အမျိုးသားထုတ်ကုန်သစ် ဖန်တီးခြင်း / (၀ဥ) ထုတ်ကုန်သစ်

ရခိုင်အမျိုးသား အကျိုးစီးပွားမြှင့်တင်ရေးအတွက် အမျိုးသားတစ်ရပ်လုံး ပါဝင်လှုပ်ရှားဆောင်ရွက်နိုင်မည့် ကုန်စည်သစ်များ ဖော်ဆောင်ပေးကြရပါမည်။

ရခိုင်အမျိုးသားလုံးဆိုင်ရာ ၀င်ငွေရရှိသည့် ထုတ်ကုန်များမှာ စပါးဆန်၊ သစ်၊ သားငါး တို့ ဖြစ်နေဆဲပါ။ တစ်နည်း အမျိုးသားသားထုတ်ကုန်များ အမယ်နည်းခြင်း၊ အဆင့်နိမ့်ခြင်း၊ စီးပွားဖြစ်  များများစားစား မထုတ် လုပ်နိုင်ခြင်းတို့က ဈေးကွက်ကောင်းရရှိရေးနှင့် စီးပွားရေး အလားအလာကောင်းခြင်းများကို အားယုတ်စေ ပါသည်။

ကျွန်တော့်အနေဖြင့် ရှိရင်းပြီးသော အမျိုးသားထုတ်ကုန်များ အဆင့်မြှင့်တင်ရေး၊ စီးပွားဖြစ် များများစားစား ထုတ်လုပ်ရေးနည်းတူ၊ အမျိုးသားထုတ်ကုန်သစ် အမယ်သစ်များ ဖန်တီးရေး ပိုမိုဇောင်းပေး တင်ပြသွားရန် အားပြုထားပါသည်။

ယခုတင်ပြသည့် (၀ဥ) စိုက်ပျိုးကုန်ထုတ်ရေးမှာ ရခိုင်အမျိုးသားထုတို့ ပိုင်ဆိုင်သော ကုန်းတန်းမြေ၊ တော တန်း၊ တောင်တန်း၊ တောင်ခြေများတွင် စီးပွားဖြစ်အလွန် အလားအလာကောင်းသော စိုက်ပျိုးရေး ထုန်ကုန် သစ်ဖြစ်ပါသည်။

ဝဥမှာ ရခိုင်ဒေသများတွင် အလေ့ကျသဘာဝပေါက်ပင် ပိန်းပင်မျိုးရင်းဝင် ဖြစ်ပါသည်။ ရခိုင်တောတန်း၊ ဥယျာဉ်ခြံမြေ၊ ယာမြေများ၊ တောင်ခြေတောင်နိမ့်များတွင် အလွန်ပေါကြွယ်ဝစွာ ပေါက်ရောက်ပါသည်။ လွန်ခဲ့သော ၁၀နှစ်ခန့်ကတည်းက တရုတ်နှင့် ပြည်ပ၀ယ်လက်များ၏ အ၀ယ်လိုက်မှုကြောင့် တောင်သူ ဆင်းရဲသားများ၊ လက်လုပ်လက်စားများ မိုးဦးကာလများတွင် သက်မွေးဝမ်းကျောင်း လုပ်ငန်းစဉ် တစ်ရပ် အဖြစ် တူးဖော်ကာ ဒေသအ၀ယ်ဒိုင်များတွင် ရောင်းဝယ်ဖောက်ကား လုပ်စားကြပါသည်။

ယခုကာလတစ်ရပ်တိုင် အလေ့ကျသဘာဝပေါက်သော ၀ဥပေါက်ပင်များမှ ၀ဥများကို အဆက်မပြတ် နှစ်စဉ် အင်အားတစ်ရပ်အနေဖြင့် တူးဖော်ရောင်းဝယ်ဖောက်ကား လိုက်ကြသဖြင့် ရှားပါးကုန်စည် အဆင့်သို့ ယနေ့ရောက်ရှိလာခဲ့ရပါသည်။ သို့သော် ၀ယ်လိုအားမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုအားကောင်း လာပြီး၊ ဈေးနှုန်းလည်းကြီးမြင့်လာနေပေရာ အလေ့ကျဝဥပင် တူးဖော်ရောင်းစားခြင်းမှ စမ်းသပ်စိုက်ပျိုးကြသည့် အဆင့်သို့ ရခိုင်ဒေသတစ်ချို့တွင် လုပ်ကိုင်လျက်ရှိနေကြပြီး ဖြစ်ပါသည်။

ယခင်က တရုတ်ပြည် မူဆယ်သို့ တင်ပို့ရခြင်းတစ်ခုတည်း ဈေးကွက်ရှိနေမှုမှ ယခုရန်ကုန်တွင် အဆင့်မြင့် ၀ဥ ကုန်ချောထုတ် စက်ရုံကြီးများ တည်ထောင်လာခဲ့ပြီး ဂျပန်ဝယ်လက်များပါ စတင် ၀ယ်ယူလျက် ရှိနေပြီဖြစ်ပေါသည်။

ဂျပန်ကုမ္ပဏီနှင့် ၀ယ်လက်များအနေဖြင့် အလေ့ကျသဘာဝပေါက်ပင်မှ ၀ဥများထဲမှ အပင်အရွက်ကျချိန်မှ တူးဖော်သော ၀ဥများကိုသာ ဦးစားပေးဝယ်ယူရန် ဆန္ဒရှိပြီး (မိုးလွန်ကာလ ၀ဥများကိုသာ ဦးစားပေး ၀ယ်ယူရန် ဆန္ဒရှိပြီး)၊ မိုးတွင်းကာလ ၀ဥများကို သဘောမတွေ့ကြပါ။ ဂျပန်ဝယ်လက်တို့ ကန့်ထည့်ပြီး မီးကင်သော ၀ဥ ကုန်ချောချပ်ပြားများကိုပင် ၀ယ်ယူနိုင်ကြပါသည်။ အထူးသဖြင့် သြဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးသော ၀ဥများနှင့် သဘာဝအတိုင်း ပေါက်ရောက်ကြီးထွားသော ဥများကိုသာ ရသရွေ့ ၀ယ်ယူနိုင်ကြောင်း ဂျပန်များနှင့် တိုက်ရိုက်ဆွေးနွေးသိရှိရပါသည်။

တရုတ်ပြည် ၀ယ်လက်များမှလည်း တစ်နေ့တခြား ဈေးနှုန်းတိုးမြှင့်ေ ပးဝယ်လာပါသည်။ ကမ္ဘာ့ဝယ်လိုအား ကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာနေဆဲဖြစ်ပါသည်။

ရခိုင်ကျေးလက်ဖွံ့ဖြိုးရေးအတွက် စီးပွားရေးလုပ်ကွက်သစ်တစ်ရပ်အဖြစ် (၀ဥ)စိုက်ပျိုးကုန်ထုတ်ကြနိုင်ရေး အတွက် ၀ဥ(သြဂဲနစ်) အခြေခံစိုက်ပျိုးနည်းစနစ်ကို ပေါင်းကူးဖော်ပြပေးအပ်ခြင်းသာ ဖြစ်ပါသည်။

(၀ဥ)စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်ရေးနှင့် သြဂဲနစ်မြေသြဇာ သုံးစွဲရေးလမ်းညွှန်

၁။   အင်္ဂလိပ်အမည် - Elephant Yam 
- White Yam (or)
- Tellinga Potato

၂။   ရုက္ခဗေဒအမည် - Amorpho phallus companulatus

၃။   မျိုးရင်း - Araceae

ဝဥ အပင်ပုံသဏ္ဍာန်

အပင်        ။   ။ ၀ဥပင်သည် နှစ်ရှည်ခံပျော့ပင်မျိုးဖြစ်သည်။ သစ်ရိပ်ဝါးရိပ်အောက် အရိပ် အာဝ သကောင်းသော မြေပွ၊ အစိုဓါတ်ကောင်းသောနေရာတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ မိုးရာသီတွင် မြေပေါ်ပင်ပိုင်းထွက်ပေါ်ပြီး ဆောင်းအခါ အပင်ကျသွားပါသည်။ အပင်မှာ ၂ပေ ၄ပေခန့်သာ မြင့်ပါသည်။

အရွက် ။ ပင်စည်ရင်းမှ ထွက်ပေါ်ပြီး ငှက်မွေးရွက်ဖြစ်သည်။ ရွက်တံရှည်သည်။ အလျား ၁-၃ ပေခန့်ရှည်သည်။ ရွှက်မွှာများ အပင်ထိပ်ဘက်တွင် နှစ်ဆင့်စီကွဲပြီး ရွက်ရင်းနားထိ ဟိုက်သည်။ ရွက်မွှာ (၄-၅)မွှာစီ ပါရှိပြီး ရွက်ထိပ်ပိုင်းချွန်သည်။ ရွက်ညှာတံမှာ မျိုးကိုလိုက်၍ အစိမ်းရောင်၊ အစိမ်းဖြူကြား၊ ပန်းခရမ်းရောင် စသည်ဖြင့် တွေ့ရသေးသည်။ ရွက်မွှာကွဲစ နေရာတွင် မျိုးပွားနိုင်သော ဥအတက်ငယ် ကလေးများ ဖြစ်ပေါ်လာသည်။

အပွင့် ။ ပင်(၄-၅)နှစ်ကြာမှ ပွင့်ပြီး ပင်သက်ကုန်ဆုံးသည်။ ပိန်းပွင့်ကဲ့သို့ ပွင့်ပြီး ပွင့်ခံရွက်အုံမှာ ကြီးမား၍ ၁.၅မှ ၂ပေခန့်ထိ ကျယ်ပြန့်ပြီး ၁.၇၅ ပေထိ ရှည်သည်။ အနားလှိုင်းတွန့်ကဲ့သို့ဖြစ်နေပြီး နီညိုရောင်ဖြစ်သည်။ အနံ့ပြင်းပြီး အပွင့်များကား ငယ်သည်။ အဖိုအမ သီးသန့်ပွင့်ကြသည်။ ပန်းခိုင်မှာ ၁ ပေနီးပါးရှည်သည်။

ဝဥ မျိုးကောင်းများနှင့် အရည်အသွေး အဆင့်အတန်းသတ်မှတ်ခြင်း

ဝဥတွင် ပါဝင်သော Manan ခေါ်သော ဓာတ်ပါဝင်မှုအပေါ်တွင် မူတည်၍ မျိုးစိတ်ကို အဆင့်ဆင့် သတ်မှတ်သည်။ ၀ဥကို ပါးပါးလွှာ၍ နေရောင်တွင် ထောင်ကြည့်ပါက ပုလဲလုံးလေးများ စီရီထားသကဲ့သို့ တွေ့နိုင်သည်။ ယင်းဓာတ်ပါဝင်မှု ၆၀ ရာခိုင်နှုန်းထက်ကျော်လျှင်မျိုးကောင်းသည်ဟု သတ်မှတ်ပါသည်။ ထပ်မံ၍ သတ်မှန်ရန်မှာ အလေးချိန်ပေါ်မူတည်၍ သတ်မှတ်ပြီး ၄မျိုး ခွဲခြားထားပါသည်။

(က) အကောင်းဆုံးအမျိုးအစား - ၁ ပိဿာ ၅၀ ကျပ်သားအထက်

(ခ) အကြီးစား - ၉၀ ကျပ်သားမှ ၁.၅ ပိဿာ

(ဂ) အလတ်စား - ၂၀ ကျပ်သား(၅၀)မှ ၉၀ ကျပ်သား

(ဃ) အသေးစား - ၂၀ ကျပ်သားအောက်

ဖော်ပြပါသတ်မှတ်ချက်များအပြင် ၀ဥကို တူးဖော်ပြီး (၃)ရက်ထက် ပို၍ အခြောက်မထားသင့်ပါ။ အရိပ်ရ လေသလပ်ရာတွင် သိုလှောင်ထားရပါမည်။

မျိုးသန့်စင်မှု

မျိုးအတွက် မသိုလှောင်မှီ မှိုသတ်ဆေးတစ်မျိုးမျိုး (သို့) ဇီဝရွက်ဖျန်းဆေး ၁၀၀ စီစီနှင့် ရေ (၄)ဂါလံရော၍ ဖျန်းပေးထားရမည်။ ၀ဥများ အရွယ်ညီညာမှု၊ရောဂါကင်းမှု၊ ရိပုပ်ခြင်းမရှိဘဲ အမှိုက်သရိုက်ကင်းစင်မှုတို့ဖြင့် ပြည့်စုံရန်လည်း လိုပါသည်။

ပါဝင်သောဓာတ်များ-

အဓိကအားဖြင့် Manan grain ပါဝင်မှုများလျှင် ကောင်းမွန်ပါသည်။

အကောင်းဆုံးမျိုးမှာ-

(က) အ၀ါရောင်မျိုး (Campanulatus)
(ခ) ပန်းရောင်အနုမျိုး (Conjak)

ဝဥ စနစ်တကျ စိုက်ပျိုးထုတ်လုပ်နည်းစနစ်များ

(က) မြေပြုပြင်ခြင်း

အခြားသီးနှံများ စိုက်ပျိုးသကဲ့သို့ စိုက်ပျိုးရန် ရွေးချယ်ထားသော မြေပေါ်မှာ သစ်ပင်၊ ချုံပင်၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်း၍ ထယ် (၁) လွှာ၊ ထွန်နှစ်လွှာ ၀င်၍ မြေပြုပြင်ရပါမည်။ ထို့နောက် စိုက်တန်း၊ စိုက်ကျင်း များ ပြုပြင်ပေးရပါသည်။

(ခ) စိုက်စနစ်

တန်းကြား ၃ ပေ၊ ပင်ကြား ၂ ပေ စိုက်ပျိုး၍ တစ်ဧက အပင်ဦးရေ ၇၂၆၀ ပင် အနည်းဆုံး ၀င်ဆန့်အောင် စိုက်ပျိုးသင့်ပါသည်။

(ဂ) မျိုးဥမျိုးပွားထုတ်လုပ်နည်း

ဝဥကို စနစ်တကျ စိုက်ခင်းများဖြင့် ဧကများစွာ စိုက်ပျိုးထုတ်လုပ်မည်ဆိုပါက မျိုးဥများ လုံလောက်စွာ ရရှိအောင်  စနစ်တကျ စီမံဆောင်ရွက်ရန် လိုအပ်ပါသည်။ ၀ဥ မျိုးပွားနည်း (၄) နည်းရှိပါသည်။

မျိုးပွားနည်း (၁)

ပထမနည်းမှာ (၃၀) ကျပ်သား အရွယ်ရှိ ၀ဥကို တိုက်ရိုက်ဥချ၍ စိုက်ပျိုးနိုင်သည်။တစ်ပိဿခန့်ရှိသော  ဥများကို လေးစိတ် အညီအမျှခွဲခြမ်း၍ မျိုးပိုင်းယူ၍ စိုက်ပျိုးနိုင်ပါသည်။ ဤသို့(၃၀)ကျပ်သား အရွယ် အနည်းဆုံးရှိသည့် ဥများကို မျိုးဥအဖြစ် အသုံးပြုစိုက်ပျိုးနိုင်မှသာလျှင် နှစ်ချင်းအသုံးပြုနိုင်သည့် ရောင်းတန်း ၀င်ဥကြီးများကို ရနိုင်ပါသည်။

မျိုးပွားနည်း (၂)

ဝဥပန်းခိုင်မှ ထုတ်လုပ်ရရှိသည့် မျိုးစေ့ငယ်များကို ပထမနှစ် အနေဖြင့် စတင်၍ မျိုးဘောင်အတွင်း ပျိုးထောင် ပါသည်။ ၎င်းမျိုးပင်လေးများမှ ပထမနှစ်အတွင်း မျိုးဥအငယ်လေးများကို ရရှိပြီးနောက် ဒုတိ ယနှစ်တွင် ဆက်လက်၍ ပျိုးဘောင်ဖြင့် ဆက်လက်စိုက်ပျိုးပြီး ဥဖို့ကြီးလာအောင် ပျိုးထောင် စိုက်ပျိုး ထားခြင်းဖြင့် (၃၀)ကျပ်သားအရွယ် မျိုးဥများကို နောင်နှစ်တွင် ရောင်းတန်းဝင် ဥကြီးဖြစ်ရန် နည်း(၁)ဖြင့် စိုက်ပျိုးရပါမည်။

မျိုးပွားနည်း (၃)

မြေအောက်ရှိ ၀ဥ ဥပွားများကို ခွဲယူ၍ မျိုးအဖြစ်လည်း စိုက်ပျိုးနိုင်ပါသည်။

မျိုးပွားနည်း (၄)

အရွက်မှ အသီး (အရွက်သီး) များကို စိုက်ပျိုးခြင်းဖြင့်လည်း ၀ဥပျိုးပင်များကို ရရှိနိုင်ပါသည်။ 

စိုက်ခင်းတွင် မြေချစိုက်ပျိုးနည်း

ဝဥမျိုးဥများကို စိုက်ပျိုးရန် စိုက်ခင်းပြင်ရာတွင် (၆x၆) လက်မ အကျယ်အ၀န်းတွင် (၆)လက်မအနက်ခန့် ကျင်းပြင်ကာ ပေါင်းမြက်ကောက်၍ အပေါ်ယံ ၂လက်မ၊ ၃လက်မခန့် ၀ဥအား မြေဖုံးမိရုံဖုံး၍ စိုက်ပျိုး ရပါသည်။ မြေတွင်းလွန်စွာ နက်အောင်မြုပ်၍ မစိုက်ပျိုးသင့်ပါ။ မြေချစိုက်ပျိုးခြင်းကို မြန်မာပြည် ရာသီဥတု အရ မိုးရာသီ မေလတွင် စတင်စိုက်ပျိုးသင့်ပါသည်။ 

အပင်ပြုစုခြင်း

စိုက်ပျိုးထားသည့် ၀ဥများ အညွှန့်ထွက် မြေပေါ်အပင်ပိုင်း ကြီးထွားလာပြီး အမြစ်များဖြစ်ပေါ်လာသည့်အခါ ပေါင်းသင်မြေဆွ ဘောင်လုံး မြေဖုံးပေးရပါသည်။ ရေမ၀ပ်ရန် အထူးဂရုစိုက်ဖို့ လိုပါသည်။ စိုက်ခင်းတွင် အရိပ်ပင်များ မရှိပက ၆၀% အရိပ်ရအောင် ပြုလုပ်ပေးသင့်ပါသည်။ အစိုဓါတ်ဖမ်းပေးခြင်း (နွေရာသီ) ပြုလုပ်ပေးရပါမည်။

ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းခြင်း 

ဝဥပင်တွင် ပိုးမွှားရောဂါကျရောက်ဖျက်ဆီးမှု နည်းပါးပါသည်။ သို့သော် တခါတရံ ရွက်စားပိုးများ ကျရောက် တတ်သည်။ ၀ဥများကို ဒဏ်ရာထိခိုက်မှုရှိပါက ပုပ်ရိရောဂါဝင်နိုင်၍ အပင်ပြုစုစဉ် ၀ဥများကို မထိခိုက် မိအောင် သတိထားဖို့လိုပါသည်။ တစ်ခါတရံ ၀ဥပင်စည်များ ထိခိုက်မိသည့် ဒဏ်ရာပေါက်မှ အစေးများ ထွက်၍ အပင်နာနိုင်ပါသည်။ သို့ပါ၍ ပင်စည်များကို ဒဏ်ရာမရအောင် ဂရုစိုက်သင့်ပါသည်။ ၀ဥများ ဒဏ်ရာရ၍ ပုပ်စပြုချိန်တွင် အပုပ်ပိုင်းကုန်အောင် ခြစ်ပြီး ရွက်စိမ်းရွက်ဖြန်း မြေသြဇာဖြင့် (၁)ရက် ရေစိမ် လူးနယ် သုံးပေးလျှင် ပုပ်ရိပျက်စီးခြင်းမှ တားဆီးနိုင်ပါသည်။ 

ဝဥ တူးဖော်ရိတ်သိမ်းခြင်း
ဝဥကို မိုးဦးမေလတွင် စတင်စိုက်ပျိုးပြီး မိုးကုန်ဆောင်းဦးရာသီ နိုဝင်ဘာ၊ ဒီဇင်လာလများတွင် မြေပေါ်ပင်ပိုင်း ညှိုးနွမ်းပင်ကျသွားချိန်၌ တူးဖော်ရိတ်သိမ်းရပါသည်။ တူးဖော်ရိတ်သိမ်းချိန်တွင် ဥများကို ထိခိုက်ဒဏ်ရာ မရအောင် ဂရုစိုက်တူးဖော် ယူရမည် ဖြစ်ပါသည်။

ဝဥတွင်ပါဝင်သောဓါတ်

အဓိကအားဖြင့် Manan grain ပါဝင်မှုများလျှင် ကောင်းမွန်ပါသည်။

အာနိသင်

မြန်မာ့ဆေးကျမ်းများအလိုအရ ကိုယ်လက်ကြံ့ခိုင် ကျန်းမာဝဖြိုးစေသည်။ ဖန်သည်။ ခြောက်ကပ်စေသည်။ ယားယံနာ၊ ဆာလောင်မွတ်သိပ်မှုတို့ကို ပြေပျောက်စေသည်။ သလိပ်ကို လျဉ်စေသည်။ အဖျဉ်း၊ နှလုံး၊ လေပြွန်ရောင်၊ လည်ချောင်းပူ၊ လေအန်နာ၊ ၀မ်းဗိုက်နာ၊ ဆင်ခြေထောက် ရောဂါများ ပျောက်ကင်းစေသည်။ ၀ဥရိုင်းကို လျှာပွတ်ဆေးတွင် သုံးသည်။ 

ဝဥအသုံးပြုပုံ

ဝဥကို သက်ကြီးရွယ်အိုများ၊ နှလုံးတုန် ရင်ခုန်ရောဂါ ကာကွယ်ရန်လည်းကောင်း၊၊ လူ့ခန္ဒာကိုယ်တွင် ပိုနေသော မလိုအပ်သည့် အဆီများ (ကိုလက်စထရော) ဖြစ်ထွန်းမှုကို ဟန့်တားစေရန်လည်းကောင်း၊ ကိုယ်ရေစစ်၍ အသားအရေလှပစေရန်လည်းကောင်း ၊ ဆီိးအိမ်ကြီးခြင်း တို့ကို ကာကွယ်ရန်လည်းကောင်း အသုံးပြုသည်။

စားသုံးပုံ

(၁)   ၀ဥမှာ တာရှည်ခံ သိုလှောင်စားသုံးနိုင်သော ဥအမျိုးအစားတို့တွင် ပါဝင်သည်။ ဥများကို ဟင်းလျာ အဖြစ် ချက်ပြုတ်စားသုံးနိုင်သည်။

(၂)   ၀ဥအစိမ်းကို ထုံးစိမ်၍ ထောင်းပြီး ခေါက်ဆွဲမျှင်များကဲ့သို့ ပြုလုပ်၍ အသုတ်စုံ ပြုလုပ် စားသုံးနိုင် ပါသည်။ 

(၃)   ၀ဥတုံခေါ် ၀ဥပြုတ်ပေါင်းကိုလည်း လိုအပ်သလို ပြုလုပ်စားသုံးနိုင်ပါသည်။

မှတ်ချက်။       ။ သြဂဲနစ်ဝဥ စိုက်ခင်းထူထောင်ထုတ်လုပ်ပါက ဂျပန်ဝယ်လက်ရသရွေ့ ၀ယ်ယူသွားရန် ပြောဆို ကမ်းလှမ်းထားခဲ့ ပါသည်။ ရခိုင်အမျိုးသား ထုတ်ကုန်တစ်ရပ်အနေဖြင့် (ပုစွန်ကျားမွေးမြူသကဲ့သို့) ကုန်းတန်း၊မြေ၊ ယာနှင့် တောင်ခြေတောင်တန်းများတွင် အကြီးအကျယ် စီးပွားဖြစ် စိုက်ပျိုးသွားနိုင်ပါသည်။ ကုန်ကျစရိတ် သက်သာသော သြဂဲနစ် မြေသြဇာ သုံးစွဲနိုင်ရေး ၊ သြဂဲနစ်စိုက်စနစ် ပေါင်းကူးပေးရေး၊ သြဂဲနစ် (Certificate) လက်မှတ်ရရှိရေး ဈေးကွက်ကောင်း အခိုင်အမာရရှိရေးနှင့် ပြည်ပလုပ်ငန်းရှင်များမှ စက်ရုံလာရောက် တည်ထောင်ပေးလာရေးအတွက် ကုန်ထွက်အား အလုံအလောက် ကောင်းကောင်း ရှိလိမ့်မည်။ ပေါင်းကူးပေးသါားနိုင်ပါသည်။

စီစဉ်သူ- ဦးဖေသိန်း၊
ပြုစုသူ- ဦးစောရွှေ (စိုက်ပျိုးရေးပညာရှင်)

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ-  

No comments:

Post a Comment