ရခိုင်တိဝတ်တေ ဘာသာရေးဝတ်စုံ

ရခိုင်ဆိုစွာ ဗုဒ္ဓဘာသာဖြစ်တေ။ အကယ်၍ ဗုဒ္ဓဘာသာအဖြစ်က ဘာသာခြားကို ကူးပြောင်းလားသူကို ရခိုင် စာရင်းထဲမသွင်းတတ်တေအယူအဆလည်း ဟိပါရေ။ သာဓကပြရဖို့ဆိုကေ-

ရခိုင်ထဲက ခရစ်ယာန်ဘာသာကို ကူးပြောင်းလားရေဒေါင်မာဒင်ကို ရခိုင်စာရင်း မသွင်းလိုက်ပါယာ။ ဒေါင်မာ ဒင် ကတော့ သူ့ကိုယ်သူ ရခိုင်မင်းသားလို့ လက်မှတ်ထိုးရေလို့ ဆိုပါရေ။

ယေနန့်ရခိုင်ဆိုကေ ဗုဒ္ဓဘာသာဖြစ်ရရိုး ထုံးစံအဖြစ် လက်ခံကျင့်သုံး လာလတ်ပါရေ။

ရခိုင်တိရေ ဗုဒ္ဓဘာသာဖြစ်တေ အားလျော်စွာ ဘာသာရေးပွဲတိ၊ အခါကြီး နိကြီးရက်ကြီး တိ ပြုလုပ် ကတ် တေအခါ ဘာသာရေးနန့် လိုက်ဖက်အောင် ၀တ်စားဆင်ယင်တတ်စွာကို တွိကတ်ရပါမေ။ ဆိုလိုစွာက ဥပုသ်သီလ စောင့်ထိန်းကတ်ဖို့ လားရေအခါ ၀တ်စား ဆင်ယင်မှု ပြောက်ပြောက် ကျားကျား အ၀တ်အစား ကို ၀တ်ကတ်စွာကို မတွိကတ်ရပါ။ ဧစွာရေ ရခိုင်တိ ၀တ်စားဆင်ယင် ထုံးဖွဲ့မှု တစ်ခုပ် ဖြစ်ပါရေ။

ကောင်းပါယင့်။ အဂုဝါ။ အဂုကတော့ ယင်းအစဉ်အလာက လွှဲဖယ်ကာ ၀တ်စားဆင်ယင်လာကတ်စွာကို သတိပြုမိ ကတ်မေ ထင်ပါယင့်။

ဥပုသ်သီလစောင့်ဖို့ ဘုရားကျောင်းကန်ကို လားကတ်တေအခါ ယောက်ျားရော မိန်းမပါ အ၀တ်ဖြူကို ၀တ် တတ် ကတ်ပါရေ။ အေအ၀တ်အဆင်ကို ဇာဖြစ်လို့ ရွီးချယ်ဝတ်ကတ်ရစွာလေလို့ မိန်းစရာဟိပါရေ။

သိကတ်တေအတိုင်းပါဗျာ။ အဖြူဆိုစွာ သန့်စင်ခြင်း၊ မြင့်မြတ်ခြင်း အနက်သဘောကို ဆောင်ပါရေ။ ဗြဟ္မာ တိစွာ အဖြူကို ၀တ်တေလို့ အဆိုဟိပါရေ။ ဇာဖြစ်လို့ဆိုကေ ဗြဟ္မာဆိုစွာ မြင့်မြင့်မြတ်မြတ် ကျင့်ကြံ လို့ ဖြစ်လာရရေ ပုဂ္ဂိုလ်တိ ဖြစ်လို့ပါလတ်။ ဗြဟ္မာဆိုစွာ ဗြဟ္မစာရီဖြစ်တေ။ ဗြဟ္မစိုရ်တရား လက်ကိုင် ထားသူ ဖြစ်တေ။ ယေနန့် မြင့်မြတ်တေ၊ မြင့်မြတ်တေသူတိက သန့်ရှင်းစင်ကြယ်ရေ အဖြူ ရောင်ကို ၀တ်တေလို့ ယူဆခြင်းဖြစ်တေလို့ ဆိုနိုင်ပါရေ။

မိမိရို့ရခိုင်တိရေ သားတိကို သျှင်ပြုကတ်တေအခါ မောင်သျှင်မိ၊ မောင်သျှင်ဖ၊ ပဉ္စင်းခံရေအခါလည်း ပဉ္စင်းမိ၊ ပဉ္စင်းဖရို့ရေ သျှစ်ပါးသီလ၊ တစ်နည်းအားဖြင့် ဥပုသ်သီလ ယူတတ်ကတ်ပါရေ။ ယင်းအချိန်မှာ ၀တ်ဖြူ စင်ကြယ်နန့်  အလှူပီးတတ်ကတ်ပါရေ။

အေဓလိတိရေ အဂုအခါ ကွက်ကျားကွက်ကျား လောက်ရာဟိပါယာ။ အချို့နီရာမှာ ကွယ်ပျောက်လားခ လီပါ ယာ။

အဂုအခါ အလှူအတန်းပြုကတ်တေအခါ ဥပုသ်သီလစောင့်ကတ်တေအခါ ၀တ်စားဆင်ယင်မှု ပြောင်းလား ပါရေ။ များကာသားက အောက်ပိုင်းက သပြီသီးမှည့်ရောင် အထက်ပိုင်းက အဖြူရောင်၊ ကိုယ်တင် တံဘက် ကတော့ကေ လက်တစ်ဝါးစာ သပြီသီးမှည့်ရောင် အ၀တ်စတစ်စကို ညာဘက် လက်က တီး အောက်က ကျော့ပနာ ဘယ်ဘက် ပက်ခုံးထက်မှာ စလွယ်သိုင်းတင်လို့ တွိကတ် ရပါရေ။ အေအဆင်ကို ယောဂီဝတ်စုံ လို့ ခေါ်ကတ်စွာ တွိရပါရေ။

တရားဓမ္မ အားထုတ်သူတိဝတ်တေ "ယောဂ" သဒ္ဒါကျင့်ခြင်းက လာစွာပါ။ ယောဂီဆိုစွာ "ကျင့်ကြံသူ"လို့ အဓိပ္ပါယ် ပါချင့်။ ယောဂီဝတ်စုံလို့ ဇာတရားရိပ်သာက သတ်မှတ်ပီးလိုက်စွာလည်း မဆိုနိုင်ပါ။

ယောဂီဝတ်စုံလို့ သတ်မှတ်စွာက "ဇော်ဂျီ"၀တ်စုံကို မှီပြီး ဖြစ်လာစွာလို့ ယူဆမိပါရေ။ "ဇော်ဂျီ"၀တ်စုံကို တွိကတ်ရစွာက အထက်အောက် အနီပျက် ၀တ်စုံဝတ်လို့ တွိကတ်ရပါရေ။ ယင်းဇော်ဂျီဝတ်စုံကို မှီပြီးကေ ယောဂီဝတ်စုံသတ်မှတ်လိုက်စွာလာလို့ ယူဆမိပါရေ။ "ယောဂီ"နန့် "ဇော်ဂျီ"ရေ အသံနီးစပ်တေ အနက် တူပုဒ်ပင် ဖြစ်ပါရေ။

ယောဂီဝတ်စုံရေ ဗုဒ္ဓဘာသာ အခမ်းအနားတိမှာ ၀တ်ကတ်၊ ဆင်ကတ်တေ ၀တ်စုံအဖြစ် နှစ်ပေါင်းသုံးဆယ် များကေ လေးဆယ်အတွင်းလောက်မှာ ပေါ်လာရေ၀တ်စုံလို့ ထင်ပါရေ။

အေ၀တ်စုံရေ ရိုးအရှိဘက်က တစတစ ရိုးအနောက်ကို ရောက်လာလတ်ပါရ။ ယေအခါမှာ မိမိရို့ ရခိုင်ဘက် မှာ  ဗုဒ္ဓဘာသာ အခမ်းအနားမှာ ၀တ်စားဆင်ယင်ကတ်တေ ဗြဟ္မစာရီ ၀တ်စုံရေ ဘေးကိုဖယ်ပီး လိုက်ရစွာ လို့ ဆိုနိုင်မေထင်ပါရေ။

ဘာသာရေးအခမ်းအနားမှာ ၀တ်ဖြူစင်ကြယ် ၀တ်ခြင်းရေ ရခိုင်ရိုးရာ ၀တ်စားဆင်ယင် မှု ဖြစ်တေ။ အထက် အဖြူ၊ အောက်အနီပျက် (သပြီသီးမှည့်ရောင်) ၀တ်စုံရေ သူများပါးက ကူးစက်လာရေ ၀တ်စားဆင်ယင်မှု ဖြစ်တေလို့ ဆိုချင်ပါရေ။

ဝတ်ဖြူစင်ကြယ်ဝတ်တေဓလိဟိရေ နိုင်ငံတစ်နိုင်ငံကိုပြပါဆိုကေ သီရိလင်္ကာကို ပြရပါလိမ့်မေ။ သီရိ လင်္ကာ နိုင်ငံနန့် ပတ်သက်ပြီးကေ မိမိ လေ့လာမိစွာတစ်ခုကို အကြောင်းတိုက်ဆိုင်လို့ တင်ပြလားပါမေ။ မိမိရို့ နိုင်ငံက ကောင်း အတုယူစရာ ကောင်းရေ ဓလိတစ်ခုလို့ပြောကေ မမှားနိုင်ပါ။

သီရိလင်္ကာနိုင်ငံမှာ တနင်္ဂနွီကျောင်း (Sunday School) ဆိုစွာ ဟိပါရေလတ်။ တနင်္ဂနွီနိတိုင်း ဗုဒ္ဓ၀င်၊ သမိုင်း၊ ယဉ်ကျေးမှုတိကို သင်ပီးရေ ကျောင်းလို့ဆိုနိုင်ပါရေ။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်က ပညာရေး စနစ်ကို သတ်မှတ်ပီးပနာ စည်းကမ်းဥပဒေနန့်အညီ ဖွင့်လှစ်ထားရေ ကျောင်းပင်ဖြစ်တေလို့ ဆိုပါရေ။

ဆန်းဒေးစကူးလ်မှာ အတန်း ၁၃-တန်း ခွဲထားပါရေလတ်။ အစိုးရကျောင်းက သူငယ်တန်းရေ ဆန်းဒေး စကူးလ်မှာ သူငယ်တန်းလို့ ဆိုပါရေ။ ၁-တန်းမှ ၁၀-တန်း၊ နောက်ဆုံးအဆင့်က အဆင့်-၁၊ အဆင့်-၂ ဆိုပြီး ကေ သတ်မှတ်ပါရေလတ်။

ပြဋ္ဌာန်းခရေစာတိက ၅၅၀-ဇာတ်တော်၊ ဓမ္မပဒကျမ်းလာ ဘုရားလက်ထက်က အဖြစ်အပျက်၊ ပါရမီ ၁၀-ပါး၊ ပုညကရိက ၁၀-ပါး ဘုရားဖြစ်တော်စဉ်၊ ပရိတ်ကြီးပါဠိနန့် အဓိပ္ပါယ်၊ အဘိဓမ္မာသဘော အဓိပ္ပါယ်၊ သုတ္တ နိပါတ်ပါဠိလာ မှတ်သားဖွယ်ရာတိ၊ သီရိလင်္ကာသမိုင်း၊ ဗုဒ္ဓဘာသာနန့် ပတ်သတ်တေ ရှိဟောင်း ယဉ်ကျေး မှု ဗိသုကာအကြောင်း၊ ရှိဘုရင်တိ၏ အောင်ပွဲ၊ စစ်သူကြီးတိ၏ အစွမ်းသတ္တိ အစဟိရေ ရာဇ၀င်၊ ထေရ၀ါဒ နန့် မဟာယာန ကွဲပြားပုံရို့ကို သူ့ဆိုင်ရာဆိုင်ရာ အတန်းတိမှာ ပြဋ္ဌာန်းသင်ကြားစီရေလို့ ဆိုပါရေ။ ဆန်းဒေး စကူးလ် စာမေးပွဲကို ဒီဇင်ဘာ ပထမပတ်မှာ ကျင်းပတတ်ပါရေလတ်။

ဆန်းဒေးစကူးလ် အောင်လ်မှတ်ရေ အစိုးရကျောင်းက အောင်လက်မှတ်ပိုင် အရေးကြီးပါရေလတ်။ အစိုးရ အလုပ်ဝင်ရာမှာဖြစ်ဖြစ်၊ ကုမ္ပဏီအလုပ် ၀င်ရာမှာဖြစ်ဖြစ် ဆန်းဒေးစကူးလ် အောင်လက်မှတ်ပါမှ အလုပ် ခန့်ရေ အထိ အရေးပါရေ ဆိုပါရေ။ ကောင်းကြီး အားရစရာကောင်းရေ အလိအထလို့ ဆိုချင်ပါရေ။

ဆန်းဒေးစကူးလ် ကျောင်းသူ/ကျောင်းသားတိရေ တနင်္ဂနွေရောက်ကေ မိုးထ (၇)နာရီကစပြီး ကျောင်းကို လာရပါရေလတ်။ ၀တ်စားဆင်ယင်ပုံကို အထူးပြောချင်ပါရေ။

ဆန်းဒေးစကူးလ် လာတက်တေ ကျောင်းသူ/ကျောင်းသားတိုင်း ကြောင်ကြောင်ကျားကျား ခေတ်ဆန်ရေ ၀တ်စားဆင်ယင်မှုကို လုံးဝ မ၀တ်ကတ်ရလို့ ဆိုပါရေ။

ကျောင်းဝတ်စုံကိုလည်း တပြေးညီ သတ်မှတ်ထားပါရေလတ်။ အထက်အောက် အဖြူကို ရိုးရာဓလိအတိုင်း ၀တ်ဆင်ကတ်ရပါရေလတ်။ နိုင်ငံတော်က ဆန်းဒေးစကူးလ် ၀တ်စုံဆိုပြီးကေ သတ်မှတ်ပီးထားပါရေလတ်။

ယောက်ျားချေတိမှာ လိုင်ခံကော်လာမပါရေ ကတုံး၊ လက်ရှည် အင်္ကျီအဖြူနန့် ဒယော(ခယောက်) အဖြူကို ၀တ်ရပါရေ။ မိန်းမသျှေတိမှာ ဆာရီအဖြူ ၀တ်စုံကို ၀တ်ရပါရေလတ်။ အေကစစွာရေ အခြားဘာသာရေး အခမ်းအားရို့မှာလည်း အဖြူဝတ်ကတ်တေလို့ သိရပါရေ။

ယေနန့် မိမိရို့ ရခိုင်တိရေ ဥပုသ်သီလ စောင့်ရေအခါ ယောက်ျား၊ မိန်းမ နှစ်မျိုးလုံး အ၀တ်ဖြူစင်ကြယ်ကို ၀တ်စွာရေ ကိုယ့်လူမျိုး တစ်မျိုး၏ ရိုးရာအမွီ ယဉ်ကျေးမှုဖြစ်ပါရေ။ အေဓလိရေ အဂုအခါ သွီးပေါင် ကျရေရောဂါ ခံစားနီရပါယာကာလို့ သတိပြုသင့်ပါရေ။

ခေတ်နန့်အမီ လိုက်ကတ်ရဖို့ဆိုရေ နီရာမှာ အ၀တ်အစားကို ဆိုလိုစွာမဟုတ်ပါ။ အတွေးအမြင်၊ အတတ် အသိတိရာ ခေတ်မီဖို့ လိုပါရေ။ အဂုကတော့ လူကြီးပိုင်းတိက ရိုးရာဝတ်ဆင်မှုကနီ လွှဲဖယ်ပနာ သူများ ပါးက လာရေ ၀တ်စုံကို ၀တ်နီကတ်ပါယာ။ အချေတိအပိုင်းမှာလည်း ဗုဒ္ဓဘာသာလို့ ဆိုရဖို့ပင် ခက်ခက်ပါ ယာ။ မဖွယ်မရာ ၀တ်စုံတိ ၀တ်ပနာ ဘုရားကျောင်းကန်တိကို ၀င်ထွက်လာနီကတ်စွာ တွိနီကတ်ရစွာ စိတ်မချမ်းမြိစရာပါယာ။

မြို့သား၊ ကျွန်းသားမရွီး တပြေးညီစွာ ကျောင်းကန်ထဲကို ဘောင်းဘီဝတ်၊ စကတ်တိုတိုတိနန့် မြင်နီကတ်ရ ကြားနီကတ်ရစွာတိရေ ရခိုင်အမျိုးသားတိအတွက် အပေါင်းလက္ခဏာလာ၊ အနုတ် လက္ခဏာလာလို့ တစ် ချက်လောက် တွက်ကြည့်ဖို့ ပြောချင်ပါရေ။

ရောဂါ မရင့်ကျက်သီးခင် သီရိလင်္ကာနိုင်ငံမှာပိုင် ဆန်းဒေးစကူးလ်တိ ပေါ်ပေါက်ဖို့ လိုအပ်နီပါရေ။ ဘုန်းကြီး ကျောင်းတိကတော့ ဟိပါရေ။ အစိုးရပြဋ္ဌာန်းစာတိက ဖိနီရေ အတွက် ဗုဒ္ဓဘာသာ အဆုံး အမက ရောက်ဟိ မှု အားနည်းရေလို့ ထင်ပါရေ။ သီရိလင်္ကာနိုင်ငံမှာပိုင် အစိုးရကပါ ပူးပေါင်း ပါဝင်ပြီးကေ ရိုးရာ ၀တ်စုံကအစ သတ်မှတ်ပီးကတ်ဖို့ဆိုကေ လက်ဟိ မြင်တွိနီရရေ မဖွယ်မရာ ၀တ်စားဆင်ယင်မှုရေ တစ်စုံတစ်ရာ ကျဆင်း လားမေလို့ ထင်ပါရေ။

ယင်းမျိုးမဟုတ်တောင်မှ သာသာရေးအခမ်းအနားတိမှာ သတ်မှတ်ဝတ်စုံနန့် ၀တ်တေ အလိအထချေတစ်ခု ရှင်သန်လာဖို့ဆိုကေ ပိုကောင်းပါဖို့။

မိမိရို့ ရခိုင်လူမျိုးရို့မှာ မူလက ဘုရားကျောင်းကန်လားကေ ၀တ်စားဆင်ယင်မှုရေ သူတော်စင်တိ ၀တ် ကတ် တေ အဖြူဆင်တိဖြစ်တေ ဆိုစွာကိုလည်း မမိအပ်စီချင်လို့ ပြောပါရစီ။

သာစွလေ...။

ငြိမ်းချမ်းဦးဖ

အောင်တံခွန် ၀ံသရက္ခိတမဂ္ဂဇင်း အတွဲ(၅)၊ အမှတ်(၂)မှ- 

No comments:

Post a Comment