ရခိုင်ပြည်နယ် အစီရင်ခံစာ (မောင်ထင်)

ကုလားပန်ဇင်းချောင်းသည် စိုင်တင်တောင်ကို မေးတင်၍ တောင်ဘက်ရှိ မယူမြစ်ထဲသို့ လျောဆင်းလေ သည်။ ချောင်း၏ အနောက်ဖက်ကမ်းတွင် တလျှောက်လုံးလိုလို ပြန့်ပြန့်ပြူးပြူးရှိ၏။ အရှေ့ဘက်ကမ်းမှာမူ တောင်ဘဇားရွာမှ ဗူးသီးတောင်မြို့အထိ တောင်နှင့်နီးသောကြောင့် ခပ်စောက်စောက်ရှိသည်။ သို့သော် အားလုံးကိုခြုံ၍ ကြည့်လိုက်လျှင် ကုလားပန်ဇင်းမြစ်ဝှမ်းသည် ဧရာဝတီမြစ်ဝှမ်းအငယ်စားကဲ့သို့ သာယာ စိုပြေသည်။

မြစ်ဝှမ်းတလျှောက်လုံးတွင် လယ်များ၊ ဥယျာဉ်များနှင့် ခြံများသည် စိမ်းလန်းအေးမြသော အရိပ်အာဝါသကို ပေးနေကြသည်။ ထိုအရိပ်အာဝါသအောက်တွင် စစ်တကောင်းအနွယ်လူမျိုးတို့နှင့် ရခိုင်တိုင်းရင်းသားတို့ သည် နီးတကျက်ကျက် ဝေးတသက်သက် စကားစဉ်အရ အတူတကွ နေထိုင်လာခဲ့ကြသည်။ ဤသို့နေ ထိုင်လာသည်မှာ မနေ့က နေထိုင်လာသည်မဟုတ်။ ဗြိတိသျှတို့ ရခိုင်ပြည်ကို ချဉ်းနင်းဝင်ရောက် လာသည့် နေ့ကစ၍ နေထိုင်လာခြင်းဖြစ်သည်။

ရခိုင်သည် မြန်မာအကြီးစား

ရခိုင်တို့သည် အိမ်ရှင်ဖြစ်သည်။ စစ်တကောင်းသားတို့ကား ဧည့်သည်တည်း။ သို့ရာတွင် ကျွန်ုပ်တို့တိုင်းရင်း သားများသည် လူမျိုးမာန ရှိကြသည်။ ရာဇ၀င်ကို ပြန်ကြည့်လျှင် ကျွန်ုပ်တို့သည် သာကီဝင်မင်းမျိုးမှ ဆင်း သက်လာသည်ဟု ဆို၏။ ရခိုင်သည မြန်မာအကြီးစားဖြစ်သည်။ ထို့ကြောင့် ရခိုင်သည် သာကီဝင်အကြီး စားဟု ဆိုရချိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆွေမျိုးကြီးသည် တော်ရုံတန်ရုံအလုပ်ကို အောက်ကျနောက် ကျ အလုပ်ဟု ထင်သည်။ ဧည့်သည်လူမျိုးတို့က ရေကြည်ရာမြက်နုရာ၌ နယ်သစ်တည်ရန် ရောက်လာကြ သူများဖြစ်၍ ပိုက်ဆံရမည့် အလုပ်မှန်သမျှကို အောက်ကျနောက်ကျဖြစ်သည်ဟု မယူဆကြချေ။ ထို့ကြောင့် ဧည့်သည်တို့ နေထိုင်ရာ ကုလားပန်ဇင်းမြစ်ဝှမ်း၏ အနောက်ဘက်ကမ်းခြေတွင် လယ်ယာ၊ ဥယျာဉ် သီးနှံ လုပ်ခြင်း၊ နွားခြံ၊ ဆိတ်ခြံ တို့သည် ရွှေပဒေသာမြေက ပေါက်စေသောဝ်ဟူသည့် သဘောတရားအတိုင်း မြေမှပေါက်၍ လာကြ၏။ ရခိုင်တိုင်းရင်းသားတို့ ပိုင်ဆိုင်သော အရှေ့ဘက်ကမ်းခြေတလျှောက်၌ကား စီးပွားရေးသည် ကြုံလှလာလေသည်။ သို့ရာတွင် ဗြိတိသျှအုပ်ချုပ်ရေးစနစ်အောက်၌ရှိသော ငြိမ်ဝပ်ပိပြား ရေး စီမံကိန်းတို့သည် ရှိသူနှင့်မရှိသူနှစ်ဦးစလုံးတို့၏ လူမှုအဆောက်အအုံကို မပြိုကွဲအောင် ထိန်းသိမ်းပေး နိုင်ခဲ့လေသည်။

စစ်ပြေးတို့၏ လက်နက်

၁၉၄၀-၄၁ ခုနှစ်၌ ဒုတိယကမ္ဘာစစ်ကြီးသည် မြန်မာနိုင်ငံတ၀ှမ်းလုံးကို တုန်လှုပ်ချောက်ချားအောင် ဖန်တီး ခဲ့လေသည်။ ထိုအခါ ရခိုင်တိုင်းသည်လည်း ဖယိုဖရဲဖြစ်လာခဲ့၏။ ပန်းတောင်၊ တောင်ကုတ်လမ်းမှ လှိမ့်၍ တက်လာသော အိန္ဒိယတိုင်းရင်းသားစစ်ပြေးတို့၏ ဂယက်သည် စစ်တွေမြို့အထက်သို့ပင့်၍ ရိုက်လေရာ ကုလားပန်ဇင်းမြစ်ဝှမ်းသည် အခြေပျက်၍ လာခဲ့လေ၏။ ရသေ့တောင်၊ ဗူးသီးတောင်၊ မော်ငတောနယ်ရှိ အမျိုးသားများသည် ဆန်ကောထဲတွင် ထည့်၍ လှိမ့်သောဇီးဖြူသီးကဲ့သို့ လိမ့်ကြကုန်၏။

ထိုအချိန်က ရခိုင်တိုင်း၌ ဖြစ်ပျက်ခဲ့သမျှတို့သည် မြန်မာပြည်၍ ဖြစ်ပျက်ခဲ့သော နည်းအတိုင်းပင် ဗြိတိသျှ တို့ အောင်မြင်စွာ ဆုတ်ခွာသော အချိန်သည် တော်လှန်ရေးသမား မြန်မာတို့အတွက် အချိန်ကောင်းဖြစ်၏။ ထို့ကြောင့် ဗြိတိသျှစစ်ပြေးနှင့် ၎င်း၏အပေါင်းပါတို့သည် မြန်မာတို့ကို မယုံကြည်နိုင်ကြချေ။ ထို့ကြောင့် မိမိ တို့ အောင်မြင်စွာ ဆုတ်ခွာလေအောင် စစ်ပြေးဘက်တော်သားတို့သည် တိုင်းရင်းသားအချင်းချင်းတို့ကို ရန်တိုက်ပေးခဲ့၏။ ထိုရန်တိုက်ပေးသောနည်းမှာ ဆန်းပြားသော နည်းမဟုတ်ချေ။ ဗြိတိသျှဘက်တော်သား တို့က မြန်မာအမျိုးသားမဟုတ်သော သူတို့ကို ကာကွယ်ရေးအကြာင်းပြ၍ ၎င်းတို့ယူမသွားနိုင်သော လက် နက် တို့ကို ပေးအပ်ခဲ့ခြင်းဖြစ်၏။

ထိုလက်နက်တို့သည် မြန်မာပြည်အား ဂြိုဟ်မွှေခဲ့လေသည်။

ဤဥပဒေသအတိုင်း ရခိုင်ပြည်တွင် အိန္ဒိယသို့ အောင်မြင်စွာ ဆုတ်ခွာရသော ဗြိတိသျှဘက်တော်သားတို့ သည် လက်နက်အများအပြားကို ရခိုင်အမျိုးသား မဟုတ်သူတို့ထံတွင် အပ်နှံခဲ့၏။

ထိုအချိန် စစ်တွေခရိုင်အရေးပိုင်မှာ အိန္ဒိယပဋိညာဉ်ဝန်ထမ်း ဦးဦးကျော်ခိုင် ဖြစ်သည်။ ထိုပုဂ္ဂိုလ်သည် အရပ်ပျက်နေသော အခြေအနေကို ထိမ်းသိမ်းရန် တာဝန်ယူခဲ့ရသည်။

စစ်ပြီးကာလတွင် ဦးဦးကျော်ခိုင်၏ အကြောင်းကို စစ်တွေမြို့သားများက အမျိုးမျိုးပြောကြ၏။ တစ်ဦးက ၎င်း၏ကျေးဇူးကို အောက်မေ့တသ၍ ပြောသည်။ တစ်ဦးကားမူ အပြစ်တင်လိုသော လေသံဖြင့် ပြောသည်။ မည်သူမည်သို့ပြောပြော ဦးဦးကျော်ခိုင်သည် မိမိဇာတိချက်ကြွေနယ်မြေကို ချစ်ခင်မြတ်နိုးသော ပုဂ္ဂိုလ် အဖြစ်ဖြင့်၎င်း၊ တာဝန်ကျေပွန်သော ပြည်သူ့ဝန်ထမ်းတစ်ဦးအဖြစ်ဖြင့်၎င်း၊ စစ်တွေခရိုင်၏ လုံခြုံရေး အတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ရင်းနှင့် ဗြိတိသျှဘက်တော်သား စစ်ပြေးတို့၏ လက်နက်နှင့် ကျဆုံးခဲ့ရ သည်ကို မည်သူမျှ ငြင်းနိုင်လိမ့်မည် မဟုတ်ချေ။

ကုလားပန်ဇင်း မြစ်ဝှမ်းဒေသအ၀င်ဝတွင် ဦးဦးကျော်ခိုင်သည် သူချစ်မြတ်နိုးသော အမျိုးသားတို့အတွက် အသက်ကို ပေးခဲ့ရသည်။ ဗြိတိသျှတို့ကား တင်ပါးနှင့် ခြေဖ၀ါးတသားတည်းကျအောင် ပြေးခဲ့လေပြီ။ မျိုးရိုးဇာတိမာန် ပြင်းထန်သော ရခိုင်အမျိုးသားတို့ကား လက်သီးကိုဆုပ်၍ လက်ရုံးကိုတန်း၍ အံကိုကြိတ်၍ ကျန်ရစ်ခဲ့လေသည်။

ရခိုင်လူငယ်တို့ သတ္တိ

ဒုတိယ ကမ္ဘာစစ်အတွင်း၌ ရခိုင်တိုင်းသည် ဗြိတိသျှနှင့် ဂျပန်တို့၏ တိုက်ပွဲစစ်ကြောင်းထဲတွင် ကန့်လန့်ကျ ရောက်ခဲ့ရသည်။ ရခိုင်နယ်စပ်ရှိ နယ်မြေတို့သည် ဂျပန်လက်သို့ ကျတုံ၊ ဗြိတိသျှလက်သို့ ကျတုံ၊ တလက်မှ တလက်သို့ ခဏခဏကူးပြောင်းခဲ့ရ၏။ ထိုအချိန်က ဗိုလ်ချုပ်အောင်ဆန်း၏ စီမံခန့်ခွဲမှုတို့သည် ခေါင်းဆောင် ပီသခြင်း မရှိခဲ့ပါမူ ရခိုင်တိုင်းရှိ မျိုးချစ်လူငယ်တို့သည် အချိန်ကာလကို မစောင့်ဘဲ ဂျပန်ကို ခံချကြမည်ဖြစ်၏။ သို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စည်းရုံးမှုမှာ ကျေးရွာရှိလူငယ်များမှ အခြေခံ စည်းရုံး ခြင်းဖြစ်သောကြောင့် ရခိုင်လူငယ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း၏ နည်းပရိယာယ်ကို ကောင်းစွာနားလည် ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဂျပန်နှင့် ပူးပေါင်းဆောင်ရွက်ဟန်ပြု၍ ဂျပန်ကို မည်သို့တိုက်ထုတ်ရမည် ဟု ဆင်ကြံကြံနေကြ၏။

တစ်နေ့သောအခါ ဂျပန်လက်အောက်၌ ဖွဲ့စည်းသော တို့ဗမာ အစိုးရ နိုင်ငံခြားရေးဌာန ၀န်ကြီးသခင်နု၏ ကုက္ကိုင်းအိမ်နောက်ဖေးတွင် တဲပုတ်နှင့်နေထိုင်သူ ရခိုင်အမျိုးသားလူငယ် မောင်ညိုထွန်းသည် ၎င်းနေထိုင် ရာ တဲပုတ်မှ ပျောက်ခြင်းမလှ ပျောက်သွားခဲ့သည်။

ထို့နောက်၌ကား မြန်မာပြည်မှ လူငယ်များသည် အိန္ဒိယသို့ နည်းမျိုးစုံဖြင့် ရောက်သွားကြသည်ဟု ကြားရ ၏။ များမကြာမီ ရခိုင်ကမ်းရိုးတန်းတွင် မဟာမိတ်တို့၏ မော်တော်ဘုတ်ကလေးများ မကြာခဏ ၀င်ရောက် လာသည်ဟု သတင်းရရှိ၏။ ဂျပန်တို့သည်လည်း ရခိုင်ကမ်းရိုးတန်းမှသည် မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်း အထိ မြေလွတ်မြေလပ်သဲသောင်ပြင်ဟူသမျှကို တင်းကျပ်စွာ ကင်းချလေသည်။ ဤအထဲတွင်
မောင်ညိုထွန်းနှင့်တကွ ၎င်း၏ရဲဘော်ရဲဘက်တို့သည် ဂွနှင့် သံတွဲအကြားရှိ ကမ်းရိုးတန်းသို့ မဟာမိတ် မော်တော်ဘုတ်ဖြင့် လစ်လျှင်လစ်သလို မကြာခဏ ၀င်ရောက်လာလေ့ရှိသည်။ ၎င်းတို့အုပ်စုသည် အိန္ဒိယ စစ်စခန်းနှင့် မြန်မာတော်လှန်ရေး လျှို့ဝှက်စခန်းတို့ကို အသက်ဆံဖျားစွန့်၍ ဆက်သွယ်ပေးခဲ့ကြသည်။

၁၉၄၃-၄၄ ခုနှစ်တွင်ဂျပန်တို့က အိန္ဒိယသို့ စစ်ချီတက်တော့မည်ဟု ကြုံးဝါးလေ၏။ များမကြာမီ အာသံ ပြည်နယ်ရှိ အင်ဖာမြို့သည် နက်ဖြန်သော်၎င်း၊ သဘက်ခါသော်၎င်း ဂျပန့်လက်တွင်းသို့ ကျဆင်းတော့မည် ဟု သတင်းလွှင့်သည်။ မြန်မာနိုင်ငံခြားရေးရုံးသည် ဂျပန်စစ်သေနာပတိရုံးမှ ပေးသော အင်ဖာတိုက်ပွဲ သတင်းတို့ကို အလွန်ကောင်း၏ဟူ၍ သြဘာပေး၍ နေသည်။ ထိုရုံးရှိ အတွင်းဝန်နှင့် ၀န်ကလေး အမျိုးမျိုး တို့သည် 'အင်ဖာကျပြီ'ဟု ခေါင်းစည်းတပ်သော ကြေငြာချက်အမျိုးမျိုးတို့ကို တစ်နေ့တစ်မျိုး ရေးသားစီကုံး ၍ ဂျပန်သံရုံးနှင့် သဘောတူညှိနှိုင်း တိုင်ပင်လျက်ရှိနေသည်။ သို့သော် ရခိုင်ပြည်တွင်း၌ကား ဦးစိန္တာ၊ ကြာလှအောင်စသော မျိုးချစ်ပုဂ္ဂိုလ်တို့သည် ရခိုင်ပြောက်ကျားများကို လျှို့ဝှက်စွာဖွဲ့စည်း၍ ရခိုင်တော်လှန် ရေးကို လျှို့ဝှက်စွာ စတင်လုပ်ဆောင်နေကြသည်။

အင်ဖာသည် ဂျပန်လက်သို့ တော်တော်နှင့် မကျနိုင်။ ဤအတွင်း ဂျပန်ကင်ပေတို့သည် ရခိုင်မျိုးချစ် လူငယ် တို့ကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးသုတ်သင်လျက် ရှိသည်။ မျိုးချစ်လူငယ်တို့ကလည်း သူဦးလျှင် သူ၊ ကိုယ်ဦးလျှင်ကိုယ် ဟူသောသဘောဖြင့် ဂျပန်ကင်ပေနှင့် စစ်သားတို့အား ရခိုင်ရိုးမတောင်တန်းကြီးထဲ တွင် တိတ်တိတ်ပုန်း သုတ်သင်လျက်ရှိကြ၏။ ဤသို့နှင့် တိတ်တိတ်ပုန်းတော်လှန်ရေးကြီးသည် အထင်ကရ တော်လှန်ရေး ဖြစ်လာခဲ့လေသည်။

ရခိုင်ပြောက်ကျားတို့၏ တော်လှန်ရေးသည် အရှိန်ရလာပြီးသည့်နောက် မရှေးမနှောင်း၌ မြန်မာတစ်ပြည် လုံးတွင် ဂျပန်တော်လှန်ရေးကို တပြိုင်နက်တည်း စတင်လုပ်ဆောင်ခဲ့ကြသည်။ မြန်မာနိုင်ငံအထက်ပိုင်း တစ်နေရာ၌ကား စစ်ဌာနချုပ်နှင့် အဆက်ပြတ်နေသော ဗိုလ်ဗထူးသည် ၁၉၄၅-ခု၊ မတ်လ ၂၇ ရက်နေ့ တည်းဟူသော ရက်ချိန်းကို မစောင့်နိုင်ဘဲ တော်လှန်ခဲ့လေသည်။

ဗိတိသျှတို့ ၀င်လာလျှင်

တော်လှန်ရေးကြီးကို ငါးလကျော် ခြောက်လမျှ လုပ်ဆောင်လိုက်ကြပြီးသည့်နောက် ဒုတိယကမ္ဘာစစ်ကြီး သည် ပြီးဆုံးလေ၏။ ထိုအခါ ဗြိတိသျှ မဟာမိတ်တပ်သားတို့သည် ရခိုင်တိုင်းသို့ ၀င်လာကြလေသည်။

တော်လှန်ရေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းနှင့် လောဒ့်လူဝီမောင့်ဘက်တန်တို့သည် နှစ်ဦးနှစ်ဝ ကောင်းစွာ နားလည်မှုရှိကြ၏။ သို့ရာတွင် အောက်ပိုင်း၌ကား ဖရိုဖရဲပင် ဖြစ်သည်။ အချို့သော မဟာမိတ် စစ်တပ်တို့သည် ဗိုလ်ချုပ်အော်ငဆန်း၏ တော်လှန်ရေးတပ်မတော်သားတို့အား သစ္စာဖောက်တပ်မတော် ဟူ၍ပင်လျှင် ပြက်ချော်သောစကားကို ၀ါဒဖြန့်ကြ၏။ အောက်ပိုင်းရှိ ဗြိတိသျှဗြူရိုကရက်တို့ကလည်း လက် စားချေလိုသော သဘောထားများကို ပြလာကြသည်။ ဤအကြောင်းကြောင့် တော်လှန်ရေးကာလ အတွင်း တွင် ဗြိတိသျှမဟာမိတ်တို့အား ရွပ်ရွပ်ချွံချွံ ကူညီခဲ့သော ရခိုင်ပြောက်ကျားတို့ကို ဗြိတိသျှ မဟာမိတ်တို့ ကိုယ်တိုင်ကပင်လျှင် စိတ္တရှိ ဖိစီးနှိပ်စက်လာကြ၏။ ထို့ကြောင့် ဂျပန်ရန်ကို အားကြိုးမာန်တက် ခုခံတော် လှန်ကြသော ရခိုင်တော်လှန်ရေးသမားတို့သည် စိတ်အပျက်ကြီးပျက်လာခဲ့ရသည်။ စစ်ပြီးစခေတ်တွင် ဗြိတိသျှဆန့်ကျင်ရေးစိတ်ဓါတ် ပထမဦးစွာ ပြန်လည်ပေါ်ပေါက်ခဲ့သည်မှာ ရခိုင်တော်လှန်ရေးသမားတို့၏ ဒေသမှ စတင်ပေါ်ပေါက်ခဲ့လေသည်။

ဗြိတိသျှမဟာမိတ်တို့ ၀င်လာသော လမ်းပေါက်အတိုင်း အိန္ဒိယနိုင်ငံမှ လူမျိုးစုံတို့သည် မြန်မာပြည်ထဲသို့ အလုအယက်ဝင်လာကြသည်။ ဆွံ့၊အ၊ ကျိုး၊ ကန်း၊ နူ၊ ၀ဲ စသော သူတောင်းစားလူထုသည်ပင်လျှင် စစ်တကောင်းမှတဆင့် မဂိုလမ်းသို့အရောက် အူယားဖားယား ပြေးဝင်လာကြသည်။ ၎င်းတို့ဝင်လာသော လမ်းကြော်းကား ကုလားပန်ဇင်းမြစ်ဝှမ်းမှ အစပြုလေသည်။

စစ်တကောင်းအနွယ်တို့သည် ကုလားပန်ဇင်းမြစ်ဝှမ်းသို့လာသောအခါ နို့စားဆိတ်မတစ်ကောင်ကိုသာ ယူဆောင်ခဲ့ကြသည်။ ၎င်းတို့နှင့်အတူ ရှေးက မြန်မာပြည်တွင် မနေထိုင်ဘူးသော အဆွေအမျိုးတို့လည်း ပါလာကြသည်။ များမကြာမီ ကုလားပန်ဇင်းမြစ်ဝှမ်းဒေသ အနောက်ဘက်၌ လယ်မြေ၊ ဥယျာဉ်၊ ဆိတ်ခြံ စသည်တို့သည် စည်ကားသိုက်မြိုက်လာလေသည်။ အရှေ့ဘက်ကမ်းရှိ ရခိုင်တိုင်းရင်းသားတို့ကား စစ်ဘေးစစ်ဒဏ်ကြောင့် ခရုဆံကျွတ်ဖြစ်နေကြရသည်။

ဗြိတိသျှ မဟာမိတ်တပ်သားတို့နှင့် တော်လှန်ရေးပြောက်ကျားတို့သည် တစတစနှင့် ဆက်ဆံရေးမပြေပြစ် ဖြစ်လာရလေသည်။ ဗြိတိသျှို့သည် ရခိုင်ပြောက်ကျားကို အသုံးချချိန်က ချခဲ့ပြီးဖြစ်၍ ၎င်းတို့ထံမှ နောက် ထပ် ဘာအကူအညီမျှ မလိုချေ။ ယခင်က ဗြိတိသျှတို့အား ရခိုင်ပြောက်ကျားတို့က အကူအညီပေးခဲ့သော ရာဇ၀င်ကဏ္ဍတရပ်လုံးကို ရေ၌မျှော၍ ပစ်လိုကြသည်။ ဤအခြေတွင် တော်လှန်ရေးသမားတို့၏ သဘော မှာ ဂျပန်လက်အောက်မှ လွတ်မြောက်ပြီးနောက် ဗြိတိသျှထံ အညံ့ခံ၍ ၀င်မည့် သဘောမျိုး မဟုတ်ချေ။ လိုအပ်လျှင် ဗြိတိသျှကိုပင် ပြန်၍ ချကြရဦးမည်။ ဤအချက်ကို ဗြိတိသျှစစ်တပ်နှင့် ဗြူရိုကရက်တို့ကလည်း ရိပ်စားမိကြ၏။ ထို့ကြောင့် စစ်ဘက်နှင့် မြို့ပြဘက်နှစ်ဦးသည် ရခိုင်ပြောက်ကျားတို့၏ စည်းရုံးရေးကို ဖြိုခွင်းရန် နည်းပရိယာယ် အမျိုးမျိုးကို အသုံးချလာကြသည်။ ဦးစိန္တာသည် ထိုနည်းပရိယာယ်အောက်သို့ ကျေရောက်ခဲ့လေသည်။ ထို့ကြောင့် ဗြိတိသျှအုပ်ချုပ်ရေးမျက်စိ၌ ဦးစိန္တာနှင့် အပေါင်းပါတို့ကို သူပုန်ဟူ၍ မြင်လာလေသည်။

ဤအခြေမျိုးသည် ရခိုင်တိုင်း၌သာ ရှိခဲ့သည်မဟုတ်။ မြန်မာပြည်၌လည်း အလားတူပင် ဖြစ်၏။ လောဒ့်လူဝီ မောင့်ဘက်တန်၏ မိတ်ဆွေနှင့်တူသော ကြေညာချက်သည် မြန်မာလူထုအတွက် များစွာ နားဝင်ချိုပေ သည်။ သို့ရာတွင် ဗြိတိသျှဗြူရိုကရက်တို့၏ ပြုမူပုံကား မြန်မာကို လက်စားချေရန်နှင့် မျိုးချစ်တပ်မတော်၏ စည်းရုံးမှုကို ဖြိုခွင်းရန်ဖြစ်လေသည်။

ဦးစိန္တာနှင့် ဗိုလ်ချုပ်အောင်ဆန်း

ဗိုလ်ချုပ်အောင်ဆန်းသည် ဤအခြင်းအရာတို့ကို မြင်၏။ ထို့ကြောင့် ဗြိတိသျှတို့၏ နည်းပရိယာယ်တို့ကို တိုက်ဖျက်ရန် ဘုရင်ခံအမှုဆောင်ကော်မတီထဲသို့ ဖဆပလ တစ်ဖွဲ့လုံးအနေဖြင့် ၀င်လာခဲ့လေသည်။ ၀င် လာလျှင် ၀င်လာချင်း ဦးစိန္တာလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ဘုရင်ခံက ထုတ်ပြန်လေအောင် ဆောင်ကြဉ်း ခဲ့၏။

သို့ရာတွင် ဦးစိန္တာနှင့် တကွသော ရခိုင်ပြောက်ကျားတို့သည် ဗြိတိသျှတို့ကိုလည်း အသည်းနာခဲ့ပြီ။ ကုလား ပန်ဇင်း၌ ဖြစ်ပျက်နေသော အခြင်းအရာတို့ကိုလည်း ရင်နာခဲ့ပြီ။ ၎င်းတို့သည် ဗြိတိသျှကို အနည်းငယ်မျှ အယုံအကြည် မရှိချေ။ ထိုအယုံအကြည်မရှိသော ဗြိတိသျှနှင့် ဗိုလ်ချုပ်အောင်ဆန်း အတူ လက်တွဲနေသည် ကိုလည်း နားမလည်နိုင်ချေ။ ၎င်းတို့၏ တစ်ခုတည်းသော ယုံကြည်ချက်မှာ လွတ်လပ်ရေးရအောင် ဂျပန် ကိုတိုက်သကဲ့သို့ ဗြိတိသျှကိုလည်း တိုက်ရမည်ဟူသော ယုံကြည်ချက်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ရခိုင်ပြောက်ကျားများကို နှိမ်သော ဗြိတိသျှနှင့် မဟာမိတ်ဖွဲ့၍ လွတ်လပ်ရေးကို လက်ဝါးဖြန့်တောင်းနေ သည်မှာ ရယ်စရာပင်ဖြစ်တော့သည်။ ဤကဲ့သို့သော စိတ်ထားမျိုးကြောင့် ဦးစိန္တာသည် ဗိုလ်ချုပ်ကိုပင်လျှင် အထင်လွဲခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၆-၄၇ ခုနှစ်ခန့်တွင် ဦးစိန္တာလူစုကို နားချရန် မင်းပြားသို့ ရောက်ခဲ့သည်။

ထိုအချိန်ကား တော်လှန်ရေးမာန်တက်ကြွနေသော အချိန်ဖြစ်၏။ ရှေးယခင်က ဦးစိန္တာနှင့် ဗိုလ်ချုပ်တို့ သည် နှစ်ဦးချင်းဆိုင်၍ အေးအေးဆေးဆေး ဆွေးနွေးခဲ့ဘူးသည်လည်း မရှိ။နဖူးတွေ့ ဒူးတွေ့ တွေ့ကြရသော အချိန်လည်း ခေါင်းဆောင်နှစ်ဦးကြားတွင် စကားအောင်သွယ်ပေးမည့်သူလည်း မရှိ။ ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဦးစိန္တာတို့သည် ကောင်းစွာမျက်နှာချင်းမဆိုင် ခဲ့ကြရချေ။ ဤသည်ပင်လျှင် ဗြိတိသျှစစ် တပ်၏ မကြိုက်ဖြစ်လေသည်။

ထိုအချိန်မှစ၍ နောက်ပိုင်းတွင် ဗြိတိသျှ စစ်အုပ်ချုပ်ရေးသည်၎င်း၊ ကက်စ်ဘီမြို့ပြ အုပ်ချုပ်ရေးသည်၎င်း၊ ရခိုင်တော်လှန်ရေးသမားတို့အတွက် အန္တရာယ်ဖြစ်လာလေသည်။

သို့နှင့်ပင် လွတ်လပ်ရေးရအံ့ဆဲဆဲ၌ ရခိုင်ပြောက်ကျား၊ အလံနီ၊ အလံဖြူစသော လှုပ်ရှားမှုတို့ ပေါ်ပေါက် လာခဲ့သည်။ ဗြိတိသျှ ဗြူရိုကရက်တို့၏ လုပ်နည်းမှာ တော်လှန်ရေးသဘောနှင့် နီးစပ်သော သူတို့ကို အလံ နီ၊ အလံဖြူဖြစ်အောင် တွန်း၍ပို့သောနည်း ဖြစ်လေသည်။ အခြားတဖက်၌လည်း ကွန်မြူနစ်တို့က ဤသို့ တွန်းပို့သမျှသည် ၎င်းတို့၏ အင်အားကြီးမားရေးအတွက် အမြတ်ဖြစ်သည်ဟု ယူဆနေပေသည်။

ဤအခြေကို အချိန်မီ ပြုပြင်ရန် လို၏။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် တောခိုအံ့ဆဲဆဲဖြစ်သော တော်လှန်ရေးသမားများကို ပြန်လည်သိမ်းသွင်းရန် ကြိုးစားခဲ့သည်။

လူကြီးလူငယ် လွန်ပွဲ

သို့သော် ၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့၌ လုပ်ကြံသူ၏သေနတ်သံသည် မြန်မာတစ်နိုင်ငံလုံကို လွှမ်း မိုးခဲ့၏။ ပြည်သူအားလုံးသည် သဲအူပြတ်မျှ ဖြစ်ခဲ့ရ၏။ လွတ်လပ်ရေးရသည့်နေ့အထိ ယခင်က ဗိုလ်ချုပ် အောင်ဆန်း မြှော်မှန်းခဲ့သော လုပ်ငန်းတို့သည် ဘာတစ်ခုမျှ အရာမထင်နိုင်ခဲ့ချေ။ ရခိုင်တိုင်းတွင် မကျေမ နပ်ဖြစ်နေသော တော်လှန်ရေးသမားများနှင့် ရှေးရိုးလူဟောင်းကြီးများ၏ နိုင်ငံရေးလွန်ပွဲသည် စတင်ကျင်း ပလာခဲ့လေသည်။

ဤနိုင်ငံရေးသည် ဒေသန္တရနိုင်ငံရေး ဖြစ်၏။ တော်လှန်ရေးသမား လူငယ်တို့သည် ဘေးအန္တရာယ် ရှိခိုက် တွင် မိပစ်၊ ဖပစ်၊ ရည်းစားပစ် သက်စွန့်ဆံဖျား တိုက်ခိုက်ခဲ့ကြ၏။ ၎င်းတို့ မြှော်မှန်းချက် ရေရေရာရာ မရှိ။ စွန့်စားစိတ်သာရှိ၏။ များသောအားဖြင့် မျိုးချစ်လူငယ်တို့မှာ တောင်သူလယ်သမား သားသမီးများသား ဖြစ်ကြ၏။ စစ်ပြီး၍ ဘေးအန္တရာယ်တို့ ကင်းရှင်းသွားသောအခါ များစွာသော ရပ်သူရွားသားတို့သည် မိမိတို့ ၏ အိုးအိမ်ကို ပြန်လည်ထူထောင်လာကြ၏။ ထိုသူတို့တွင် ရှေးမှီနောက်မှီ လူကြီးပိုင်းမှ မြေပိုင်ရှင်သူဌေး အစရှိသည်တို့ ပါဝင်ကြ၏။ အချို့ကား အရာရှိအရာခံများ ဖြစ်ကြသည်။ အန္တရာယ် ကင်းဝေးသွားသောအခါ လူကြီးတို့ကား လူငယ်တို့ကို မည်သူမည်ဝါသည် ယခင်က ပြာတာ၊ စာရေး၊ စာချီ၊ လယ်သမား၊ အလုပ်သ မား အစရှိသည်ဖြင့် ဖော်ထုတ်ကာ အဆင့်အတန်းခွဲခြား၍ လာကြသည်။ ဥပမာပြောရလျှင် 'ဗိုလ်ကြာလှ အောင်ဆိုတာ အရင်တုန်းက ဘယ်ရုံးမှာ ဘာပြာတာလုပ်တဲ့ ကောင်းလေးပဲ'ဟူသော စကားမျိုး သုံးစွဲလာ ကြသည်။ လူငယ်ပိုင်း၌လည်း လူငယ်တို့၏ ဓမ္မတာ ထောင်လွှားမှု ရှိပေသည်။ လူကြီးပိုင်းကလည်း လူကြီး တို့၏ ဓမ္မာတာခွဲခြားမှု ရှိသည်။ ထိုအဖြစ်အပျက်မှ ဒေသန္တရာ ဂုဏ်တုဂုဏ်ပြိုင် နိုင်ငံရေး လေရူးသည် လူကုံထံပိုင်းတွင် အထူးသဖြင့် တိုက်ခိုက်ခဲ့လေသည်။

ရခိုင် ဖဆပလ

မြန်မာနိုင်ငံသည် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးကို ကြေငြာလေသည်။ မြန်မာ တစ်နိုင်ငံလုံးတွင် တစ်ချိန်တည်း ပြိုင်တူ ပြည်ထောင်စုအလံကို လွှင့်ထူကြသည်။ အုပ်ချုပ်ရေး သဘောကို ကြည့ှ်လျှင် ခရိုင်ဝန်၊ မြို့ပိုင် စသည်တို့သည် ခရိုင်၊ မြို့နယ် အကြီးအကဲဖြစ်သည်။ ထို့ကြောင့် ခရိုင်တိုင်း၊ မြို့နယ်တိုင်း၌ ခရိုင်ဝန်နှင့် မြို့ပိုင်တို့ကသာလျှင် ပြည်ထောင်စုအလံကို လွှင့်တင်ရန် လွတ်လပ်သော ပြည်ထောင်စုကြီးအဖွဲ့ သတ်မှတ်ပေးခဲ့၏။

သို့ရာတွင် စစ်တွေမြို့၌ကား ဖဆပလ၏ အကြီးအကဲဖြစ်သော ဦးပညာသီဟကသာလျှင် အလံကိုလွှင့်တင် ထိုက်သည်ဟု အခိုက်အတန့်အားဖြင့် ၀ိဝါဒ ဖြစ်ခဲ့ရသည်။

ဤ၀ိဝါဒသည် ရခိုင်တိုင်း၌ ဖြစ်လာလတ္တံ့သော အခြင်းအရာတို့အတွက် အတိတ်နမိတ်ပင် ဖြစ်ပေသည်။

ရခိုင်တိုင်းသည် မျက်စိကြီးနားကြီး ပုဂ္ဂိုလ်များကသာ ဦးစီးခေါင်းဆောင်ပြုသော တိုင်းဖြစ်သည်။ လူထုမှာ နိုင်ငံရေးသဘောတရားများ၌ များစွာဖွံ့ဖြိုးကြသည်မဟုတ်ချေ။ လူထုသည် အစိုးရအာဏာကိုသာလျှင် အစဉ်တစိုက် အသိအမှတ်ပြုခဲ့ကြသည်။ ပါတီအာဏာကို ကောင်းစွာ သဘောပေါက်ကြသည် မဟုတ်ချေ။ သို့ရာတွင် လူထုအနေဖြင့် ပါတီထံမှ မိမိတို့၏ လိုလားချက်ကို တောင်းခံလျှင် ရနိုင်လိမ့်မည်ဟု သဘောပေါက်ကြသည်။

ဤကား လူထု၏ အခြေခံ အသိဥာဏ်ပင် ဖြစ်သည်။ အကယ်၍ နိုင်ငံရေးပါတီစည်းရုံးသူတို့သည် လူထု၏ အခြေခံအတိမ်အနက်ကို တိုင်းထွာ၍ လူထုအား နိုင်ငံရေး စည်းရုံးမှု အသိတရားတို့ကို ပေးနိုင်ခဲ့ပါလျှင် နိုင်ငံရေးလုပ်ငန်း၌ ရှုပ်ထွေးသော ပြဿနာတို့ ပေါ်ပေါက်ဖို့ခဲယဉ်းသည်။ သို့ရာတွင် အာဏာရှိပြီးသော နိုင်ငံရေးအဖွဲ့အစည်းသည် လူထုကို အကြိုက်ပေး၍ ဆွဲဆောင်ဘို့ကိုသာ ရည်ရွယ်သည်။ လူထုသိထိုက် သော အသိဥာဏ်ကို ပေးဘို့ရာ မရည်ရွယ်။

ဤအခြေအနေတွင်ဖ-ဆ-ပ-လ သည် ရခိုင်တိုင်း၌ မိုးကောင်း၍ လာခဲ့သည်။ ဖ-ဆ-ပ-လထဲတွင် နိုင်ငံရေး လုပ်ငန်း၌ အတွေ့အကြုံများသော ပုဂ္ဂိုလ်အများပင် ရှိကြပါ၏။ ၎င်းတို့သည် ရခိုင်တိုင်း၏ အကျိုးငှာ ၀ံသာနု ရက္ခိတ တရားကို ရှေ့ထား၍ ဆောင်ရွက်ခဲ့ကြပါသည်။ သို့ရာတွင် ယခင်က ပြဆိုခဲ့သည့်အတိုင်း အခြေခံ တို့မှာ ခိုင်မာတောင့်တင်းခြင်း မရှိသောကြောင့် ဖ-ဆ-ပ-လ စည်းရုံးမှုသည် တောင်မရောက် မြောက်မ ရောက် ဖြစ်ခဲ့ရ၏။ ဥပမာ လူထုက ရခိုင်ဖဆပလကို ချည်ခင်ဝေငှရာဌာနချုပ်ဟုသာ အသိအမှတ်ပြုဟန် တူ၏။ မှုထမ်းရာထမ်း လောက ကမူ ၎င်း၏ အာဏာစက်ကို ဖ-ဆ-ပ-လ က၀င်ရောက် ဖျက်ဆီးနေသည် ဟု ယူဆဟန်တူ၏။ မြေရှင်နှင့် သူဌေးပိုင်းအမြင်၌မူ ဖ-ဆ-ပ-လ ဌာနချုပ်သည် အခြေအနေမရှိသူတို့ စုဝေးရာဖြစ်သည်ဟု ယူဆကြဟန်တူ၏။ ပညာတတ် လူလတ်တန်းစားတို့ကမူ ဖ-ဆ-ပ-လ သည် အရည် အချင်းရှိသူတို့အား ဖိနှိပ်ရာဌာန တစ်ခုဖြစ်သည်ဟု ယူဆကြဟန်တူ၏။

တစ်ခုတည်းသော ဖ-ဆ-ပ-လ သည် ဌာနချုပ်တည်ရာ ရန်ကုန်မြို့၌သာ ရုံးထိုင်ရင်း ရခိုင်တိုင်းကို စည်းရုံး လျက်ရှိသည်။ ဒေသ၏ အခြေအနေကို မသိသဖြင့် နီးစပ်ရာလူက အရင်ပြောသောစကားကို အခြေတည်၍ အလုပ်လုပ်လျက် ရှိနေသည်။ ဤအခြေအနေကို ပညာတတ်ရခိုင်လူငယ်တို့က အားမလိုအားမရ ဖြစ်သော ကြောင့် ရခိုင်ပြည် ဆိုရှယ်လစ်ပါတီဟူသောအမည်ဖြင့် စည်းရုံးရန်ကြံစည်ခဲ့ဘူးသည်။ ၎င်းတို့၏ အကြံအ စည်မှာ ရခိုင်တိုင်းရှိ လူလတ်တန်းစားနှင့် အထက်တန်းလွှာတို့ကို ဖ-ဆ-ပ-လ ၏ အလံအောက်ဝယ် စည်း ရုံးထားရန်ဖြစ်သည်။ ထိုအကြံအစည်ကို သင့်ပါသည်ဟု ပြောရန် အချက်များစွာရှိ၏။ ထိုနည်းတူစွာ မသင့် ပါဟူ၍ ပြောရန်အချက်လည်း များစွာ ရှိ၏။ ဖ-ဆ-ပ-လ အထွေထွေအတွင်းရေးမှူး ဦးဗဆွေသဘော၌မူ ကား စင်ပြိုင်ထောင်သည့်မူကို မှန်ကန်သည်ဟု မယူဆချေ။ ထို့ကြောင့် ထိုအကြံအစည်သည် ပျက်ခဲ့လေ သည်။

နိုင်ငံရေးဖွဲ့စည်းရာ၌ အားရနှစ်သိမ့်ခြင်း မရှိကြသော အချိန်တွင် မြန်မာနိုင်ငံ၌ ရဲဘော်ဖြူနှင့် ကွန်မြူနစ်တို့ သည် တောခိုကြလေသည်။ ဤတောခိုသော ဂယက်သည် ရခိုင်တိုင်းကို အကြီးအကျယ်ရိုက်လေသည်။

ထိုအခါ မူဂျာဟစ်လှုပ်ရှားမှုသည်လည်း ရောင်တော်ပြန်နှင့်အတူ ရော၍ လွှတ်လေသည်။

စစ်ပြီးခေတ် စစ်တကောင်းနယ်သားတို့၏ ၀ါဒသည် နတ်မြစ်ဝတဖက်ကမ်းရှိ မယူတောင်တန်းဒေသနှင့် ကုလားပန်ဇင်းမြစ်ဝှမ်းဒေသတို့ကို နယ်သစ်အဖြစ်ဖြင့် အခြေစိုက်ရန်ဟူသော ၀ါဒဖြစ်သည်။ ၎င်းဝါဒကို သွေးထိုးပေးသူမှာ ရခိုင်တိုင်းတွင် နှစ်ပေါင်းများစွာ နေထိုင်သွားခဲ့သော စစ်တကောင်းအမျိုးသားတစ်ဦုးဖြစ်သည်။ ၎င်းသည် ၎င်း၏ တိုင်းရင်းသားအားလုံးကို လူလုံးလူရင်းနှင့် ချီတက်၍ အခြေစိုက်ရန် ပြင်ဆင်ထားခဲ့ရာ၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်ဟု ဆိုသည်နှင့်တပြိုင်နက် ၎င်း၏ပြင်ဆက်ချက်တို့ သည် တမျိုးတဖုံ ဖြစ်လာခဲ့လေသည်။ ထိုအချိန်၌ မြန်မာနိုင်ငံအစိုးရသည်လည်း လူဝင်လူထွက် ပြဿနာ ကို အထူးဂရုစိုက် ကြည့်ကြပ်လာခဲ့ရလေသည်။ ထို့ကြောင့် ရခိုင်တိုင်းထဲသို့စစ်တကောင်းလူမျိုးများအလွယ် တကူ ၀င်ထွက်လားလာရန် မဖြစ်နိုင်သောအခါ အဆိုပါ စစ်တကောင်းအမျိုးသားသည် ဒက္ကာမြို့မှနေ၍ မြန်မာနိုင်ငံအစိုးရအား ဆန့်ကျင်သော ၀ါဒဖြန့်ချက်တို့ကို သတင်းစာအသီးသီးတို့တွင် လှုံ့ဆော်ပေးခဲ့ လေသည်။ နောင်သောအခါ ထိုမူဂျာဟစ် လှုပ်ရှားမှုတို့သည် တဖြည်းဖြည်း ကြီးကျယ်လာပြီးလျှင် သူပုန် ခေါင်းဆောင် ကာဆင်သည်လည်း နာမည်ကြီးဘို့ရာ ဖြစ်လာခဲ့လေသည်။

ရခိုင်တိုင်းတွင် မကျေနပ်မှုတို့သည် ဤသို့လျှင် တဆင့်ပြီးတဆင့် ထပ်၍ထပ်၍ တိုးတက်လာခဲ့လေသည်။

ရခိုင်တိုင်းတွင် ဗြိတိသျှအုပ်ချုပ်ရေးသည် ပထမဦးစွာ အခြေစိုက်ခဲ့သည်။ တနည်းဆိုသော် ဗြိတိသျှတို့၏ အုပ်ချုပ်ရေး နည်းနိသျ တို့ကို ရခိုင်တိုင်းရင်းသားများသည် ပထမဆုံးရခဲ့သည်ဟု ဆိုရပေလိမ့်မည်။

သာမန်အားဖြင့်ဆိုလျှင် အဆိုပါအချက်ကြောင့် ရခိုင်တိုင်း၏ အုပ်ချုပ်ရေးသည် အဆင့်အတန်း မြင့်လိမ့် မည်ဟု ဆိုဘွယ်ရာ ဖြစ်၏။ သို့သော် တကယ်တမ်း၌မူကား ဤသို့မဟုတ်ပါ။

မှုထမ်းရာထမ်းတို့၏ မဲဇာ

ဗြိတိသျှတို့သည် အောက်နှင့်အထက်မြန်မာနိုင်ငံတို့ကို တဆင့်စီသိမ်းပိုက်လိုက်သောအခါ မူလက နယ်ချဲ့ ရန် ၎င်းတို့ခြေကုပ်ယူခဲ့သော ရခိုင်တိုင်းကို တဖြည်းဖြည်း လျစ်လျူပြုလာခဲ့ဟန်တူသည်။ ရခိုင်တိုင်းကို ဗြိတိသျှတို့သိမ်းပိုက်ပြီး အတန်ကြာသောအခါ ခရိုင်ဝန်တစ်ဦးသည် ကျောက်ဖြူနယ်ရှိ တော်သူ တောင် သားလယ်သမားတို့အား လူမျိုးခြားတို့က ဘိန်းဖြင့် စတင်ဖျက်ဆီးနေသည်ဟု အစီရင်ခံ၍ ဗဟိုအစိုးရတို့က လျစ်လျူရှုနေခြင်းကို တိတိလင်းလင်း ရှုတ်ချခဲ့ဘူးသည်။


ဗြိတိသျှပိုင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ကျယ်ဝန်းလာသောအခါ ထူးချွန်သော ရခိုင်အမျိုးသားအရာရှိတို့ကို မြန်မာပြည်မသို့ ပို့၍ အမှုထမ်းစေသည်။ ထိုအရာရှိတို့သည် မြန်မာပြည်မ၌ အလွန်ပျော်ပိုက်ကြ၍ တကြောင်း၊ ရခိုင်တိုင်းသို့ ပြန်လာ၍ ရာထူးကြီးကြီးဖြင့် အမှုထမ်းရန် အခွင့်အလမ်း နည်းပါးခြင်းကြောင့် တကြောင်း ထိုအကြောင်းတို့ကြောင့် ထက်ထက်မြက်မြက်နှင့် နိုင်ငံအကျိုးကို သယ်ပိုးရွက်ဆောင်နိုင်သော ရခိုင်အမျိုးသားအရာရှိကြီးများသည် ပင်စင်ယူပြီးသောအခါကျမှသာလျှင် ရခိုင်တိုင်း၌ ခေါင်းချနိုင်ခဲ့ကြ သည်။

ရခိုင်တိုင်းတွင် နိုင်ငံခြားသွားရောက်၍ ပညာသင်ယူခဲ့သူတို့ အများပင် ထွန်းကားခဲ့၏။ ၎င်းတို့၏ အမျိုး အနွယ်အစဉ်အဆက်တို့မှာလည်း ကြေးရတတ်များ ဖြစ်ကြ၏။ အထက်တန်းအရာရှိတို့မှာလည်း အင်္ဂလိပ်
နှင့် ၎င်းတို့ အနွယ်များသား ဖြစ်ကြ၏။ သို့နှင့်လည်း ရခိုင်တိုင်းသည် စီးပွားရေး၊ လူမှုရေးတို့၌ ဖွံ့ဖြိုးခြင်း မရှိခဲ့ချေ။

ဗြိတိသျှအစိုးရက ဆောင်ရွက်ပေးချက် တစ်ခုရှိ၏။ ရခိုင်တိုင်း၌ လယ်နှင့်၎င်း၊ ပက်သက်သော အလုပ်သ မား ရှား၏။ ၎င်းအလုပ်သမား အင်အားကို ဖြည့်နိုင်စေရန် ဗြိတိသျှတို့သည် ရခိုင်တိုင်းကို အိန္ဒိယသားတို့ ၀င်ချင်ထွက်ချင်တိုင်းဝင် ထွက်နိုင်ရအောင် စီမံဆောင်ရွက်ပေးခဲ့သည်။ အိန္ဒိယနှင့် မြန်မာခွဲသည့် အချိန် တိုင်အောင် အလုပ်သမား လူဝင်လူထွက်ကိစ္စကို ရခိုင်တိုင်း၌ အတော်အတန် လိုက်လျောပေးခဲ့ရ၏။ ဤအချက်ကြောင့်လည်း ရခိုင်တောသူတောင်သား လယ်သမားတို့၏ အခြေခံစီးပွားရေးနယ်ပယ်သည် ကျဉ်းမြောင်းခဲ့ရသည်။

အုပ်ချုပ်ရေးသဘောကို ဆက်၍ ပြောရလျှင် ဗြိတိသျှ အုပ်ချုပ်ရေး ကြာမြင့်လာသောအခါ ရခိုင်တိုင်းသည် မင်းပြစ်မင်းဒဏ်သင့်သော မှုထမ်းရာထမ်းတို့၏ 'မဲဇာ' ဖြစ်လာသည်။

မင်းပြစ်မင်းဒဏ်ဟူသည်မှာလည်း အမျိုးမျိုးရှိသည်။ အမှုထမ်းရာထမ်းတို့ ကိုယ်တိုင်က အုပ်ချုပ်ရေး၌ မဖြောင့်မတ်၊ စာရိတ္တ၌ မကောင်းမွန်၊ ဤအကြောင်းကြောင့် မင်းဒဏ်သင့်သည်က တစ်မျိုး၊ အုပ်ချုပ်ရေး၌ ပြောရန်မရှိ၊ စာရိတ္တ၌ သင့်တော်သူဆိုပါသော်လည်း မင်းလိုလိုက် မင်းကြိုက် မခစားတတ်၊ ဤအကြောင်း ကြောင့် မင်းဒဏ်သင့်ရသည်က တစ်မျိုး၊ ဤသို့ အမျိုးမျိုးရှိသည်။ တစ်ခါတစ်ရံ၌လည်း မင်းမျိုမင်းလွင်တို့ သည် 'ကပ်'ခြင်း သဘာဝတရားကို နားမလည်၍ ရခိုင်တိုင်းသို့ အပို့ခံရသည်လည်း ရှိသေး၏။

ရခိုင်သားတို့၏ စွပ်စွဲချက်

မည်သို့ပင်ဆိုဆို၊ အထက်ပါ ရာဇမာန်ရှခြင်း ခံရသူတို့ကို ရခိုင်တိုင်းသို့ ပို့ခြင်းစနစ်သည် ရခိုင်တိုင်း၏ အုပ် ချုပ်ရေး အဆင့်အတန်းကို အလွန်ပင်ထိခိုက်ခဲ့၏။

ဤအချက်ကိုလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး သဘောတရားကို နားလည်ကြသော ရခိုင်အမျိုးသားတို့ သည် မကျေနပ်ကြချေ။ ၎င်းတို့၏ တစ်ခုတည်းသော အစွဲကြီးမှာ 'ငါတို့ရခိုင်ပြည်ကို ပစ်ထားသည်' ဟူသော အချက်ဖြစ်သည်။

ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရသည် ရခိုင်အမျိုးသားတို့၏ အလိုမပြည့်သော ကိစ္စတို့ကို ဖြည့်စွမ်းပေးရန် တာဝန်ရှိသည်။ သို့သော် အထက်က ပြခဲ့သော စကားစဉ်အရ အာဏာရသော နိုင်ငံရေးပါတီ၏ ချွတ်ယွင်း ချက်ကို ကျွန်ုပ်တို့ သိရပေပြီ။ ထို့ကြောင့် အစိုးရအနေဖြင့် မည်သို့ စွမ်းဆောင်နိုင်သနည်းဟူသော အချက် ကို စီစစ်ရမည်။

ဤသို့ စီစစ်လိုက်သော် မယ်မယ်ရရ ဘာမျှ မရှိချေ။

အသို့လျှင် ရှိနိုင်ပါမည်နည်း။

လွတ်လပ်ပြီဟု ကြွေးကြော်၍ သုံးလမျှပင် မကြာ၊ အလံဖြူ၊ အလံနီ၊ ရဲဘော်ဖြူ၊ ကေအင်ဒီအို၊ အင်မ်အင်ဒီ အို၊ စစ်ပြေးစသော သောင်းကျန်းမှုအဆင့်ဆင့် ပေါ်လာခဲ့သည်။ ပြည်ထောင်စုအစိုးရသည် ရန်ကုန်အစိုးရ ဟုပင် အခေါ်ခံခဲ့ရသည်။ ဤအထဲတွင် ၀င်ဒါမီယာ အစိုးရ မဖြစ်ရလေအောင် သူ့ခမျာ ဇွဲနဘဲကြီးစွာဖြင့် ကြိုးပမ်းရသည်။ ရခိုင်တိုင်းအတွက် တစ်ခုဆောင်ရွက်မည်ဟု ကတိပြုလိုက်လျှင် ပြည်မ၌ ပြဿနာနှစ်ခု ဖြစ်၍ ဖြစ်၍လာသည်။

အခြားကို မဆိုထားဘိဦး။ ရခိုင်တိုင်း၏ မကျေနပ်ချက်တို့ကို စုံစမ်းမည်ဆို၍ စုံစမ်းသည့် မဏာမ ကော်မတီ ဖွဲ့စည်းခြင်းကို ပင်လျှင် ကြည့်ပါ။

ပြန်ကြားရေးဌာန၀န်ကြီး ဦးညိုထွန်းကိုယ်တိုင် ဦးစီးသော ထိုကော်မတီသည် ရခိုင်တိုင်းရှိ ချောင်းကြို မြောင်းကြား ရွာသိမ်ရွာငယ်ပါမကျန်၊ တပင်တပန်းဖြင့် စုံစမ်းရေးလုပ်ခဲ့၏။ အစီရင်ခံစာရေး၍ တင်ခဲ့၏။

သို့သော် စုံစမ်းရေးလုပ်ပါဟု စေခိုင်းသော ခေါင်းဆောင်တို့သည်ပင်လျှင် အဆိုပါ အစီရင်ခံစာကို ဖတ်ရှုရန် အချိန်ရလိုက်လေသလောဟု တပ်အပ်သေချာ မပြောနိုင်ချေ။

ထို့ကြောင့် 'ငါတို့ကို ပစ်ထားသည်' ဟူသော အစွဲအလန်းသည် ပို၍ ခိုင်မြဲလာသည်။

ရခိုင်ပြည်နယ် - အသံ

မြန်မာနိုင်ငံ လွတ်လပ်ရေးရခါစတွင် ရခိုင်သီးခြားပြည်နယ်ဟူသော မထင်မရှားအသံသည် ပေါ်ခဲ့၏။

သို့သော် အမှန်မှာ ထိုသီးခြားပြည်နယ်ဟူသော စကားသည် အဓိပ္ပါယ်မရှိချေ။ အဓိပ္ပါယ်မရှိကြောင်းကို လည်း ပညာတတ် ရခိုင်အမျိုးသားတို့က ကောင်းစွာသိသည်။ ထိုအမျိုးသားတို့သည် ကုလားပန်ဇင်း မြစ်ဝှမ်းက ပေးနေသော တိတ်ကြီး နိမိတ်ကြီးတို့ကို မြင်နေရသည်။ ထို့ကြောင့် သီးခြားပြည်နယ်ဟူသော အသံသည် သံမှန်မဟုတ်ချေ။

သို့သော် စဉ်းစားတတ်သူတို့၏ ၀မ်းထဲတွင် အမျိုးမျိုး ကြံဆလာကြသည်။

မြန်မာပြည်မနှင့် ရခိုင်တိုင်းသည် အလွန်အဆက်ဝေးသည်။

မြန်မာပြည်မ၌ ဒုက္ခ၊ သုက္ခ ကြုံတွေ့နေခိုက်တွင် ရခိုင်တိုင်းအဖို့ ကယ်မည့်သူ မပေါ်လာ ဖြစ်ခဲ့ရသည်။

ထို့ကြောင့် ရခိုင်အမျိုးသားတို့သည် မိမိကိုယ်ကို မိမိအားကိုးသော စံနစ်ဖြင့် အဘယ်ကြောင့် မလုပ်နိုင်ရ မည်နည်း။

ဤအချက်တို့ကို ရခိုင်အမျိုးသား ပညာတတ် လူတန်းစားတို့က လူကြီးလူငယ်မရွေး ပူးပေါင်းစဉ်းစားလာကြ သည်။

ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ရေးဟူသော အသံသည် တစတစ နှင့် ပဲ့တင်ရိုက်၍ လာသတည်း။

တကယ်တမ်း စဉ်းစားလိုက်လျှင် ရခိုင်နှင့်မြန်မာတို့သည် တမိသားမှ ပေါက်ဖွားလာသော သူများဖြစ်၏။

ရခိုင်နှင့် မြန်မာတို့ ရန်ဖြစ်လျှင် ဖြစ်ကြပါစေ။ သို့သော် ၎င်းတို့နှစ်ဦးသည် ကြာကြာရန်မဖြစ်နိုင်ပါ။ ညီအစ် ကိုချင်း စကားများကြသည့် ပုံပမာမျှသာ ဖြစ်၏။ စကားများပြီးလျှင် ပြန်၍ ခေါ်ကြစမြဲပင်ဖြစ်၏။

တခြားကို ကြည့်ရန်မလို။ ပြည်နယ်ကိစ္စနှင့် စပ်လျဉ်း၍ တိုင်းရင်းသားချင်း သွေးထွက်သံယိုမှုများပင် ပေါ် ပေါက်ခဲ့၏။

သို့သော် ရခိုင်မြန်မာတို့မှာ ဤအကြောင်းကိစ္စနှင့် စပ်လျဉ်း၍ သွေးတပေါက်မျှပင် မစွန်းခဲ့ဘူးပါ။

မြန်မာတို့အနေဖြင့် တစ်သက်လုံး အတူတကွ ပေါင်းသင်းနေထိုင်သူက ခွဲခွာသွားမည်ဆိုလျှင် လွမ်းသလိုလို အောက်မေ့သလိုလို ရှိချင်ရှိမည်ဖြစ်၏။

သို့သော် ဤခေတ်ကြီး၌ လူအသီးသီးသည် မိမိကြမ္မာကို မိမိဖန်တီးလိုကြသည် မဟုတ်လော။

ထို့ကြောင့် ပြည်နယ်ကိစ္စတွင် ပြည်နယ်လိုချင်သူတို့က သူတို့၏ ကံကြမ္မာကို သူတို့ဆုံးဖြတ်ကြဘို့သာ ရှိ သည်။ ကျွန်ုပ်တို့ ပြည်မသားအနေဖြင့် ဒိုးတူဘောင်ဘက်ချင်း ဖြစ်သည့်အားလျော်စွာ ကျွန်ုပ်တို့ကလည်း ၎င်းတို့အရေးတွင် ပြောပိုင်ခွင့်ရှိပါ၏။ သို့သော် ကျွန်တော်တစ်ဦး၏အနေဖြင့်ကား ဘာမျှမပြောလိုပါ။

ရခိုင်အမျိုးသားတို့၏ ဆန္ဒပြည့်ဝ၍ ရခိုင်မြန်မာ နှစ်ဦးသား အနာဂတ်၌ ညီရင်းအစ်ကိုပမာ လက်တွဲသွားနိုင် ဘို့ကိုသာ ရည်ရွယ်မိသည်။

ထို့ကြောင့် ဤကိစ္စကို သက်ဆိုင်သူတို့သည် ဆန္ဒရှိသည့်အတိုင်း ဆုံးဖြတ်ကြပါကုန်။

ထိုသို့ဆုံးဖြတ်ရာ၌ ပြည်နယ်ကို လိုသူတို့ကလည်း လိုချင်သောဆန္ဒကို လွတ်လုပ်စွာပြကြပါ။ မလိုသူတို့က လည်း မလိုချင်သော ဆန္ဒကို လွတ်လပ်စွာပြကြပါ။ သို့သော် ဆန္ဒခြင်းမတူညီသည့် အချက်ကို အကြောင်း ပြု၍ ရခိုင်အမျိုးသားအချင်းချင်း မေတ္တာတရား ခေါင်းပါးသွားသည့် အခြေကို မရောက်ရလေအောင် ခေါင်း ဆောင်တို့က ထိန်းသိမ်းသွားကြရန် မေတ္တာရပ်လို၏။

အများလိုရာကို ဆုံဖြတ်ပြီးသည့် ကာလ၌ အများ၏ဆုံးဖြတ်ချက်ကို နာယူလေးစားကြဘို့သာ ရှိ၏။ အလို ဆန္ဒ ပြည့်ဝလာသည့်အချိန်တွင် ရခိုင်အမျိုးသားတို့၏ ၀ံသာနု ရက္ခိတ တရား ပြန်လည်ထွန်းကားလာဘို့ကို သာ အလိုရှိအပ်၏။

ကျွန်ုပ်သည် တစ်ခုကိုသာ မျှော်လင့်လို၏။

ရခိုင်ပြည်နယ် ရရှိလာသောအခါ ကျွန်ုပ်တို့ပြည်မကြီး၏ အခက်အခဲတို့ကို ရခိုင်ပြည်နယ်သားတို့သည် ကိုယ်ချင်းစာနာနိုင်လိမ့်မည်ဟု မျှော်လင့်လိုပါသတည်း။

မောင်ထင်

No comments:

Post a Comment