ဦးပညာသီဟ၏ အတ္ထုပတ္တိအကျဉ်း

ဆရာတော်ကြီး ဦးပညာသီဟသည် စစ်တွေမြို့ ကုန်တန်းရပ်၌ မွေးဖွားသည်။ မိဘများသည် ဆင်းရဲသား လူတန်းစား အလွှာမျှဖြစ်သည်။ ငယ်ရွယ်စဉ်က သံဃရာဇာ ဆရာတော်ကြီးအား အမှူးထား၍ ရှင်သာမဏေ ပြုခဲ့သည်။ ရဟန်းဘ၀သို့ရောက်သောအခါ ပဲခူးမင်းကျောင်းတိုက်မှ စာသင်တတ်မြောက် ခဲ့သည်။ ၀ိနည်း (၅)ကျမ်းလုံး အောင်မြင်ခဲ့သည်။

တန်ခိုးကျောင်းတိုက်ဆရာတော်ကြီး ဦးပဏ္ဍိ၏ တပည့်ရင်းဖြစ်သဖြင့် ရုက္ခမဏ္ဍက၊ သံဃသမဂ္ဂီတွင် ဦးပဏ္ဍိက ပညာရေးဌာန၏ ဥက္ကဌ၊ ဦးပညာသီဟက အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုစဉ်က သံဃသမဂ္ဂီ အစည်းအဝေး၌ ဆရာတော် ဦးစိန္ဒာနှင့် တွေ့ဆုံဆည်းကြ၍ အမျိုးဘာသာ သာသနာ စသည့် ၀ံသာနုတရားစကားများ လက်ဆုံကျကြ၏။
ဆရာတော်ဦးစိန္ဒာက ကျွန်ဖြစ်နေသမျှ တကာ၊တကာမတို့ ဆင်းရဲနေကြမည်ဖြစ်၍ ထိုလေးဌာန ကြီးပွား တိုးတက်ရာလမ်းကြောင်းမှာ ပထမဆုံး ဗုဒ္ဓဘာသာဝင်၊ ရခိုင် မြန်မာတို့ ကျွန်ဘ၀လွတ်မြောက်မှသာ တိုးတက်နိုင်မည်မဟုတ်ပါလား။ ဘယ်နည်းနှင့်မျှ တိုးတက်နိုင် ပါဘူး။ သို့ဖြစ်၍ ဦးပဉ္ဇင်းတို့လည်း ဗုဒ္ဓ ဘာသာကို ကိုးကွယ်ကြသော တကာတကာမများ ကျွန်ဘ၀မှ လွတ် မြောက်ရေးလမ်းစဉ်ကို လမ်းညွှန် ဟောပြောနိုင်ရမည်။ ၀ံသာနု ရက္ခိတ တရားကို စောင့်ရှောက်သည့် လူတွေဖြစ်လာအောင် စည်းရုံးနိုင်မှ ပြည်သူလူထုထဲမှ အာဇာနီခေါင်းဆောင်များ ဖြစ်ထွန်းပေါ်ထွက်လာရန် ပြုစုပျိုးထောင်ဖို့ တိုက်တွန်းသည့် စကားများကို တိုင်ပင်ဆွေးနွေးရာမှ ဦးပညာသီဟာသည်လည်း ပါရမီ အရင်းခံရှိသည့် အတွက် အထူး စိတ်ဝင်စားပြီး နိုင်ငံရေး တော်လှန်ရေးလုပ်ဖို့ တာဝန်ယူ ကတိပြုလျက် ဥိးစိန္ဒာကဲ့သို့ပင် ၀ံသာနု တရားဟောပြောသော ဓမ္မကိက အဖြစ်သို့ ရောက်ရှိလာသည်။ ဦးပညာသီဟသည် ဟောပြောရာ၌လည်း လူတွေ အထူးစိတ်ဝင်စားလာအောင် ဆွဲဆောင်စည်းရုံးနိုင်သည့်အပြင် လက်တွေ့ လုပ်ငန်းများ၌လည်း စွမ်းစွမ်းတမံ ထူးချွန်သော ခေါင်းဆောင်မှု ရဲရင့်သတ္တိထူးရှိသော အာဇာနီ ခေါင်းဆောင်ပုဂ္ဂိုလ် ဖြစ်လာရ ပါသည်။ စစ်ရေး၊ နိုင်ငံရေး ထိပ်တန်းလျှို့ဝှက်လုပ်ငန်းများနှင့် တော်လှန်ရေး အကူးအပြောင်း များတွင် နိုင်ငံခြားသားများနှင့် ဆက်သွယ်ရာတွင် သော့ချက်တာဝန်ရပ်များကို အောင်မြင် စွာ တာဝန်ယူ ဆောင် ရွက်နိုင်သော ရခိုင်လူမျိုးထဲ၌ (ရာဇ၀င်တင်လောက်)သည့် သမိုင်းဝင် တော်လှန်ရေး တာဝန်များကို ဆရာတော်ဦးစိန္ဒာနှင့် တွဲဘက်ပြီး ကြီးမားသော ဖက်ဆစ်တော်လှန်ရေး တာဝန်၊ လုံးဝ လွတ်မြောက်ရေး တာဝန်ဖြစ်သော အထွေထွေသပိတ်ခေါင်းဆောင်များ မွေးထုတ်လျက် မြိုင်မြိုင်ဆိုင်ဆိုင် တော်လှန်ရေး တာဝန်အရပ်ရပ်ကို တာဝန်ယူလျက် နောက်လိုက်နောက်ပါ အာဇာနီသူရဲကောင်းလူငယ်များ ခြံရံလျက် ဦးစိန္ဒာနှင့် တူညီသော သတ္တိထူးများ ပြည့်စုံပါသည်။ ရခိုင်လူမျိုးများထဲမှ အထူးသဖြင့် အားကိုး ရခဲ့သော အာဇာနီခေါင်းဆောင်ကြီး တစ်ဦးပင်တည်း။ သူမတူအောင်ထူးချွန်သော ဟောပြောမှု၊ သတ္တိဇွဲ၊ ၀ီရိယနှင့် စူးရှပြင်းထန်သော ဇာတိသွေး၊ ဇာတိမာန် မှာလည်း ပြိုင်စံရှားလောက်သော ပုဂ္ဂိုလ်ခေါင်းဆောင် ဖြစ်ပါသည်။

အထူးသဖြင့် လယ်သမားလူထု တောင်ပေါ်မြေပြန့် ခမီးအမျိုးသားတစ်ခုလုံး အာမခံ စည်းရုံးနိုင်ခြင်း၊ ပညာတတ်လူငယ်၊ ကျောင်းသားများ၊ လူလတ်တန်းစား ပညာတတ်များ၊ ၀ိုင်းဝိုင်းပတ်လည် ပါဝင်လာ အောင် ဆွဲဆောင်နိုင်သည့် ပုဂ္ဂိုလ်ဟု မှတ်ချက်ချရေးသားမှ ဦးပညာသီဟ ဆရာတော်နှင့် ထိုက်ထိုက် တန်တန် ဖြစ်ပါမည်။ ရခိုင်အမျိုးသား တော်လှန်ရေးသမိုင်းမှာ ဦးစိန္ဒာနှင့် ဦးပညာသီဟတို့ နှစ်ပါး၏ သမိုင်းပင်ဖြစ်သည်ဟုဆိုပါက ၇၅% မှန်ကန်ပါလိမ့်မည်။ မည်သို့ဖြစ်၍ ယခုရေးသားသည့် ဦးတည်ချက်မှာ ရခိုင်တော်လှန်ရေးသမိုင်းကို လူတစ်ယောက်ဖြတ်သန်းခဲ့သော ခရီးစဉ်မှတ်တမ်းတစ်ခုမျှသာဖြစ်၍ ပြည့်စုံနိုင်စရာ မရှိသည်ကို တာဝန်ခံပါသည်။ ဆရာတော်ကြီး အတ္ထုပတ္တိကို ရေးပါ။ သီးခြားကော်မတီ တစ်ရပ်ဖွဲ့၍ ရေးမှသာ ရာခိုင်နှုန်း ၇၅% ပြည့်စုံနိုင်ပါမည်။ ယခုက အပေါ်ယံအမြင်မျှသာဖြစ်ပါသည်။ သို့သော်လည်း ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သော ရဟန်းတော်ဦးပညာသီဟ အကြောင်းအကျဉ်းကို ခန့်မှန်းနိုင်ပါသည်။

မနုဿ ဦးဘစိန် ရေးသားသော သူ့ကျွန်မခံ ဇာတိမာန်ဖြင့် (၁၉၇၉) စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment