ရင်တင်ပွဲမင်္ဂလာ

ရင်တင်ပွဲမင်္ဂလာ ။    ။ဆိုသည်မှာ အသက်(၁၃)နှစ်အရွယ် အမျိုးသမီးငယ်များသည် ခါးထဘီမှ "ရင်လွှမ်း ထဘီ" ၀တ်ဆင်ရသောပွဲ ကျင်းပပေးခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါသည်။

ရင်လွှမ်းထဘီ ။    ။ဆိုသည်မှာ ထဘီ၏ အထက်ဆင့်တွင် အခြားအရောင်တစ်မျိုးမျိုးဖြင့် အမျိုးသမီးငယ်၏ ရင်သား(နို့)ကို ဖုံးလွှမ်းရန်အတွက် ထပ်ဆင့်တင်ထားသော ထဘီကို ခေါ်ခြင်းဖြစ်သည်။

ထဘီ၏ အထက်ဆင့်တွင် အခြားအရောင် တစ်မျိုးမျိုးဖြင့် ထပ်ဆင့်တင်ထားသော အရာကို (နို့ဖုံးအုပ်) ဟု ရှေးက ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ယင်း(နို့ဖုံးအုပ်) ဝေါဟာရကို (နဖအုပ်)ဟူ၍ ခေါ်ဆို လာကြပြန် သည်။ ဤ၌ (နို့ဖုံးအုပ်)ဆိုသည်မှာ (အတ္တသဒ္ဒါ - Phoneme) ဖြစ်ပြီး (နဖအုပ်) ဆိုသည်မှာ (၀ါစသဒ္ဒါ - Phonetic)သာ ဖြစ်သည်။

ဂေါရီအရွယ် ။    ။ ဂေါရီအရွယ်ဆိုသည်မှာ အသက်(၈)နှစ်ရှိသော အမျိုးသမီးငယ်ကို ခေါ်ဆိုခြင်းဖြစ်သည်။ "ဂေါရီ အရွယ် ရောက်ခါစ ခါးထဘီ တင်ခါစ"ဟူ၍ ရခိုင်သျှိန်ဒိုင် အကသီခြင်းတွင် ဆိုထားသည်။ ရှေးခေတ် ရခိုင်မိန်းကလေးများသည် ဂေါရီအရွယ် အသက်(၈)နှစ်မှ စ၍ ခါးထဘီ ၀တ်ဆင်ကြသည်ဟု ဆိုလိုဟန်ရှိ၏။

ခိဋ္ဋဒသကအရွယ်။    ။ ခိဋ္ဋဒသကအရွယ် ဆိုသည်မှာ အသက် (၁၀)နှစ်ရှိသော အရွယ်ကို ခေါ်သည်။ မြူးထူး ပျော်ပါး ကစားခုန်စားမှုကို ခုံမင်သော အရွယ်ဖြစ်သည်။ ၎င်းကို (ခိဋ္ဋဒသက) ဟူ၍လည်း ခေါ်သည်။ နုပျို သော အသက်(၁၀)နှစ် အရွယ် ဖြစ်သည်။

ကုမာရီအရွယ်။    ။ ကုမာရီအရွယ်ဆိုသည်မှာ အသက် (၁၃)နှစ်ရှိသော အမျိုးသမီးငယ်ကို ခေါ်သည်။ မုနိသုတ္တံ တစ်ခုဖြစ်သော (ပေသကာရ၀ိတာ ၀တ္ထု)တွင် အသက်(၁၃)နှစ် အရွယ်ရှိသော ရက်ကန်းသည်၏ သမီးငယ်ကို ဗုဒ္ဓမြတ်စွာက "ကိံအာဂစ္ဆတိ ကုမာရီကေ"ဟု ဆိုခဲ့သည်။ ယင်းကြောင့် အသက်(၁၃)နှစ်ရှိသော အမျိုးသမီးငယ်များမှာ ကုမာရီများ ဖြစ်ကြသည်။

ရွှေရင်သိမ်းသစ်- ဆယ့်သုံးနှစ် ။    ။ "တောင်ညာမဟေသွေး၊ နှစ်ပါးမောင်နှံစုံ၊ ဘန်ုးရိပ်လှုံသည်၊ ပဒုံကြာနံ့ မွှေး၏။ ချစ်ကြွေးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်တုန်းကပင်တည်း၊ ဘနတ်သျှင် လောင်းဘုရား၊ ခြား စမ်းမကွာ၊ ရင်းချာ မောင်နှစ်ပါးကို၊ ပေးမြားစုလျားတင်၊ လက်ထပ် ရေသွန်း၊ ဆယ့်နှစ်ခန်းမူ၊ ထူးဆန်းသဘင် ဆင်၍၊ ချစ်ကြိုးမျှင် ခွေရစ်ဖတ်၊ နရ၀တ်စီ၊ သဘီအိမ်ရှေ့နတ်နှင့်" (စောပြည့်ညို ရတု)

အသက် (၁၃)နှစ်အရွယ် အမျိုးသမီးငယ်များသည် အပျိုရည် အပျိုသွေး ၀င်ရောက်လာသော အချိန်ဖြစ် သည်။ မိန်းမတို့၏ အင်္ဂါလက္ခဏာများ ဖွံ့ဖြိုးလာသော အချိန် ဖြစ်သည်။ မိန်းမတို့၏ ရင်သား ဖွံ့ဖြိုးလာသော ကြောင့် ခါးထဘီဝတ်ဆင်ခြင်းမှ ရင်လွှမ်းထဘီ ၀တ်ဆင်မှုကို ပြုလာကြရပေသည်။ ဤသည်ကိုပင် "ရွှေရင် သိမ်းသစ်" ဟူ၍ ဆိုကြခြင်းဖြစ်သည်။

စောပြည့်ညို၏ ရတုတွင် "ချစ်ကြွေးမတင်ခင်၊ ဆယ့်သုံးနှစ်ဝယ်၊ ငယ်ရွယ်တုန်းကပင်တည်း၊ ဘနတ် သျှင် လောင်းဘုရား၊ ခြားဝမ်းမကွာ၊ ရင်းချာ မောင်နှစ်ပါးကို၊ ပေးမြားစုလျားတင်" ဟု ဖော်ပြ ထားသည်။ ရှေး ခေတ် ရှေးအခါက အသက်(၁၃)နှစ်အရွယ် အမျိုးသမီးငယ်များသည် လက်ထပ်နိုင်ခွင့် ရှိသည်။

"အကျွန့်အရွယ်၊ သပြေခက်မို့၊ ပင်လယ်ကူးဖို့ တတ်ပါတယ်"ဟု ဆိုကြရတွင် သပြေချက်ဆိုသည်မှာ (သ=၆၊ ပ=၅၊ ခ=၂) ဖြစ်ပေရာ ယင်းဂဏါန်းများကို ပေါင်းလျှင် (၆+၅+၂=၁၃) နှစ် ဖြစ်သည်။ ယင်းကြောင့် အသက်(၁၃)နှစ်ရွယ် အမျိုးသမီးငယ်များကို "ရွှေရင်သိမ်းသစ်" ဟူ၍ လည်းကောင်း၊ "သပြေခက်" ဟူ၍ လည်းကောင်း၊ "အပျိုမဒမ်း - အပျိုဖြန်း" ဟူ၍ လည်းကောင်း ရှေးလူတို့ ခေါ်ဝေါ်သမုတ် ကြခြင်းဖြစ်သည်။

ရင်တင်ပွဲမင်္ဂလာ ။    ။ ရှေးခေတ် အမျိုးသမီးများ ၀တ်ဆင်ကြသော ထဘီသည် ယခုခေတ် အမျိုးသမီးများ တို့ ၀တ်ဆင်နေကြသော လုံးကွင်း ထဘီမျိုး မဟုတ်ကြပေ။ ခါးတွင်ပတ်လျက် ၀တ်ရသော ပတ်ဝိုင်း ထဘီမျိုး သာ ဖြစ်သည်။ ယခုခေတ် အမျိုးသမီးများ ၀တ်ဆင်နေကြသော ဘော်ဒလီ (Bodice)ခေါ်သည့် ရင်ဖုံးအင်္ကျီ လည်း မရှိပေ။

ယင်းကြောင့် မိဘများသည်  မိမိတို့၏ သမီးငယ် အသက်(၁၃)နှစ် ဖြစ်လာသောအခါ မိမိတို့၏ ရပ်ရွာမှ အပျိုမများကို မိမိတို့အိမ်သို့ ဖိတ်ကြားခေါ်ယူလျက် မိမိတို့ တတ်နိုင်သလောက် အကျွေးအမွေးကို စီမံကာ မိမိတို့၏ သမီးငယ်အား "ရင်လွှမ်းထဘီ" ၀တ်ဆင်ပွဲကို မင်္ဂလာတစ်ခု အနေဖြင့် ဆင်ယင် ကျင်းပပေး ရခြင်း ဖြစ်သည်။ ယင်းကိုပင် "ရင်တင်မင်္ဂလာပွဲ"ဟု ခေါ်ခြင်းဖြစ်သည်။ ရင်လွှမ်းထဘီကို ၀တ်ဆင်သောအခါ ခါး ကြိုးကို စည်းနှောင်ရသည်။ ခါးကြိုးမှာ မိမိတို့ တတ်နိုင်သလောက် ရတနာများကို တပ်ဆင်ပေးကြသည်။ ယင်းနောက်မှ အပေါ်ဖုံးအင်္ကျီ (ထိုင်မသိမ်း)ကို ၀တ်ဆင်ရသည်။ ဤသို့ ပြုလုပ်ပေးခြင်းမှာ မိဘတို့သည် ငါတို့၏ သမီးငယ်မှာ အပျိုဖြစ်ပြီဟု အပျိုဇာတ်သို့ သွင်းခြင်းဖြစ်သည်။

ဤကဲ့သို့ အသက်(၁၃)နှစ်ရွယ် အမျိုးသမီးငယ်များကို ရင်တင်မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း အကြောင်း အရာကို လွန်ခဲ့သော (၁၉၆၀)ခုနှစ်တွင် မြောက်ဦးမြို့နယ် သံရှင်ပြင်ကျေးရွာမှ ဗြိတိသျှလက်ထက် တိုက် နယ်သူကြီး မြေးဖြစ်သူ ဘကြီးဦးမောင်တုတ် ပြောပြလို့ သိခဲ့ရပေသည်။ ထိုအချိန်က ဘကြီး ဦးမောင်တုတ် မှာ အသက်(၇၀) ရှိနေပြီး ဖြစ်သည်။ ဘကြီး ဦးမောင်တုတ်၏ အဆိုအရ သူတို့၏ အဘောင်မတို့ ပြုလုပ် ခဲ့ရကြောင်း ဆိုသည်။ ယင်းကြောင့် ဤရင်တင်မင်္ဂလာပွဲမျိုးကို ခရစ်နှစ် (၁၉၀၀) မတိုင်မီ ရခိုင်ဒေသ ကျေး ရွာတချို့တွင် ကျင်းပနေသေးကြောင်း ဖြစ်နိုင်ပါသည်။

No comments:

Post a Comment