ရခိုင်တော်လှန်ရေး ကဗျာစစ်

ရခိုင်ရိုးမတောင်၏ အရှေ့ဘက်နေ၊ မြန်မာအမျိုးသားတို့၏ စာပေ၀င်ထဲတွင် တကယ့်တော်လှန်ရေး ကဗျာ များကား ရှားပါးသည်ကို တွေ့ရပေသည်။ တကယ့်တော်လှန်ရေး ကဗျာဟူသည်ကား သူတပါးတို့ ထကြွ တော်လှန်ကြပြီးနောက် အာဏာလက်ဝယ်သိမ်းပိုက်ကာမှ ရေးတတ်ကြသော မော်ကွန်း၊ ရဲတင်း၊ မြင်းရည် တက်ကဗျာများကို မဆိုလိုပေ။ တော်လှန်ရေး ခေါင်းဆောင်ကိုယ်တိုင် ရေးစပ်ကာ တိုက်လို၊ ခိုက်လို၊ တော် လှန်စေလိုသော အရေးအသား၊ သဘောထား အဓိပ္ပါယ်ကုံလုံပြည့်ဝသည့် ကဗျာကိုသာလျှင် တော်လှန်ရေး ကဗျာစစ်ဟု ဆိုရပေမည်။

စင်္ကာပူကျွန်းတွင် အင်္ဂလိပ်ဘုရင်ခံချုပ်တစ်ဦး ဓါးထိုးခံရ၍ သေလွန်ခဲ့သည်ကို အချုပ်တန်းဆရာဖေသည် "ထီးဖြူရုံပြဿဒ်..." အစချီတေးထပ်တွင်-

"မင်းတုတု ခွေးသေသေ၊ သွေးတွေတွေယိုဘိ၊
လဒ်ရန်ကို ဆဒ္ဒန်ဖိ၊ နတ်ဘန်သည့်ဘုန်းတော်၊
ကျွန်းစင်္ကာပူတလွှား ရွှေဓါးသွား သတ်ရလိမ့်နော်၊
လှေကားဆက်အပေါ်ပေါ်မှာ၊ ထီးဖြူတော်နှစ်လက်ကြောင့်
အသက်ထွက်လွယ်စေ၊ ဓါးနှစ်ချက်မွှေ၊ လေးလက်ဖြင့် လေးချက်မွှေမယ်
ဘေးသက်သေ လက်ငင်းကွဲ့လေး"

ဟု အင်္ဂလိပ်ကို သတ်ချင်ဖြတ်ချင်သည့် မျိုးချစ်စိတ်ဖော်ပြရေးစပ်ရုံသာ ရေးစပ်ခဲ့ပေသည်။ ကိုယ်တိုင်ကိုယ် ကျ အင်္ဂလိပ်ကိုထွက်၍ တိုက်ခဲ့သည်ဟု မတွေ့ရပေ။

သို့သော် ငါတို့ ရခိုင်စာဆိုတော်မင်းသားကြီး ဦးရွှေဘန်းကား ထိုသို့မဟုတ်တုံတကား။

"မင်းသားအမှန်၊ ငါလျှင်ကြံက၊ နိုင်ငံရပ်စည်။
တိုင်းပြည်အတွက်၊ ကိုယ့်အသက်ကို၊ ရက်ရက်စွန့်ခွာ၊
ကုလားရွာ၍၊ ခန္ဓာရုပ်ဟောင်း၊ ဘ၀ပြောင်းခဲ့၊
ဖြစ်ကြောင်းသံသာ၊ သတ္တ၀ါတို့၊ မှန်စွာမချွတ်၊
သူမသတ်လည်း၊ မလွတ်တခါ၊ သေအံ့ရာတည်း။
ကမ္ဘာမကြေ၊ သူတို့တွေလည်း၊ အနေမစိုး၊
ငါမြေတိုးသော်၊ အရိုးတခါ တွန်လိမ့်ရာ၏။
နောင်လာနောက်လူ၊ ရခိုင်သူတို့၊ အယူမပြောင်း၊
ငါ့လမ်းကြောင်းကို၊ ကောင်းကောင်းလိုက်လာ
တိုင်းဓညာကို၊ တခါမုချ၊ ငါတို့ရအံ့။
လုံ့လရှေ့သန်၊ လူလျှင်ကြံက၊ နိဗ္ဗာန်မချွတ်
လက်ဝါးခတ်သည်၊ စွဲမှတ် ဤစာသေတမ်းတည်း"။

ဟု မြို့သူကြီး ဦးအောင်ကျော်ဇံသည် ရခိုင်ပြည်ကြီး၊ စည်ထီးကျိုးပေါက်၊ သူ့လက်ရောက်ရသည်မှာ လူတစ် စု၏ သစ္စာမတည်မှုကြောင့်ဟူ၍ ရတုသွယ်ခဲ့၏။ သို့သော် စိတ်ပျက်အားငယ်ခြင်းကား အလျှင်းမရှိဘဲ ထပ်မံတော်လှန်နိုင်ရန် လူ့ဘ၀ကိုသာ တောင့်တာခဲ့သတည်း။။

ကထိက ဦးကျော်ရင်(သံတွဲ)

(၁၉၅၀)ခု ရန်ကုန်တက္ကသိုလ် ရခိုင်ကျာင်းသား/သူများအသင်း မဂ္ဂဇင်း (လွပ်လပ်ရေးစာစောင်)မှ - 

No comments:

Post a Comment