင်သားမခွဲခြားဘဲ စိတ်ထားစေတနာမှန်ရမည်။

(၁၄) ကျင်တိုက်နီချိန် ကျင်ဒိုင်အချင်းချင်းဖြစ်စီ၊ တခြားသူများနှင့်ဖြစ်စီ စကားပြောမနီသင့်။

(၁၅) ကျင်ဒိုင်ဝတ်စုံစနစ်တကျ၍ ဝတ်ဆင်ကြီးကြပ်သင့်သည်။
အခန်း(၇)
ကျင်ပွဲကျင်းပခြင်း

ကျင်ပွဲကို ကွင်းအဖွင့်ရတုဆို၍ မင်္ဂလာစည်တော်များတီးခတ်ကာဖွင့်လှစ်သည်။ ကျင်းကွင်းကို နံ့သာရည်များ ပက်ဖြန်းရသည်။ ကျင်တည်း (ကျင်တွဲ) များကို စမတင်မှီ မင်္ဂလာကျင်တည်းများကို စ၍တိုက်လေ့ဟိသည်။ ကျင်တိုက်ရာ၌ ကျင်စည်တီးပီးရသည်။ ကျင်စမတိုက်မှီ စာရင်းဝင်ကျင်သန်များ ကျင်ကွင်းထဲ၌ ကျင်ကွင်းပြ ရသည်။ ကျင်ကိုင်၍ ကျင်တတည်းနိုင်သူကို “နှစ်ခေါက်နိုင်” ဟု သတ်မှတ် သည်။ နှစ်တည်းနိုင် ပါက လေးခေါက်နိုင်။ သုံတည်းနိုင်ပါက ခြောက်ခေါက်နိုင် စသည်ဖြင့် မောင်း လုပွဲ၊ ဗိုလ်လုပွဲရောက်အောင်ထိ ဆက်နိုင်လားရသည်။

ကျင်တတည်း အယှုံးအနိုင်ပြီးတိုင်း ပရိသတ်ထံ ယှုံးသူရော၊ နိုင်သူပါ ဆုခံယူရသည်။ ခုံသမာဓိလူကြီးအဖွဲ့က စတင်ပြီး “ပန်းဆုငွေ” ချီးမြှင့်ပီးရသည်။ ကျင်ပွဲကျင်းပပြီးခါနီး၌ ကျင်ဒိုင်အချင်းချင်း ချစ်ကြည်ရေးကျင် ကိုင်ရသည်။ ကျင်သန်များကျင်နိုင်သည့်အခါ ကျင်ကွင်းပြရသည်။ ကျင်သန်များ နောက်ဆုံးဗိုလ်ဆွဲ မောင်း ရသည့်အခါလည်း ကွင်းထဲပတ်၍ ကျင်ကွင်းပြ၍ ကျင်ပွဲကြည့်ပရိသတ်များသည် ကျင်ဇေပြားများ ဝယ်ယူပြီး ကျင်သန်များဆုခံစဉ် ကျင်းကွင်းပြစဉ်၌ ဆုချီးမြှင့်ပီးရသည်။ ငွေသားလည်း ဆုချီးမြှင့်ပီးနိုင်သည်။ ကျင်သန် များက မဏ္ဍပ်တွင်းပရိသတ်ထံမှ ဆုချီးမြှင့်မှုခံယူပြီး ရလာသည့်ကျင်ဇေပြားများကို ကျင်ဇေပြားဖိုး ဆုငွေပြန် ပီးချေရေးအဖွဲ့ထံ၌ ဇေပြားနှင့်ငွေ ဖလှယ်ယူရသည်။ “ကျင်ခုံသမာဓိအဖွဲ့” က ကျင်ဒိုင်များထံမှ တင်ပြလာ သည့် ကျင်သန်များနှင့်ပတ်သက်သည့် တင်ပြချက်များကို ဆုံးဖြတ်ပီးရသည်။

ကျင်းပွဲကျင်းပရာ အငယ်တန်း၊ အလတ်တန်းစသည့် အောင်တန်းမှ ကျင်သန်များကို စတင် တိုက်ရပြီး ရွှေ မောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်များကို ပွဲတော် နောက်ဆုံးရက်များ၌ရာ တိုက်လေ့ ဟိ သည်။ ကျင်တည်းများကို ယှုံးဖြုတ်စနစ်ဖြင့် ကျင်းပသော်လည်း ယခုအခါ တချို့ပွဲများ၌ ကျင်သန်ဦးရေ နည်း သော ရွှေမောင်းတန်း (ပထမတန်း/အကြီးတန်း) ကျင်သန်ကြီးများကို ပရိသတ်က အားရပါးရ ကြည့်ရှုနိုင် စီရန် ပတ်လည်စနစ်ဖြင့် ကျင်းပသည်လည်းဟိသည်။
အခန်း (၈)
ကျင်ကွင်းနည်းများ

ကျင်သန်များသည် ကျင်းကွင်းထဲ ကျင်ကွင်းပြရာတွင် ကျင်ပွဲအသီးသီးမှ မိမိရဟိထားသော ရွှေ၊ ငွေ ဆု တံဆိပ်များကို လိုင်တွင်ဆွဲ၍ ကျင်ကွင်းပြရသည်။ ရှိဦးစွာ မိမိ၏ကျင်ကွင်းနည်းပြဆရာများကို ကန်တော့ရ သည်။ ကျင်ခုံသမာဓိ လူကြီးအဖွဲ့ကို ဂါရဝပြုရသည်။ နောက်ပရိသတ်ဘက်သို့လှည့်၍ ဂါရဝပြုရသည်။ ပြီးမှ ကွင်းတပတ်လှည့်၍ ကျင်ကွင်းပြရသည်။ ကျင်ကွင်းနည်းအမျိုးမျိုးဟိသည်။ အောင်တွင်ဖော်ပြထားသည်။

(က) ဝံ့လက်သဲ (သို့) ၀ံလက်သစ်ကွင်းနည်း
 ကျင်သန်သည် မားမားမတ်မတ်ရပ်လိုက်သည်။ တည်ကြည်သောမျက်နှာထားဖြင့် မိမိလက်နှစ်ဖက်ကို လက် အုပ်ချီးပူးကပ်ထားလိုက်သည်။ နဖူးပေါ်တွင်ကပ်၍ တဖြည်းတဖြည်း ဝဲယာသို့ ဆန့်တန်းထားသည်။ လက်နှစ် ချောင်းအနီအထားမှာ ငှက်တောင်များ ဖြန့်သကဲ့သို့ ဖြစ်သည်။ လက်နှစ်ချောင်းကို အပေါ်သို့ ဆတ်ခနန်း မြှောက်ချီလိုက်သည်။ ပြီးနောက် တနီရာသို့ လွှားကနန်း ခုန်လိုက်သည်။ နောက်တနီရာ သို့ရောက်သည်နှင့် ဘယ်-ညာလက်ဝါးနှစ်ဖက်ဖြင့်  ဘယ်-ညာပေါင်ပေါ် ရိုက်ခတ်လိုက်သည်။ ထို့သို့ ရိုက် ခတ်ပြီးနောက် ငှက်ဝံ လက် ပျံသကဲ့သို့ လက်များကို ဘယ်-ညာဆန့်တန်း ဝှေ့ယမ်းသည်။ သို့ဖြင့် တနီရာမှ တနီ ရာသို့ လှည့်လည်ပြီး ကွင်းတပတ်ပြည့်အောင် ကျင်ကွင်းပြသည်။

(ခ) ကျီကန်းရီချိုး ကွင်းနည်း
ကျင်သန်သည် ကိုယ်ကိုမားမားမတ်မတ်ရပ်လိုက်သည်။ ကိုယ်ဟန်အနီထားဖြင့် ကြံ့ခိုင်မှုကို ပြထားသည်။ လက်နှစ်ချောင်းကိုပူးကာ နဖူးပေါ်တွင်ကပ်၍ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းထားလိုက်သည်။ ဒူးကို ကုပ်နီဟန်ထားခန္ဓာကိုယ်ကို ထက်အောက်သို့ နှိမ့်ချီမြင့်ချီ ပြုလုပ်ပြသည်။ ကျီးကန်းရီချိုးသကဲ့သို့ မြင်ရ သည်။ သို့ဖြစ်၍ တနီရာမှ တနီရာသို့ပြောင်းရွှိပြီး လှည့်လည်ကျင်ကွင်းပြသည်။

(ဂ) ဥဒေါင်းဝဲ ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခြီထောက်ကိုစုံရပ်၍ ကိုယ်ကိုမားမားမတ်မတ်ရပ်၍ ဂါရဝပြုလိုက်သည်။ လက်နှစ် ဖက် ကို လက်ဦးချီ၍ နဖူးပေါ်တင်ကာ တဖြည်းဖြည်း ဝဲ-ယာသို့ ဆန့်တန်းလာသည်။ ခြီထောက် တချောင်း ကို မ,မြှင့်၍ ဘယ်-ညာများကို ဦးက္ခောင်းပေါ်တွင် ဝဲကာနွဲ့ကာ ကွင်းပြသည်။ တနီမှ တနီရာ သို့ပြောင်းရွှိ၍ ကွင်း တပတ်လည်အောင် ကွင်းပြသည်။

(ဃ) လင်းကွက် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့၊ ပွဲကြည့်ပရိသတ်ရို့အား ဂါရဝပြုလိုက်သည်။ ပြီးနောက် လက်ဝါးနှစ်ဖက်နှင့် ပေါင်ကို တချက်စီရိုက်ခတ်လိုက်သည်။ ကိုယ်ဟန်အနီအထားကို နွဲ့နှောင်း ထားကာ လက်များကိုကွေ့ဝိုက်၍ လင်းကွက်ငှက်ပျံသည့်အလား ဝှေ့ယမ်းကာ ကွင်းပြ သည်။

(င) လက်ခမောင်းခတ် ကွင်းးနည်း
ကျင်သန်သည် ခုံသမာဓိအဖွဲ့နှင့် ပရိသတ်အား ဂါရဝပြုသည်။ ခုံသမာဓိ အဖွဲ့ရှိရပ်ပြီး ဘယ်လက်ဝါး ကို ညာဘက်ချိုင်းအောက်သို့ သွင်းလိုက်သည်။ ညာဘက်လက်မောင်းကို နံဘေးနှင့် “ဖြောင်းဖြောင်း” မြည် အောင်ရိုက်ခတ်လိုက်သည်။ ထို့နောက် လက်နှစ်ဖက်ကို ၉၀ံ ခန့် ကွေး၍ တဖြည်းဖြည်းဆန့်တန်းလာသည်။ လက်နှစ်ဖက်ကို အပေါ်သို့ ဆတ်ကနန်းမြှင့်တင်ပြီး တနီရာသို့ပြီးလွှားကာ နီရာပြောင်းရွှိလိုက်သည်။ ယင်းမှ တနီရာသို့ပြီးလွှား၍ တပတ်ပြည့်အောင် ကွင်းပြသည်။

(စ) ကင်းမြီးကောက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ဂါရဝပြုသည်။ ထို့နောက် လက်နှစ် ဘက် ကို မြီတွင်ထောက်၍ ကင်းမြီးကောက်ထောင်လိုက်သည်။ ကင်းမြီးကောက်ထောင်၍ ဆယ်လှမ်းခန့် လားပြီး ဂျွန်းပြန်ကာ ရပ်စောက်ရပ်လိုက်သည်။ လက်များကိုပူး၍ ရင်ဘတ် နားတွင်ထားကာ တဖြည်းဖြည်း ဝဲ-ယာ သို့ဆန့်တန်းလာသည်။ ထို့နောက် နီရာပြောင်းလိုက်ပြီး ကင်းမြီးကောက်ထောင်ပြန်၍ ဆယ်လှမ်းခန့် ဆက် လားပြန်သည်။ ပြီးမှ ဂျွမ်းပြန်ကာ ရပ်စောက်ရပ် သည်။ ထိုသို့ကွင်းတပတ် ကွင်းပြသည်။

(ဆ) နောက်ဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်များကို ဂါရဝပြုသည်။ ပြီးနောက် ကျားကဲ့သို့ နောက်ဂျွမ်းပစ်ချလိုက်သည်။ နောက်ဂျွမ်းတချက်ပစ်လိုက်၊ လက်များကို ကွေးကာကွေးကာ ဝဲ-ယာ၊ ရှိ- နောက် ခန္ဓာကိုယ်ကို လှည့်လည်ကွင်းပြသည်။ ဤသို့ဖြင့် တနီရာမှ တနီရာသို့လှည့်လည်၍ ကွင်းပြသော အခါ နောက်ဂျွမ်းတချက်မှ ငါးချက်ထိ ဆက်တိုက်ဆက်တိုက် ပစ်ပြီး နီရာပြောင်းသည်။ ပွဲကြည့်ပရိသတ်က “ကျားလာရေ-ကျားလာရေ” ဟူ၍ ကြွေးကြော် ချီးမြှင့်သည်။

(ဇ) ရှိဂျွမ်းပစ် ကွင်းနည်း
ကျင်သန်သည် ခုံသမာဓိလူကြီးများနှင့် ပွဲကြည့်ပရိသတ်ကို ရှိဦးစွာဂါရဝပြုပြီး ကျားကဲ့သို့ လျှင်မြန်စွာ ရှိဂျွမ်း ပစ်လိုက်သည်။ ဂျွမ်းပစ်ပြီး လျှင်မြန်စွာ လက်နှစ်ဖက်ကိုဆန့်တန်းကာ စွန်များပျံဝဲသကဲ့သို့ ဝဲယာရှိ နောက် လှည့်လည်၍ ကွင်းပြသည်။ ပြီးနောက် ရှိဂျွမ်းသုံးပြန်ပစ်၍ နီရာပြောင်းသည်။ ယင်းသို့ ကွင်းတပတ် ပြည့် ကွင်းပြသည်။

(ဈ) သိန်းငှက် ကွင်းနည်း
ကျင်သန်သည် ရှိဦးစွာ မားမားမတ်မတ်ရပ်နီရာမှ ဂါရဝပြုလိုက်သည်။ ပြီးနောက် ဝဲ-ယာ လက်နှစ်ဖက် ကို ကွေးဝိုက်ပြီး ဆန့်လိုက်သည်။ ပြီးနောက် ကိုယ်ကို နွဲ့နွဲ့ညွတ်၍ ပေါင်နှစ်ဖက်ကို ရိုက်ခတ်လိုက်ကာ လက်နှစ် ဖက်ကို သိန်းငှက်ဝဲပျံသကဲ့သို့ မာန်ဖြင့်ကွေးဝိုက်ကာ နောက်တနီရာသို့ အဟုန်ဖြင့် ရွှိပြောင်းလှည့် ပတ်ကာ ပြန်ရပ်ပြီး ပေါင်ကို လက်ဝါးနှစ်ဖက်ဖြင့် ရိုက်ခတ်လိုက်သည်။ ပြီးနောက် ခြီတချောင်း ကို အနည်း ငယ်ကွေး မြှောက်ကာ သိန်းငှက်တောင်ဖံဝဲပျံနီပုံ လက်နှစ်ဖက်ကိုကွေးဖြန့်ဝိုက်ပြီး ကွင်းပြသည်။ ထိုသို့ ကွင်းတပတ် လှည့်ပတ် ကွင်းပြသည်။

(ည) ကြိုးကြာပျံ ကွင်းနည်း
ကျင်သန်သည် မားမားမတ်ရပ်ပြီး ကျင်ခုံသမာဓိလူကြီးများ၊ ပရိသတ်များကို ဦးညွတ်ဂါရဝ ပြုလိုက်သည်။ ပြီးနောက် ခြီကိုစုံရပ်၍ လက်နှစ်ဖက်ကို ဘေးသို့ ဆန့်ထုတ်လိုက်သည်။ ပြီးနောက် လက်နှစ်ဖက်ကို အထက်အောက် မြင့်ချီနိမ့်ချီပြုပြီး ခန္ဓာကိုယ်ကိုလှည့်ကာ နီရာပြောင်း ကွင်းပြသည်။ လက်နှစ်ဖက် ကွင်းဟန်မှာ ကြိုးကြာငှက်ပျံနီစဉ် တောင်ဖံနိမ့်ချီမြင့်ချီဖြစ်နီဟန် မြင်ရသည်။ ထို့သို့ ကွင်းတပတ်ပြည့်အောင် ကွင်းပြသည်။

ရခိုင်ကျင်အားကစပ်အတတ် တိုးတက်မြင့်မားပါစီ။ (လေးဝတီ ခိုင်ကျော်)
ရခိုင်စာပီနှင့်ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) မှ စီစဉ်သည့် ရခိုင်ယဉ်ကျေးမှုနှင့် ရိုးရာအားကစားပွဲတော် (ဒုတိယ အကြိမ်) အောင်ဆန်းအားကစားပြိုင်ကွင်း၊ မင်္ဂလာတောင်ညွန်မြို့နယ်၊ ရန်ကုန်။ (18/12/2004)မှ(20/12/2004) ထိ ရခိုင်ရိုးရာကျင်ပွဲတော်အတွက် ရခိုင်သားကြီးစာပီမှ အခမဲ့ဖြန့်ချီသည်။

နောက်ဆက်တွဲ စုစည်းတင်ပြသူ့၏လေ့လာသုံးသပ်ချက်

ရခိုင်တပြည်လုံးတွင် ကျင်ပွဲများကို နှစ်စဉ်ကျင်းပသည်။ အထူးသဖြင့် ပုဏ္ဏားကျွန်း၊ မင်းပြား ၊ ကျောက်ဖြူ၊ ပေါက်တော၊ စစ်တွေ၊ မြောက်ဦး၊ မြေပုံမြို့နယ်များသည် အထင်ကရ ကျင်သန်ထွက်ရာ ဒေသ များဖြစ်သည်။ ယင်းမြို့နယ်များတွင် အခြားမြို့နယ်များထက်ကျင်ပွဲများပြီးလျှင် ကျင်သန်များစွာထွက်သည်။ ကျင်စည်း ကမ်း နှင့် ပတ်သက်၍ ဒေသအလိုက် ခြားနားချက်ဟိသည်။ တချို့ကျင်သန်များသည် တမြို့ နယ်မှ တမြို့နယ်သို့ ကျင်လားကိုင်သောအခါ၊ မထင်မှတ်မှုများနှင့် ကြုံတွိနိုင်သည်။ အကြောင်းကား ယင်းမြို့ နယ်ဒေသ၏ ကျင် စည်းကမ်းကို နားမလည်သောကြောင့် ဖြစ်သည်။ စစ်တွေ၊ ပုဏ္ဏားကျွန်း ၊ မြောက်ဦး၊ မြေပုံ၊ပေါက်တော၊ မင်းပြားမြို့နယ်များ၌ ကျင်စည်းကမ်းမှာ -

မောင်နီ က (ခံ) မောင်ဖြူက (ဖမ်း) သောအခါ
အခံသား “မောင်နီ” မကျပဲ၊ အဖမ်းသား “မောင်ဖြူ” ကျသည်။
နောက်တလှည့်မှာ -
မောင်နီဖမ်း၍ “မောင်ဖြူ” ခံသောခါ“မောင်နီ” က “မောင်ဖြူ” ကိုဖမ်း၍မရသောကြောင့် ပထမအကြိမ် ကျထားသော “မောင်ဖြူ” သည် နောက်တခေါက်ပြန် ထပ်ဖမ်းခွင့်ဟိသည်။ ယင်းကျင်စည်းကမ်းစနစ် သည် ကျောက်ဖြူ၊ ရမ်းဗြဲ၊ တောင်ကုတ်မြို့နယ်များ၌ မဟိပါ။ ကျသူကျ၊ နိုင်သူနိုင်၊ တယောက်တ လှည့်စနစ်ကိုရာ ကျင့်သုံးသည်။

အရာတခု ထူးခြားချက်မှာ -
မြောက်ပိုင်းတခွင် အခံသားသည် အဖမ်းသားဘားက ထွက်ပြီးရေအခါ၊ အဖမ်းသားအတင်းလိုက်ကေလည်း အခံသားစွာ လက်ကာ၍ရာ ငြင်းပယ်ခွင့်ဟိသည်။ ယေခါ ဒိုင်လူကြီးက ကျင်စည်းကမ်းးဘောင်ကနီပြီး အဖမ်း သားကိုတားမြစ်ရသည်။ ယင်းစည်းကမ်းကို တောင်ပိုင်းတခွင်၌လည်း ကျင့်သုံးသည်။ ယေကေ လည်းသော့ ခြားနားချက်မှာ ကျင်ခံသားထွက်ပြီးရေအခါ ကျင်ဖမ်းသားက ကောင်းကောင်း သတိထားရ သည်။ အကြောင်းကား လိုက်လာရေကျင်ဖမ်းသားကို ကျင်ခံသားက ခုခံသည်အားဖြင့် လက်ကာရုံ သာမက ပြန်ပစ်ခွင့်ဟိ၍ ဖြစ်သည်။

ဥပမာ–
ကျင်အခံသား “မောင်ဖြူ” က ကျင်အဖမ်းသား “မောင်နီ” လိုက်တေအခါ ကျင်ခံသားမောင်ဖြူက ကျင်ဖမ်း သားမောင်ဖြူကို ခါးစောင်းတင်ပြန်၍ ခုခံဝေးပစ်နိုင်သည့် အတွက် ကျင်ဖမ်းသား မောင်နီကျလား  ရေအခါ ယင်းစွာကို အသင့်ဟုယူဆသည်။ သို့သော်မြောက်ပိုင်းတခွင်၌ ယင်းစွာကိုအပြန်ဟု သတ်မှတ်သည်။ ဤ ကား တောင်ပိုင်းမြောက်ပိုင်း ကျင်စည်းကမ်း ခြားနားချက်ဖြစ်သည်။

မှားယွင်းချက်များဟိပါက အကြောင်း ကြားပီးပါ။ ပြန်စစ်ဆီးကြည့်ပါမည်။

(သျှင်ဣန္ဒောဘာသ)

No comments:

Post a Comment