အဘိရာဇာမည်သောမင်းတစ်ပါးရှိလေ၏။ ထိုမင်းသည်သာကီဝင် မင်းမျိုးမင်းနွယ်မှဖြစ်လေသည်။မဇ္ဇိုမ ဒေ သ မှ စစ်ရေးအရဗိုလ်ပါအလုံးအရင်းနှင့် ထွက်ခွာလာလေသည်။ တကောင်းသင်းတွေးပြည်ကို တည် ထောင် ၍စိုးစံအုပ်ချုပ်နေလေသည်။
ထိုမင်း၌ သားတော်နှစ်ပါးဖြစ်ထွန်းခဲ့လေ၏။ ကံရာဇာကြီးနှင့်ကံရာဇာငယ်ဟူ၍အမည်ရှိလေ၏။ ခမည်းတော် မင်း နတ်ရွာစံလေသော် ထိုမင်းသားနှစ်ပါးတို့ကျန်ရစ်ခဲ့လေ၏။ ထိုမင်းသားတို့သည် ခမည်းတော်၏စည်း စိမ် ကို ဆက်ခံရန်အငြင်းပွားခဲ့ကြလေ၏။
“သူရထိုက်-ငါရထိုက်”နှင့် မသင့်မတင့်ရှိကြလေသော် အသင်းအပင်းတို့ နှစ်ဖွဲ့ကွဲကြလေ၏။ သူ့ဘက် ကိုယ့် ဘက်အချင်းချင်းအလုအယက်ဖြစ်ကြလျက် သတ်အံ့သော အစီရင်ကိုပြုခဲ့ကြလေ၏။ ထိုအခါပညာရှိတို့သည် စိုးရိမ်ခြင်းကြီးစွာ ဖြစ်ခဲ့ကြရလေသည်။

ထို့နောက်မင်းသားနှစ်ပါးတို့အား တောင်းပန်ကြလေ၏။
“အရှင့်သားတို့ နန်းလုကြခြင်းဖြင့် စစ်မက်ပြုကြလျှင် ပြည်သူတို့ ဆုံးရှုံးပျက်စီးကြရာသည်။ ထို့ကြောင့် အရှင် နှစ်ပါးသည် ကုသိုလ်စစ်ထိုး၍ အောင်မြင် သူက မင်းပြုတော်မူကြပါ” ဟုလျှောက်တင်ကြလေ၏။မင်းသားတို့ က… “အသို့လျှင် ကုသိုလ်စစ်ပြုရအံ့နည်း” ဟုမေးကြလေ၏။
ထိုအခါ…“အရှင်သားနှစ်ပါးသည် အလှူကြီးပေးကြကုန်၊အလှူကြီးအတွက် တစ်ယောက် တစ်ဆောင်ကျစီ မဏ္ဍပ်ကြီးဆောက်လုပ် တော်မူပါ။ တစ်ညဥ့် အတွင်းပြီးနိုင်သောသူသည် ပြည်စည်းစိမ်ကိုယူတော်မူပါ” ဟု လျှောက်တင်ပြောဆိုကြလေ၏။
ထိုအစီအမံအတိုင်း မင်းသားနှစ်ပါးလည်း လက်ခံကြလေ၏။ထို့နောက်တောင်တစ်လုံးကို မဏ္ဍပ်တစ်ဆောင် စီဆောက်လုပ်ကြလေ၏။ မင်းသားအကြီး ကား ပညာဖြင့်ပညာဖြင့် မဆင်ခြင်ဘဲကြီးစွာသော သစ်ဖြင့်လုပ် လေ၏။ ထို့ကြောင့်ညတွင်းချင်းမပြီးစီးနိုင်ဘဲ ရှိခဲ့ရလေသည်။ မင်းသားငယ်မူ သိမ်မွေ့ နက်နဲသောပညာဖြင့် အမြန်ပြီးစီးရန် လုပ်လေ၏။ပြီးလျှင် အပေါ်၌ ပုဆိုးလွှမ်းကာ ထုံးဖြူမံလေ၏။
နံနက်မိုးသောက်သော်လည်း မင်းသားငယ်၏ မဏ္ဍပ်မှာ ဖွေးဖွေးဖြူလက် တွေ့မြင်ရလေ၏။ ထိုအခါ နောင် တော်က…“ငါ့ညီကား ဘုန်းပညာနှင့် ပြည့်စုံသည်” ဟုလက်ချ၍ အရှုံးခံသွားလေသည်။ ထို့ကြောင့် ညီငယ် သည် အနိုင်ရလျက် ထီးနန်းကို အပ်နှံခံခဲ့ရလေ၏။ နောင်တော်ကြီးသည် မိမိရဲမက်ဗိုလ်ပါတို့ဖြင့် ထိုနေရာမှ ထွက်ခွာခဲ့လေ၏။ ထိုအခါ ပြည်သူပြည်သားတို့လည်း အေးချမ်းသာယာစွာ ဖြစ်ခဲ့ရလေသတည်း။
အရှင်စက္ကိန္ဒ(ရခိုင်တံခွန်ပုံပြင်များ)
(ရခိုင်ရှေးထုံးရာဇ၀င်မှ)
No comments:
Post a Comment