အိုင်စီအက်စ် ဦးကျော်မင်း

အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးနယ်ပယ်တွင် ထင်ရှားသည်။ ငယ်စဉ်ကပင် အင်္ဂလန်နိုင်ငံ၏ နာမည်အကြီး ဆုံးသော အီတန်ကျောင်းနှင့် အောက်စဖို့ဒ် တက္ကသိုလ်တို့တွင် ပညာသင်ကြားခဲ့သည်။ ယှဉ်ပြိုင်ဖြေဆို ရသော အိန္ဒိယ ပဋိညာဉ် ခံ အုပ်ချုပ်ရေး ၀န်ထမ်းစာမေးပွဲတွင် မြန်မာတိုင်းရင်းသားများထဲမှ ပထမ ဆုံး အောင်မြင်ခဲ့ သူဖြစ်သည်။ ၁၉၃၇ မှ ၁၉၄၂ ခုနှစ်၊ ၉၁ ဌာန အုပ်ချုပ်ရေး တွင် မြန်မာတိုင်းရင်းသား ၀န်ကြီးချုပ် ၄ ဦးစလုံး၏ အတွင်းဝန် အဖြစ် ဆောင်ရွက်ခဲ့၍ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သည့် ထူးချွန် ထက်မြက်သော နိုင်ငံ့ဝန်ထမ်း တစ်ဦး အဖြစ် ထင်ရှားသည်။

ဦးကျော်မင်း ကို ၁၈၉၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက် ဗုဒ္ဓဟူးနေ့တွင် စစ်တွေမြို့၌ ဖွားသည်။ အဖ ဦးထွန်းချန်၊ အမိ ဒေါ်မဦး ဖြစ်သည်။ သားသုံးယောက်တွင် အလတ်ဖြစ်သည်။ အစ်ကိုဖြစ်သူမှာ ဆင်းမလား စစ်ပြေး ဒေါ်မန် စမစ်အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီး ဆာထွန်းအောင်ကျော် ဖြစ်သည်။ ဖခင်ဖြစ်သူ ဦးထွန်းချန်မှာ ဘီအေ၊ ဘီ အယ်လ် ဘွဲ့ရ မြေပိုင်ရှင် ၀တ်လုံတော်ရဖြစ်၍ အင်္ဂလိပ်၊ မြန်မာ၊ ရခိုင် ရက်စွဲပါ "ထွန်းချန် ပြက္ခဒိန်"ကို ပြုစု ခဲ့သူဖြစ်သည်။

စစ်တွေ စိန့်အယ်နီကွန်ဗင့် သာသနာပြုကျောင်းတွင် စတင် ပညာသင်သည်။ ၁၉၁၀ ခုနှစ်တွင် ကာလက တ္တား စိန့်ဇာဗီးယား ကောလိပ်သို့ ပြောင်း၍ ပညာသင်သည်။ ၁၉၁၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ် လိုကယ်စာမေးပွဲကို  ပထမအဆင့်မှ ဂုဏ်ထူးဖြင့် အောင်သည်။ ပထမကမ္ဘာစစ်အတွင်း ကမ္ဘာကို ပတ်၍ ဗဟုသုတ ရှာမှီးကာ ၁၉၁၈ ခုနှစ် နိုဝင်ဘာလတွင် လန်ဒန်သို့ ပြန်ရောက်သည်။ ၁၉၂၁ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဘီအေဘွဲ့၊ ၁၉၂၂ ခုနှစ်တွင် အယ်လ်အယ်လ်ဘီဘွဲ့များ ရသည်။ ၁၉၂၂ ခုနှစ် သြဂုတ် လတွင် ယှဉ်ပြိုင်ဖြေဆို ရသည့် အိန္ဒိယ ပဋိညာဉ်ခံ အုပ်ချုပ်ရေးဝန်ထမ်း စာမေးပွဲ (အိုင်စီအက်စ်) ကို မြန်မာတိုင်းရင်းသားများ ထဲမှ ပထမဦးဆုံး အောင်မြင်ခဲ့သည်။ ကာလကတ္တားနှင့် အောက်စဖို့ဒ် တက္ကသိုလ် ကျောင်း သားဘ၀တွင် အားကစား၌ ထူးချွန်ထင်ရှားခဲ့သည်။

၁၉၂၃ ခုနှစ်တွင် စစ်တွေနယ်ပိုင် ၀န်ထောက်၊ ၁၉၂၇ ခုနှစ်တွင် ဘဏ္ဍာရေးဌာန အတွင်းဝန်၊ ၁၉၃၁ ခုနှစ် တွင် မြောင်းမြ ခရိုင်ဝန်၊ ၁၉၃၆ ခုနှစ်တွင် ပညာရေးဌာန ဒုတိယ အတွင်းဝန်၊ ၁၉၃၇-၄၁ ခုနှစ်တွင် သစ်တော ဌာန အတွင်းဝန်၊ ဟံသာဝတီခရိုင်ဝန်အဖြစ် ထမ်းဆောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ် စစ်ပြေး အစိုးရနှင့် အတူလိုက်ပါ၍ ဆင်းမလားတွင် ရုံးစိုက်သည့် စစ်ပြေးအစိုးရအဖွဲ့၌ တာဝတ်ထမ်းဆောင်သည်။ စစ်ပြီးနောက် ၁၉၄၅ ခုနှစ်တွင် စစ်ကိုင်းအရေးပိုင်၊ ၁၉၄၆ ခုနှစ်တွင် ဧရာဝတီတိုင်း အရေးပိုင်၊ ၁၉၄၇ ခုနှစ်တွင် ဘဏ္ဍာရေးဌာန မင်းကြီးအဖြစ် တာဝန်ယူသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်တွင် အိန္ဒိယ ပဋိညာဉ်ခံ ၀န်ထမ်းဘ၀မှ အငြိမ်းစားယူ၍ နိုင်ငံရေးသမားအဖြစ် ဆောင်ရွက်သည်။

၁၉၅၀ မှ ၁၉၆၀ ပြည့်နှစ်အထိ စစ်တွေ ပါလီမန် အမတ်အဖြစ် ရွေးကောက်ခံရ၍ ၁၉၅၁ ခုနှစ်တွင် လွတ် လပ်သော ရခိုင်ပါလီမန်အုပ်စုနှင့် ရခိုင်အမျိုးသား ညီညွတ်ရေးအဖွဲ့ကို ဦးဆောင်ခဲ့သည်။ ၁၉၅၈ ခုနှစ်တွင် အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။

၁၉၁၈ ခုနှစ်မှ စတင်၍ ကမ္ဘာတစ်ဝန်း ကျယ်ကျယ်ပြန့်ပြန့် ခရီးသွားလာခဲ့သည်။ ပြည်တွင်းတွင်လည်း ခရီး အနှံ့ သွားသည်။ တိုင်းပြည်နှင့် ပတ်သက်၍ ဒေသန္တရ ဗဟုသုတများပြားသူ၊ ကမ္ဘာ့အမြင်ရှိသူ အဖြစ် ထင်ရှား သည်။ ထူးချွန်ထက်မြက်သော နိုင်ငံ့ဝန်ထမ်းတစ်ဦး ဖြစ်သည်။ ၁၉၄၄ ခုနှစ်တွင် အမေရိကန် ပြည်ထောင်စု၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ကွန်ဖရင့်၊ ၁၉၄၅ ခုနှစ်တွင် ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပ သည့် ကွန်ဖရင့်၊ ၁၉၄၈ ခုနှစ်တွင် ၀ါရှင်တန်၌ ကျင်းပသည့် ကမ္ဘာ့ရော်ဘာ ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ် တွင် မော်စကိုနှင့် ပီကင်း၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ကွန်ဖရင့်၊ ၁၉၅၂ ခုနှစ်တွင် လန်ဒန် နန်းတက်ပွဲ အခမ်းအနား၊ ၁၉၅၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ကျင်းပသည့် ကမ္ဘာ့ဘဏ် အစည်း အဝေးများကို တက်ရောက်ခဲ့သည်။

အားကစားထူးချွန်သူ တစ်ဦးအနေဖြင့် မြန်မာနိုင်ငံ အိုလံပစ်အသင်း၊ ဂေါက်သီးအသင်းများကို ဦးဆောင်၍ ဂျပန်၊ ဖိလစ်ပိုင်၊ ယိုးဒယားနိုင်ငံများသို့ သွားရောက်ခဲ့ရသည်။

ဦးကျော်မင်းသည် အင်္ဂလိပ်ဘာသာ ထူးချွန်၍ အင်္ဂလိပ်ဘာသာဖြင့် The Burma We Love "ကျွန်ုပ်တို့ ချစ်သော ပြည်မြန်မာ" (၁၉၄၅)၊ Through the Iron Curtain Via the Back Door "သံကန့်လန့်ကာ နောက် ကွယ်မှ ဆိုဗီယက်" (၁၉၅၂)၊ Preliminary Report on New Industries for Burma "မြန်မာပြည်အွက် စက်မှု လုပ်ငန်းသစ်များ ပဏာမ ရီပို့" (၁၉၄၇)၊ Mein Kampf a la Kyaw Min "မိန်းကင့် လာ့ ကျော်မင်း" (၁၉၄၇)၊ Introducing Buddhist Abhidhamma Meditaion and Concentration "ဗုဒ္ဓအဘိဓမ္မာ နိဒါန်း" (၁၉၇၉) စာအုပ်များ ကို ပုံနှိပ် ထုတ်ဝေခဲ့သည်။ မြန်မာဘာသာဖြင့် ရေးသားခဲ့သော စာအုပ်မှာ ပါလီမန်တွင် ပြောကြား ခဲ့သည့် ရခိုင်ပြည်နယ် ကိစ္စများဖြစ်သော "ရခိုင်ပြည်နယ်" (၁၉၆၁) ဖြစ်သည်။

ဦးကျော်မင်းသည် ဇနီး ဒေါ်စိန်သာနှင့် သမီး ဒေါ်မင်းစိန်ဦး (မစ္စက် ရစ်ခတ်ပေါ်ဦး)၊ သား ဦးမင်းစိန် (ဘာရစ်စ တာ ၀တ်လုံဘွဲ့)တို့ ထွန်းကားသည်။ ဇနီး ဒေါ်စိန်သာ ကွန်လွန် ပြီးနောက် ဒေါ်လှဝင်းနှင့် နောက် အိမ်ထောင် ပြုသည်။

၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံတော်ကောင်စီက နိုင်ငံ့ဂုဏ်ရည် (ပထမအဆင့်) ချီးမြှင့်ခဲ့သည်။

အိုင်စီအက်စ် ဦးကျော်မင်းသည် ၁၉၈၅ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

မောင်ဇေယျာ ရေးသားသည့် မြန်မာလူကျော် ၁၀၀ (ပထမအုပ်)မှ-

No comments:

Post a Comment