ရခိုင်အိုးစည်

ရခိုင်ပြည်၌ ဓည၀တီခေတ်ကပင် သုခုမ အနုပညာထွန်းကားခဲ့ကြောင်း သိရှိရပါသည်။ ရခိုင်တို့၏ ဂီတအနု ပညာနှင့် သက်ဆိုင်သော တူရိယာပစ္စည်းများမှာလည်း အများအပြားပင် ရှိခဲ့ပါသည်။

ရခိုင်တို့၏ တူရိယာပစ္စည်းများနှင့် ပတ်သက်သော မှတ်တမ်းများကို ရှေးစာဟောင်း ပီဟောင်းများတွင် တွေ့ ရှိရပါသည်။

စန္ဒသူရိယလက်ထက် မဟာမုနိရုပ်တုတော်ကိုသွန်းလုပ်သည့်အခါ ရခိုင်တူရိယာများ တီးမှုတ်ခဲ့ကြကြောင်း ကို ရခိုင်ရာဇ၀င်လင်္ကာ၌ 'ထူးကဲသာယာ၊ များစွာပဉ္စင်၊ သဘင်ခြိမ့်ခြိမ့်၊ တသိမ့်သိမ့်လျှင်၊ ပျော်ရွှင် မှုတ်တီး၊ နားမငြီးသည်၊ ပွဲကြီးသဘင် ထူးဆန်းတည့်' ဟူ၍ ဖွဲ့ဆိုထားကြောင်း တွေ့ရှိရပါသည်။

ဥက္ကာပျံ၏ တစ်ဆယ့်နှစ်ရာသီဘွဲ့တွင်လည်း

"ဘိန်းပေါင်းခရာ၊ စည်ဒုပ္ပါသည်၊ ပတ်သာမြို့လုံးချုံးမျှ၊ ကခြီမူ ပတ္တလား၊ စောင်းညှင်းပြွီသာ၊ တူရိယာသည်။ လူ့ရွာသဘင်များနှင့်..."ဟူ၍လည်းကောင်း၊

ဟံသာဝတီနိုင်မော်ကွန်းတွင်လည်း

"ဘောမှုတ်သားလည်း ဘောကိုသံဆင့် မှုတ်ရရေ... စည်တီးသားလည်း စည်ကိုသံဆင့် တီးရမေ" ဟူ၍ လည်းကောင်း၊

စန္ဒြားဘွဲ့၌လည်း

"... ကျင်သံတပြီး၊ စီးတော်လှီက၊ စည်လည်းတီးဗျာ၊ အူအူလည်းသောင်းသောင်း၊ ဗုံမောင်းလည်းခရာ၊ ပတ် သာလင်းခွက်၊ ဧးသာခြင်းနှင့်... " ဟူ၍လည်းကောင်း ဖွဲ့ဆိုရေးသား ထားခဲ့ကြသည်ကို တွေ့ရှိရပါသည်။

ထို့ပြင်တ၀ ရခိုင်ရှေးဟောင်းသာခြင်းများ၊ တေးကဗျာများတွင်လည်း ရခိုင်တူရိယာအကြောင်း တစ်စွန်းတစ် စ ထင်ဟပ်လက်ရှိနေပါသည်။ ရခိုင်ရှေးဟောင်း သာခြင်းတစ်ပုဒ်၌ မင်္ဂလာဆောင်တွင် တီးရသော တူရိ ယာနှင့် ပတ်သက်၍

"ယပ်တောင်ကိုင်ကာ၊ ဒက်တန်းဆာကို၊ ကိုယ်မှာလည်းရစ်၊ စံပါယ်ပိုက်။ နောက်ကတသီး၊ တူရိယာလေ၊ ဗုံလင်းခွက်ကို လွမ်းခြင်းတီးလို့..." ဟူ၍လည်းကောင်း၊

"စည်တော်တီးရေ နာသားရေ၊ ဗုံရှည်တီးရေ နာသားရေ၊ ပန်းတရားတီးရေ နာသားရေ၊ အိုးစည်တီးရေ နာ သားရေ၊ တေနာသားရေ၊ ဇူးဝေ... ဝေ... ဇူး... ဇူး" ဟူ၍ တစ်ဖုံ တွေ့ရှိရပါသည်။

ထို့ပြင် ဗိုလ်မင်းထောင်၊ သက်ထောင်၊ ဖလံထောင်၊ မြုံထောင် စသည့် ရခိုင်ဒေသတို့၌ အလွန်ထင်ရှား
သော ပင်းခူအက ပင်းခူခြင်းတစ်ပုဒ်တွင် "ဗုံခြင်းမှာ သုံးဆယ်ပေါ်လတ်တေ၊ စည်ခြင်းမှာ သုံးဆယ်ပေါ် လတ်တေ၊ စောင်းခြင်းမှာ အလိုပေါ်လတ်တေ၊ စောင်းကြိုးမှာ လေးပင်၊ တစ်ပင်လျှော့တင်း၊ မောင်ဒိုး
အောင် မှာ ဖော်လတ်ခြင်း၊ ဗြိန်းလက်မ ဗြိန်းစောင်၊ ဗြိန်းမမောင်၊ ဗြိန်း... ဗြိန်း... ဗြိန်း... ဗြောင်"ဟူ၍ ဖွဲ့ဆိုထားပါသည်။

ယင်းအပြင် ယနေ့ ရခိုင်ပြည်အနှံ့အပြား တွေ့ရှိရသော ရုပ်လုံးရုပ်ကြွများတွင် ရခိုင်တို့၏ ကိုယ်ပိုင်တူရိယာ ပစ္စည်းများ သမိုင်းဦးကာလကပင် ရှိနေခဲ့ပြီးဖြစ်ကြောင်း တွေ့မြင်ရမည်ဖြစ်ပါသည်။

"ကြေး၊ ၊ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်"ဟူသော ရခိုင်တူရိယာပစ္စည်းများကို အတိုနှင့် မှတ်တမ်းတင်ထား ခဲ့ကြပါသည်။ "ကြေး" ဆိုသည်မှာ ကြေးဖြင့်ပြုလုပ်ထားသော တူရိယာပစ္စည်းများ၊ "ကြိုး"ဆိုသည်မှာ ကြိုး ဖြင့်ပြုလုပ်ထားသော တူရိယာပစ္စည်းများ၊ "သားရေ"ဆိုသည်မှာ သားရေကြက်၍ ပြုလုပ်ရသော တူရိယာ ပစ္စည်းများ၊ "လေ"ဆိုသည်မှာ လေကိုအသုံးချရသော တူရိယာပစ္စည်းများဖြစ်ပြီး "လက်ခုပ်"ဆိုသည်မှာ လက်ခုပ်၊ ၀ါးလက်ခုပ်၊ သစ်လက်ခုပ် စသည်တို့ဖြစ်ပါသည်။

ရခိုင်သားတို့၏ တူရိယာထဲတွင် သားရေကြက်၍ တီးရသော စည်အမျိုးပေါင်း များစွာရှိသည့်အနက် စည် အိုင်ခေါ် အိုးစည်တစ်မျိုးလည်း ပါဝင်ပေသည်။ အိုးစည်ကို ရခိုင်ရိုးရာ ရထားပွဲ၊ ဘုရားသံထီးတင်ပွဲ၊ ရှေးသူ ရုပ်ကြီးများကပွဲ၊ ရက္ခိတပူဇာပွဲနှင့် အခြားဘာသာရေးဆိုင်ရာပွဲများတွင် တီးလေ့ရှိပါသည်။ ဘုရားသံထီး တင်ပွဲ၌ အိုးစည်ကို ငြမ်းထက်မှနေ၍ တီးရပါသည်။ ရှေးသူရုပ်ကြီးများကပွဲကို တန်ဆောင်တိုင်ပွဲ၌ ကျင်းပ ရာတွင် အကွေ့တစ်ထောင်ရှိသော ၀င်္ကပါကို လှည့်ပတ်ကခုန်ကြပါသည်။

ယင်းအချိန်တွင် အိုးစည်ကို သံချပ်ကြီးများဆို၍ တီးမှုတ်ကခုန်ကြ၏။ ယင်းဝင်္ကဘာကွေ့မှာပင် မြတ်စွာဘု ရားကို ကာလနဂါး ဖူးဟန်ဖြင့် နဂါးအကတစ်မျိုးလည်း ပါဝင်ပါသည်။ နဂါးအကတွင် သံချပ်ကြီးများဆို၍ အိုးစည်တီးရပါသည်။ သံချပ်ကြီးများကြားတွင် သံချပ်တိုများကိုလည်း ညှပ်၍ ဆိုရပါသည်။ ရှေးခေတ်က နဂါးအက၌ ဆိုရသော သံချပ်တိုတစ်ပုဒ်မှာ-

"ဘုရားပွင့်တိုင်း လက်ဦးမြင်
ရီနန်းဘုရင် ကာလနဂါး
စပ္ပါယ်ယခေါ် နဂါးကျော်
ဘုရားဓါတ်တော် ပင့်ကာဝှက်ထား။
ဝဋ်မကင်းသည့် အလောင်းတော်
ဘူရိဒတ် ခေါ် နဂါးမင်းကြီး။
ယမူနာ အောက်စံဌာနီ
ဘောဂ၀တီ ငါတို့ရွှီနန်း။

ရခိုင်အိုးစည် တိမ်မြှုပ်ပျောက်ကွယ်ခဲ့သည်မှာ ကြာမြင့်ခဲ့ချေပြီ။ တိမ်မြှုပ်ခဲ့ပြီဖြစ်သော ရခိုင်အိုးစည်ကို ရခိုင်ယဉ်ကျေးမှု သုတေသီအချို့က ယခုအခါ ပြန်လည်ဖော်ထုတ်နိုင်ခဲ့ကြပါသည်။ ၁၉၆၉ခု၊ နှစ်ဦးလောက် တွင် ဆရာကြီး ဦးဦးသာထွန်း၏ အကူအညီဖြင့် စစ်တွေမြို့ ရက္ခိတပူဇာ ဖြစ်မြောက်ရေးကော်မတီမှ ဖော် ထုတ်ခဲ့ကြပါသည်။

ရခိုင်အိုးစည်မှာ ဗမာအိုးစည်နှင့် ကွားခြား၏။ ရခိုင်အိုးစည်တွင် အရွယ်အစား အမျိုးမျိုးရှိနိုင်သောလည်း အချိုးအစား၊ အတိုင်းအတာ တညီတညာတည်း ရှိရပါသည်။ ဗမာအိုးစည်ဝိုင်း၌ ပုလွီ (ပုလွေ ပြီ)က ဦးဆောင်ရ၍ ရခိုင်အိုးစည်ဝိုင်း၌မူကား အိုးစည်ကပင် ဦးဆောင်ရပါသည်။ အိုးစည်ကို အစိမ်းရောင်တွင် အဖြူရစ်ပါသော အ၀တ်စဖြင့် ပတ်ထားရပါသည်။ အိုးစည်ဝိုင်းတစ်ဝိုင်းတွင် ပါဝင်ရမည့် လူဦးရေ ကန့်သတ် ချက် မရှိချေ။ ငါးယောက်မှ ၁၅ ယောက်ထိ ပါဝင်နိုင်ပေသည်။

ရခိုင်အိုးစည်တစ်ဝိုင်းတွင် အိုးစည်အပြင် လင်းခွက်၊ ပုလီ၊ ၀ါးလက်ခုပ်တို့ ပါဝင်ရသည်။ ၀ါးလက်ခုပ် ပြုလုပ် ရာ၌လည်း အများဆုံး ၀ါးနှစ်ဆစ်ထက် မပိုရပါ။ အတတ်နိုင်ဆုံး အဆစ်တိုဝါးများကိုသာ သုံးလေ့ရှိပါသည်။

ရခိုင်အိုးစည် တီးခြင်းသင်္ကေတနှင့် အိုးစည်သံ မာဂဋ္ဌများမှာ

(၁) ပေါင်း... ဂျမ်း။ ... လာကတ်။
(၂) ပေါင်း... ပေါင်း... ဂျမ်း။ ... လာလတ်ကတ်။
(၃) ပေါင်း...ဂျမ်း... (ပေါင်း)၂ ဂျမ်း။ ... လာကတ်။ လာလတ်ကတ်။
(၄) ပတ်... ပေါင်း... ပေါင်း။ ... ထွက်လာကတ်။
(၅) ပတ်ကေ... ပေါင်း... ပေါင်း... ပေါင်း။ ထွက်၊ ထွက် ... ထွက်လာကတ်။
(၆) ပက်ပက်ကေ... ပေါင်း... ပေါင်း... ပေါင်း။
(၇) ပက်ပက်ကေ... လုံးပေါင်း... ပေါင်း... ပေါင်း။
(၈) ပက်ပက်ကေ... လုံးပေါင်း... ပေါင်း... ပေါင်း... ပေါင်း။
(၉) ပကပက်ကေ... လုံးပေါင်း၊... ပေါင်းပေါင်း... ပေါင်းပေါင်း။

စသည်တို့ဖြစ်သည်။ အိုးစည်တီးခြင်း သင်္ကေတနှင့် အိုးစည်သံမာဂဋ္ဌများကို တိုးချဲ့လိုက တိုးချဲ့နိုင်သည်။ သို့သော် အထက်ပါ သင်္ကေတများကို အခြေခံရပါမည်။ "ပေါင်း"မှာ အိုးစည်သံဖြစ်၍ "ဂျမ်း"မှာ လင်းခွက်သံ ဖြစ်သည်။

"လာကတ်၊ လာလတ်ကတ်၊ ထွက်လတ်ကတ်"ဆိုသည်မှာ "လာကြ၊ လာခဲ့ကြ၊ ထက်လာကြ"ဟူ၍ အိုးစည် ၀ိုင်းသားများက သံပြိုင်ညီညာဆိုရသော အသံဖြစ်ပါသည်။

အိုးစည်တီးသောအခါ အိုးစည်ချင်းကို သီဆိုကြရသည်။ အိုးစည်ချင်းမျာ ကိုယ့်ဒေသနှင့်ကိုယ် အများအပြား ပင် ရှိပါသည်။ စစ်တွေမြို့ ရက္ခိတပူဇာ ဖြစ်မြောက်ရေး ကော်မတီမှ ၁၉၆၉ခုနှစ် ရခိုင်သင်္ကြန် ရက္ခိတပူဇာ ပွဲ၌ သီဆိုခဲ့သော အိုးစည်ခြင်းတစ်ပုဒ်မှာကား-

"ပုလဲမြိုင်မြိုင်၊ ရက္ခိုင်ကမ်း
ဖျက်ဆိုင်လှိုင်းပန်း၊ ယက်ခတ်သံ
ရိုးမတောင်ယံ- ပဲ့တင်ထပ်လို့
လျှပ်ရောင်လျှပ်ပန်း သွယ်သွယ်ဖြာ
သော်တာလစန်း- ထိန်ထိန်ပြိုင်
သာစွငွေခိုင်- ကံ့ကော်ပန်းနန့်
ရင်ခတ်ကြိုင်လျှမ်း- မွှီးပေါင်းဖြာ
ပွဲတော်အာ- သင်္ကြန်ကျ
ရက္ခမဏ္ဍလ- ရွှီရခိုင်
ရိုးရာအစိုင်- ထုံးမပျက်
ရက္ခိုင်ရက္ခ- ပွဲမဟာ
ရက္ခိတပူဇာ- ပွဲတော်မြတ်
ငါးကြိမ်ငါးထပ်- ကျင်းပယာ
ပူဇာ့ပူဇာ- ဂါရ၀နန့်
ဝယ၀ုဒ္ဓိ- ကျေးဇူးသျှင်
ဘိုးသျှင်ဘောင်သျှင် ပုဂ္ဂိုလ်မြတ်ကို
သဒ္ဓါညွတ်ညွတ်- ရှိဦးတင်
ကြည်ကြည်စင်စင်- လှူဝတ္ထုကို
ပူဇော်သမှု- ဆက်ကပ်လှူ
အများသျှင်လှူ- ပုဂ္ဂိုလ်ပေါင်း
သောင်းသောင်းသာဓု- ခေါ်ကတ်လီ
သာဓု- သာဓု ခေါ်ကတ်လီ
သာဓု သာဓု သာဓု"

လူမျိုးတစ်မျိုး တည်တံ့ခိုင်မြဲရေးအတွက် မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ တိမ် မြှုပ်နေသော ယဉ်ကျေးမှုကို ပြည်လည်ဖော်ထုတ်ခြင်းနှင့် အသစ်အသစ်ဖွံ့ဖြိုးတိုးတက်လာအောင် လုပ် ဆောင်ခြင်းသည် မလုပ်မဖြစ်သော လုပ်ရပ်များပင် ဖြစ်ပါသည်။ ရခိုင်အိုးစည်ကို ပြန်လည် အသက်သွင်း ရင်း အခြား အခြားတိမ်မြှုပ်နေသော ရခိုင်ယဉ်ကျေးမှုများကိုလည်း စနစ်တကျ ဖော်ထုတ်ကြရန် လိုအပ်နေ ပြီဖြစ်ကြောင်း တင်ပြအပ်ပါသည်။

အနောက်သား (စစ်တွေ)

No comments:

Post a Comment