ကျီးဖြူရွာဇာမှာလဲ

တစ်ခါတစ်ပါး၌ ကျီးသားဖော်ငါးရာတို့သည် အစာရှာကြရန်ကျေးရွာတစ်ခုသို့ရောက်ရှိသွားကြလေ၏။ လူသူ ရပ်ရွာနီးစပ်ရာတိုင်အောင် အစားအစာများကိုလှည့်လည် ရှာဖွေစားသောက်နေ ခဲ့ကြလေ၏။ထိုစဉ် ဆင်း ရဲ သောသားအမိအိပ်အနီးသို့ရောက် ရှိခဲ့ကြလေ၏။

ထိုအိမ်၌နှစ်တစ်ဖျာကိုနေလှမ်းထားရှိလေ၏။ မိခင်သည် သမီးငယ်အားအစောင့်ထားခဲ့ပြီး ထင်းခွေရန်တော သို့ သွားနှင့်လေ၏။ အစောင့်ထားကျန်ရစ်သောသမီးငယ်ကို ကျေးငှက်များတစ်စေ့မှမစားရန်လည်းကောင်း စွာ ပြောဆိုမှာကြားထားခဲ့လေ၏။မိခင်၏မှာကြားမှုတိုင်း သမီးငယ်သည်ဂရုစိုက်၍စောင့်ကြပ်နေလင့်လေ၏။

အစာရှာကြသောကျီးများသည် နှမ်းများကိုမြင်ကြသော်သက်ဆင်းကြလေ၏။တစ်စတစ်စ နှမ်းဖျာအနီးသို့ အုပ်လိုက်ချီ၍ များပြားစွာ ချဉ်းကပ်ရောက်လာကြလေ၏။နှမ်းဖျာတစ်ခုလုံးကိုချီယူလုသွားမတတ်ဝိုင်းအုံ ၀န်း ရံနေခဲ့ကြလေ၏။နှမ်းဖျာစောင့်နေသော သူငယ်မကားကျေးငှက်များမစားမိစေရန်"တရွှဲရွှဲ”နှင့်ပြောဆို မောင်း နှင်ခဲ့လေ၏။

ပြင်းပြသော နေရောင်သန်းနေသည့် အပူရှိန်ငွေ့ကြောင့် လည်းကောင်း၊ နေပူထဲ တွင်စောင့်နေ ရသည့် အ တွက် လည်းကောင်း၊မိန်းကလေး၏ မျက်စိများမှာ မှုန်ယောင်ယောင် ရီဝေေ၀ ဖြစ်၍နေ ၏။ထို့ကြောင့် ၀ိုင်းရံ နေသော ကျီးများကိုအကောင်မထင် ဘဲ ဖွေးဖွေးဖြူ လျက်သာ မြင်ယောင်နေလေ၏။သို့သော်ကျီးများသည် သူမမောင်းနှင်နေခြင်းကို လိုက်နာလျက် အတင်း အရင်းမလုပ်ဘဲနေခဲ့ကြလေ၏။

ထို့နောက်ကျီးများသည် စားချင်အားကြီးလှရာ ကား နှမ်းရှင်မထံချဉ်းကပ်ကြလေ ၏။ နှမ်းနည်း နည်းသော လည်း စားခွင့်ပြုရန် အသာ အယာ ပြောဆိုတောင်းခံကြလေ၏။

နှမ်းရှင်မက...“မစားပါနှင့်၊အမေရောက်လျှင် ကျွန်မအရိုက်ခံရမည်ကိုစိုးရသည်” ဟုချေငံစွာပြော၍တားလေ ၏။

ကျေးများက ထပ်မံ၍...“အားလုံးမစားပါ၊ အနည်းငယ်သာစားပါရစေ” ဟုပြောကြလေ၏။

သူမသဘောမတူခြင်းကြောင့် ကျီးများလည်း စားခွင့်မရဘဲ ဖြစ်နေကြလေ၏။

သို့သော် ကျီးများမှာ အာသာတပ်မက်နေကြသည့်အလျောက် မစားရမနေနိုင်ရှိခဲ့ကြလေ၏။

ထို့ကြောင့်စကားဆက်၍...“တစ်ကောင်လျှင်တစ်စေ့ကျသော်လဲ စားခွင့်ပြုပါ”ဟု အသနားခံကြလေ၏။

“ကျီးဖြူတို့ မိခင်ခွင့်မပြုခဲ့သဖြင့် သည်းခံကြပါ၊ တစ်စေ့ကိုထားဘိ တစ်ပိုင်းကျစီပင် ကျွန်မ ပေးပိုင်ခွင့်မရှိ၊ အ မှန်ပါ။” ဟုသူငယ်မကလည်းအဆုံးစွန်စကားကိုပြောဆိုလိုက်လေ၏။

လိုက်လျောမှုမရှိကြောင်းကို သိရသောအခါ ကျီးသားတို့ကလည်း နောက်ဆုံးမှာထား စကားဖြင့်... “မစိုး ရိမ် ပါနှင့်၊ အမိဆဲဆိုခြင်းဖြင့် ရိုက်နှက်ပြန်လျှင် ဦးလေး၊ ဦးကြီး၊ဘထွေး ၊မိထွေး ၊အစ်မများထံ ၀င်ပြေး ခိုကိုး နေပါ၊ မလွတ်သာ၍ လိုက်ပြန်ချေလဲ မတတ်သာအဆုံးတွင် ဆွေမျိုးများထံပြေားဝင်ပါလော့၊ ယင်းတို့က လဲ ခိုကိုးရာမပေးဘဲ ထို့အတူပြုကျင့်ပါဟု မလွတ်သာလျှင် ငါတို့ထံမေးမြန်း၍လာခဲ့ပါ၊ရောက်ပါ လိမ့်မည်” ဟု ပြောဆိုကြလေ၏။

ထိုသို့ပြောပြီးနောက်“တစ်ကောင်တစ်စေ့ကျပင် စားသွားပါမည်”ဟုဆိုကာ ၀ိုင်းဝန်း၍စားခဲ့ကြလေ၏။ သူ ငယ်မတားမြစ်နေစဉ်ကြားကပင် ၀င်လုစားကြရာ နှမ်းတစ်ဖျာလုံး ပြောင်ရှင်းကုန်စင်ခဲ့ရလေ၏။ ထိုအခါ မိန်း မငယ်သည် အရိုက်ခံရတော့မည်ဟု ငိုကြွေးလေ၏။ထို့ကြောင့် ကျီးသားတို့သည်ဖျောင်းဖျလျက်ချော့မော့ ကာသက်သာရာ ရစေကြလေ၏။မကြာခင် ကျီးသားတို့သည် အုပ်လိုက်ထပျံကာ မိမိနေရပ်သို့ ခရီးနှင် ခဲ့ကြလေ၏။

ညနေစောင်းတွင်မိခင်သည ထင်းခွေရာမှ ပြန်လည်ရောက်လာလေ၏။နှမ်းများကိုမေးစီစစ်လေရာ ကျီးသား တို့စား၍ကုန်ခဲ့ပြီးကြောင်း ပြောပြလေ၏။ထိုအခါ သမီးအားအမျက်ထွက်ကာ ပြင်းစွာဆဲဆို ရိုက်နှက် လေ တော့၏။ မိခင်ရိုက်လေသော် လွတ်ရာပြေးရှောင်၍ တစ်ယောက်မှတစ်ယောက်သို့ ခိုဝင် ခဲ့လေ ၏။ သို့သော် လည်း မည်သူမျှ အားကိုးစရာမရဘဲသာရှိခဲ့လေ၏။

မလွတ်သာသည့်အပြင် အားလုံးကပင် ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြလေ၏။ မခံနိုင်တော့ပြီဖြစ်ရာ ကား နောက် ဆုံးတွင် ကျီးတို့ထံပင်ပြေးရန်အကြံဖြစ်ခဲ့ရလေ၏။ကျီးသားတို့မှာထားခဲ့ သည့်အတိုင်းပြေးလေလျှင် လမ်းခရီး ၌ မေးမြန်းစုံစမ်းသွားခဲ့ရလေ၏။ 

လမ်းတွင်နွားကျောင်းသား၊ ကျွဲ၊ ဘဲ၊ ကြက်၊ ဆင်၊ မြင်း ၊ ဆိတ်ကျောင်းသားတို့ကို တွေ့ရ၍ တစ်ထောက်၊ တစ် ထောက်ဖြင့် အဆင့်ဆင့် ခရီးညွှန်ခဲ့လေ၏။
ထိုခရီးစဉ်အရပြေးရှာစဉ်... သူငယ်မက...
“နွားကြိုးတခြွီ၊ နွားတရွီနှင့်
အမောင်ယောက်ျား၊ နွားကျောင်းသားရို့
တံခွန်ယပ်ယပ်၊ လှီတသွတ်နှင့် 
ဇရပ်ကေသာယာ၊ ကျီးဖြူရွာကား
ဇာမှာလေ့၊မောင်ရို့” ဟု ကဗျာဆို၍ မေးလေ၏။

နွားကျောင်းသားများကလည်းပြန်လည်၍ ကဗျာဖြင့် ပြောခဲ့သည်မှာ...
“နွားကြိုးတစ်ပင်၊ ကျစ်ခဦး
နွားချီးတစ်ဗက်၊ ပစ်ခဦး
ထမင်းတစ်လုတ်၊ စားလီဦး
ရီလည်းတစ်မှုတ်၊ သောက်ခဦး
အမောအပန်းလည်း၊ ဖြီခဦး
ကျီးဖြူရွာကား ၊မြောက်မှာစူးစူး၊ ဟိလီယင့်” ဟူ၏။

ထိုမှတဆင့်ကျွဲကျောင်းသားများထံ လမ်းညွှန်ပေးလိုက်လေ၏။ယင်းသို့ဆက်ကာ အစဉ်အတိုင်းမေးမြန်း သွား လေသော် နောက်ဆုံး ဆိတ်ကျောင်းသားတို့ထံ ရောက်သွားခဲ့လေ၏။ ၄င်းတို့အား လည်း မေးမြန်း လေပြန် သဖြင့်...
“တောင်လည်းသုံးတောင်၊ ကျော်လီဦး
ကွင်းလည်းသုံးကွင်း၊ သန်းလီဦး
တောလည်းသုံးတော၊ ဖြတ်လီဦး
နောက်တစ်တောင်ပေါ်က မျှော်ကြည့်လိုက်သော် 
ကျီးဖြူရွာကို၊မြင်ရလိမ့်မည်” ဟုပြောဆိုလေ၏။

ထိုနောက် ဆိတ်ကျောင်းသားများက လမ်းညွှန်ပြလို၍...
“အရှိဘက်က၊ ကြိန်တန်းရေ
အနောက်ဘက်က၊ စူးတန်းရေ(ညွတ်တန်းရေ)
အရှိလမ်းကိုလည်း၊ မလိုက်လီကေ့
အနောက်လမ်းကိုလည်း၊ မလိုက်လီကေ့
အလယ်ဖြောင့်ထိုး၊ လမ်းမ,ရိုးကိုရာ
လိုက်ပါလီလေ့။” ဟုပြောဆိုပြပေးခဲ့ကြလေ၏။

လမ်းညွှန်အတိုင်းပြေးလေလျှင်ကျီးသားများနှင့်တွေ့ဆုံးကြရလေ၏။ သူတို့ကမေးလေသော်ပြေးလာ ကြောင်း ကိုပြောပြခဲ့ရလေ၏။ ကျီးဖြူမြို့သို့ရောက်သွားခဲ့လေရာ တည်းခိုရန်နေရာကို ပို့ဆောင်ကြ လိုသဖြင့်...
“ရွှေလှေကားနှင့် တက်ပါမည်လား၊
ငွေလှေကားနှင့် တက်ပါမည်လား” ဟုမေးကြလေ၏။
သူငယ်မက သဘောနီးစွာ ပြန်ပြောသည်ကား...
“ရွှေလှေကားနှင့်လည်း မတက်ပါ၊
ငွေလှေကားနှင့်လည်း မတက်ပါ၊ 
မိဘထုံးစံ သစ်ပင်လှေကားနှင့် တက်ပါမည်။” ဟုဆိုလေ၏။
ကျီးဖြူတို့က ရွှေလှေကားထောင်ပေးပြီး တက်စေလေ၏။
ထိုနောက် နေရာထိုင်ခင်းပေးရန်အတွက်...
“ရွှေအခင်းနှင့် ထိုင်မည်လား၊
ငွေအခင်းနှင့် ထိုင်မည်လား၊” ဟုမေးကြလေ၏။
သူငယ်မကား စိတ်ကြီးလှသူမဟုတ်ရာကား...
“မိဘထုံးစံ သပေါ့စာ သပေါက်နှင့်ရာ ထိုင်ပါမည်” ဟုတောင်းဆိုလေ၏။
သို့သော်လည်း ရွှေသင်ဖြူးများခင်းပေး၍ထိုင်စေလေ၏။
ထမင်းတည်ခင်းစဉ်...
“ရွှေလင်ပန်းနှင့် စားမည်လား၊
ငွေလင်ပန်းနှင့် စားမည်လား၊”ဟုမေးကြလေ၏။ သူငယ်မလည်း သဘောထားရိုးသားစွာဖြင့်ပင်...
“မိဘထုံးစံ၊ မြီလင်ပန်းနှင့် စားပါမည်” ဟုပြောလေ၏။

ထိုအခါ ရွှေလင်ပန်း၊ငွေလင်ပန်းနှင့်အပြည့်ထည့်၍ကောင်းစွာကျွေးမွေးခဲ့ကြလေ၏။ရေသောက်ရန်မေးသော အခါ “မိဘထုံးစံအတိုင်း မာလာခွံနှင့် သောက်ပါမေ။”ဟုပြောလေ၏။

ယင်းသို့ ကျကျနန ပြုစုလုပ်ကျွေးလျက်နေ့ရက်ကြာစွာထားရှိနေလာခဲ့လေသည်။ သို့သော်လည်း ကာလ ကြာသောအခါ သူငယ်မသည် မိခင်ကြီးကို သတိရလာလေ၏။ အောက်မေ့တ သလွမ်းဆွတ်ခြင်းကြောင့် ပြန် ချင်မှု ဖြစ်လာခဲ့ရလေ၏။ ထို့ကြောင့်မျက်ရည်များ တရွှဲရွှဲ ဖြစ်ကာ ငိုယိုခဲ့လေ၏။

ထိုအခါ ကျေးသားတို့က...
“မစာရလို့ရာ ငိုသလား၊ မပျော်လို့ရာ ငိုသလား” ဟုမေးခဲ့ကြလေ၏။

သူငယ်မကား...“မပျော်လို့လဲမဟုတ်ပါ၊ မစားရလို့လဲမဟုတ်ပါ၊ လွမ်းတ, လို့သာ ငိုမိစွာရာ” ဟုပြောလေ၏။
ထို့ကြောင့် ဖြေဖျော်အားပေးကြလျက် ပြန်နိုင်ရေး အတွက် အစီအစဉ်ပြုခဲ့ကြလေ၏။ လက်ဆောင်ပေး ရန် ရွှေ၊ငွေ၊ကျောက်၊ပတ္တမြား၊ ရတနာမျိုးစုံကို သတ်မှတ်ကြလေ၏။ထိုရတနာမျိုးစုံကို အထုပ်တစ်ခုပြု၍ ထုပ်ပိုး ကြလေ၏။ ထို့နောက် ပခြုပ်အထပ်ထပ်တွင်ထည့်လျက်ကောင်းစွာ ချုပ်စည်း ကြလေ၏။

လမ်းတွင်စားသောက်ရန် ရိက္ခာအဖြစ်လည်း မပုပ်သိုးသော အစားအစာတို့ကိုပါ ပြင်ဆင်ကြလေ ၏။ ပြန်မည့်နေ့တွင် လက်ဆောင်အထုပ်နှင့် ရိက္ခာအထုပ်တို့ကို ပေးနှင်း အပ်နှံကြလေ၏။ ပြန်ခါနီးကာလ လည်း ဖော်ရွှေဖက်ယမ်း နှုတ်ဆက်ခဲ့ကြလေ၏။ မှာကြားစရာများကို အသီးသီးပြောဆိုမှာကြားခဲ့ကြလေ၏။

“ဤအထုပ်အပိုးတို့ကို သတိမလပ် ဂရုစိုက်ထားပါ၊လမ်းတွင် မည်သူ့ကိုမှလဲ မအပ်မပေးလေနှင့်၊ ကြည့်ရှုချင် ၍ပြပါဆိုလဲ ဖွင့်မပြနှင့်၊ အိမ်သို့ ချောမောစွာအရောက် ကောင်းစွာ ဆောင်ယူသွားပါလေ၊ အိမ်သို့ေ ရာက် လျှင် သားအမိ လူမသိ၊ ရှင်မမြင်သာရန် လုံခြုံသော အိမ်အခန်းထဲ၌ ညဥ့်အခါ တိတ်တဆိတ် ဖွင့် ကြည့် ကြလေ” ဟု သင်ကြားလိုက်ကြလေ၏။

သူငယ်မသည် လာလမ်းခရီးစဉ်အတိုင်း ဆိတ်ကျောင်းသား၊ ကျွဲကျောင်းသားများကို တွေ့၍ နှုတ်ဆက်ခဲ့လေ ၏။ကျေးဇူးတင်ကြောင်း ၀မ်းသာအားရ ပြောဆိုခဲ့လေ၏။ အိမ်ရောက်သောအခါတွင် သားအမိနှစ်ယောက် ဖွင့်ကြည့်ကြလေ၏။ ထိုအခါ တစ်သက်စာ စားသောက်မကုန်နိုင်သော ရွှေငွေရတနာများ ကို တွေ့ကြ ရ လေ၏။ ထို့ကြောင့် နေ့တွင်းချင်းထင်းခွေခြင်း အလုပ်ကြမ်းမှ လွတ်ကင်း၍ အစဉ်ချမ်းသာ ကြွယ်ဝ ခဲ့ရ လေ၏။ သူတို့ အဖြစ်ကိုမြင်ကြရသဖြင့်“ နိချင်းကြွယ်မ” ဟုအခေါ်ဝေါ်ကြလေ၏။

ထိုအဖြစ်ကိုသိသော အမျိုးသမီးတစ်ယောက်သည် နှမ်းတစ်ဖျာကိုလှမ်းလေ၏။ ကျီးဖြူတို့ရောက်လာ၍ စား သောက်စေကာ ခရီးစဉ်အတိုင်း ထွက်ပြေးဟန်ဖြင့် လာခဲ့လေ၏။ ပထမသူငယ်မကဲ့သို့ မိဘထုံးစံကို မလိုက် ဘဲ စိတ်နေမြင့်လေသောကြောင့် အဆင့်နိမ့်ဖြင့်သာ ပြုစုဧည့်ခံခဲ့ကြလေ၏။

ကာလအတန်နေစေပြီးလျှင် ပြန်ခါနီး၌ အထုပ်ပြုလုပ်၍ ပေးလိုက်ကြလေ၏။ အိမ်သို့ပြန်ရောက်လေသော် ထိုအထုပ်ကို တစ်အိမ်သားလုံး ၀ိုင်း၍ဖွင့်ကြလေ၏။ ရွှေငွေရတနာများ မပါရှိဘဲ အဆိပ်ပြင်းထန်သောမြွေ ချည်း ထည့်ပါလာကြသဖြင့် တစ်အိမ်လုံး မြွေပေါက်၍ သေဆုံးခဲ့ကြရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

(ယပ်ယပ်=လှုပ်ယမ်း။    လှီတသွတ်=လေတသုတ်သုတ်)

No comments:

Post a Comment