အဘွား, ကျွန်တော်....ပြီးတော့

အဘွားသည်ရသေ့တောင်မြို့သူဖြစ်ပါသည်။
အဘွား၏အမည်မှာ ဒေါ်ဝင်းညိုမေဖြစ်ပါ၏။ အဘွားသည်ရသေ့တောင်မြို့ချောင်းဝရပ်ကွက်တွင် နေထိုင်ခဲ့ပါ သည်။ အဘွား၏ချက်မြှပ်ရာဒေသသည် ရသေ့တောင်ဖြစ်၍ ကွန်လွန်တော့လည်းရသေ့တောင်မြို့မှာပင်။

ကျွန်တော့်ဖခင်၏မိခင်ဖြစ်သဖြင့် အဖေ့ဘက်မှတော်စပ်သော အဘွားဖြစ်ပါသည်။
 အဘွားသည် မြေးဦးကျွန်တော့်ကို အလွန်ချစ်ပါ၏။ အဘွားတွင်စားစရာတစ်ခုရလာလျှင် အားလုံးကိုမစား ။ မြေးဦး ဖြစ်သူကျွန်တော့်ကိုမျှဝေကျွေးသည်။ ကျွန်တော့်အိမ်၌မရှိမူ ဆန်ထည့်သည့်စဥ့်အိုးကြီးထဲမှာ ၀ှက် ထား၏။ ကျွန်တော်ဆော့ကစားရာမှ ပြန်ရောက်လာသည့်အခါ လက်တို့ပြီး တိတ်တိတ်ခိုးကျွေးလေ သည် ။ မြေးအနှစ် ဆိုတာကိုနက်နက်ရှိုင်းရှိုင်းမသိခဲ့သော်လည်း ယခုကျွန်တော့ မှာမြေး ဦးရလာသည့်အ ခါ မှ မြေး အနှစ် အဓိပ္ပါယ်ကပီပြင်လာသည်။ နက်နက်ရှိုင်းရှိုင်းသိလာသည်။

ကျွန်တော့်ကိုအဖေအမေကရိုက်လျှင် အဘွားကစိတ်ဆိုးပြီးဗျစ်တောက်ဗျစ်တောက်မြည်ရင်း “ကလေးပါဆိုမှ လူကြီးတွေလောက်သိပါ့မလားဟေ့” ဟုမြည်တွန်ကာ ကျွန်တော့်မျက်ရည်ကို သုတ်၊ကောက်ချီလိုက်ပြီးဆွေ မျိုး လက်ဘက်ရည်ဆိုင်သို့သွားလေတော့၏။ အဘွားကလက်ဖက်ရည်ပူပူကို မှုတ်တိုက်တော့ ကျွန်တော်က အငို လွန်သူတို့အဖြစ်ရှိုက်တုန်း။ အဘွားကကျွန်တော့်ကိုချော့ ၍မဆုံး။ ယုယ၍မဆုံး။

ယခုတော့ကျွန်တော့်အလှည့်။ကျွန်တော့မြေးကို သူ့အဖေအမေကရိုက်လျှင် ကျွန်တော်မကြိုက်။ ကျွန်တော့် သား များ၊သမီးများနှင့် အိမ်အနီးမှကောင် မလေးတွေကို မြေး ကိုချစ်၍စကြ၊ပြောင်ကြသည်။ ထိုအခါ မြေး ငို လေ၏။ မြေးငိုသံက အသည်းကိုလာထိသည်။ လာလှုပ်သည်။ မြေးငိုနေသည့် မျက်နှာနှင့် အသံက ဘယ် လို ခံစားရသည်မသိ။ စိတ်ထဲမှာ အများကြီးခံစားသွားရသည်။ ကျွန်တော်ငိုနေစဉ်တုန်းကတော့ အဘွား လည်း ကျွန်တော့်ကဲ့သို့ခံစားနေ ခဲ့ပါလိမ့်မည်ဟု ဦးနှောက်ထဲသို့ဝင်လာသည်။

မြေးကိုချစ်ကြသည့်အချစ်သည် ကျွန်တော့်ဇနီး မသိန်းနုဝေဖန်သလို“မျက်ကန်းချစ်” ဖြစ်ပေလိမ့်မည်။ ဘာ ကိုမျှမမြင် နောက်ဖြစ်လာမည့် ကောင်းကျိုးကိုထည့်မတွက်၊မစဉ်းစားချစ်တာကိုပဲသိ၏။ ငါးရာနှစ်ဆယ့် ရှစ် က လွှမ်းမိုးနေသည်။ ပြောဆိုဆုံးမရမည့်စိတ်ကို မြေးချစ်တိမ်သလ္လာကဖုံးနေ သည်။ “ရှင့် သားနှစ်ယောက် ကိုအလို လိုက်ခဲ့လို့ကြီးလာတော့ ဆုံးမလို့မရတော့ဘူးမဟုတ်လား...ဆက်ပြီးမြေး ကိုမဖျက် ဆီးပါနဲ့”ဟု ဇနီး ကအမြဲသတိပေးနေရသည်။

မြန်မာလူမျိုး(တိုင်းရင်းသားအသီးသီး)တို့၏မိဘ၊ သားသမီး၊ မြေးမြစ်များအပေါ်၊ မေတ္တာ၊အကြင်နာ၊ ကရုဏါ၊ သံယောဇဉ်ထားကြပုံမှာ အနောက်နိုင်ငံသားတို့နှင့် မိုးနှင့်မြေကွာခြားပါ၏။ အနောက်နိုင်ငံသားတို့တွင် အခန်းထဲမှ အပုပ်နံ့ထွက်လာမှမိဘသေဆုံးနေကြောင်းသိရ၍ အိမ်နီးချင်းက သက်ဆိုင်ရာသားသမီးများ ထံ ကြေးနန်းရိုက်ခေါ်ရကြောင်းတွကို မဂ္ဂဇင်းစာစောင်တွေမှာ ဖတ်ရှုရ၏။

အမျိုးသီလကိုစောင့်ထိန်းသည့်လူမျိုးဟု ဂုဏ်ယူလျက်နေကြသော ကျွန်တော်တို့အဖို့မူ သားသမီး၊ဆွေမျိုးကို ပင်ချစ်ခင်ဂရုစိုက်ကြပေရာ မြေးကိုချစ်သည့် ကိစ္စမှာကား ပြောဖွယ်ရာမရှိပြီ။

အဘွားအကြောင်းကိုဆက်ပါဦးမည်။ ကျွန်တော်ကျောင်းစတင်တက်ရသည့် အရွယ်ကိုရောက်တော့ သနပ် ခါးလူးပေးသည်မှာ အဘွား၊ ကျောင်းကိုလိုက်ပို့ သည်မှာလည်း အဘွား၊ ကျောင်းအဆင်းလာကြိုသည် မှာ လည်းအဘွားလက်ဆွဲခေါ်ယူလာစဉ် ကျွန်တော်ခလုတ်တိုက်လဲကျသွားပါက အဲဒီကျောက် ခဲမွ မွကြေအောင် ထု လိုက်သည်မှာလည်းအဘွား။အဲဒီတုန်းက မိခင်နေရာကို အဘွားကယူထားသည်မို့ ကျွန်တော့်မိခင်က အဘွားကို(သူ့ယောက္ခမကို)သူ့သားကို ဖျက်ဆီးနေသည်ဟု ထင်မြင်ခဲ့ပါလိမ့်မည်။ ယခုမှ စဉ်းစားမိခြင်းဖြစ်ပါ သည်။

တစ်နေ့ကရုံးမှ ကျွန်တော်ပြန်လာတော့မြေးမကလေး ၀ိုင်းဝိုင်းက “အဘိုးရှင်....အဘိုးရှင်”အော် ပြီးပြေးလာ သည်။ လမ်းခုလပ်တွင် ခလုတ်တိုက်လဲကျသွား၏။ မြေးခလုတ်တိုက်မိသော ကျောက်ခဲ၊ ကျွန်တော့်လက် ချက်ဖြင့် အမှုန့်ကြေသွားသည်။ နောက်မှကျောက်ခဲအမှုန့်ကိုကြည့်ပြီးချက်ချင်းသတိရလိုက်သည်။ ကျွန် တော့်အဘွားလိုပါပဲ။ မြေးကိုချစ်ကြသည့်ချစ်ပုံချစ်နည်းကတော့ ပုံမှန်အမြဲစီးနေသည့် စမ်းချောင်း ကလေး လိုဖြစ်ပါသည်။

ရေးဖော်ရေးဖက် ကိုကြီးမန်း (ကျွန်းသားငမန်း)က ကျွန်တော့်မြေးအားချစ်ပုံချစ်နည်းကိုသိပြီး ဒီလောက် တောင်ချစ်သလားဟုမေးဖူး၏။ (ယခုတော့သူ့မှာလည်းမြေးနှစ်ယောက်ရပြီမို့) ကိုယ်ချင်းစာတတ် သွား လောက်ပါပြီ။

အဘွားနှင့်နေခဲ့ရစဉ်က အဘွားနှင့်အတူအိပ်ခဲ့ရစဉ်ကအဘွား၏အိပ်ရာဝင်ပုံပြင်များမှာ ရခိုင်ဝတ္ထုပုံပြင်များ၊ ရခိုင်ရှင်ဘုရင်များ၊ မိဖုရားများ၊ပညာရှိများ၊ရခိုင်ဓလေ့ထုံးစံများ၊ အမျိုးကိုစောင့်ရှောက်ရေး၊ သီလ ကိုစောင့် ရှောက်ရေး စသည်များ။ မှတ်ဥာဏ်ကောင်းစကလေးတစ်ဦး၏ ဦးနှောက်အတွင်းသို့ စွဲဝင်သွား သည့် သံမှို ချောင်းများပင်။

ယခုကျွန်တော့်မြေးမကလေးမှာ အသက်လေးနှစ်ထဲသို့သာဝင်ပါသေးသည်။ ထို့ကြောင့်အဘွားပေးစွဲခဲ့သော သံမှိုများကို သူ့ထံလက်ဆင့်ကမ်း၍မရသေး။ ဖားပြုတ်ကေ၀တ္ထုပုံပြင်လောက်သာရပါသည်။

ကျွန်တော့်ဦးနှောက်တွင် ရှိပြီးသားဖြစ်ပါသည်။ စန္ဒသူရိယဘုရင်မင်းမြတ်လက်ထက် ဂေါတမမြတ်ဘုရားရှင် ဓည၀တီရခိုင်ပြည်သို့ကြွလာသည့် အကြောင်း၊ မဟာမုနိစက်ဘုရားရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပူဇော်ခဲ့ သည့်အကြောင်း၊ ဝေသာလီခေတ်၌ ဝေသာလီပြည်ကြီးစည်ကားခဲ့ပုံ။ နိုင်ငံခြားနှင့်ကုန်စည် ကူးသန်းခဲ့ကြပုံ အကြောင်း၊ လေးမြို့ခေတ်အထောက်အထားများ ရေတိုက်စားရာတွင်ပါသွား၍ ၀မ်းနည်းရသည့် အကြောင်း၊ မြောက်ဦးခေတ်တွင် သဇင်ပန်းခိုင်တမြိုင်မြိုင်ရခိုင် ဘုရားပေါင်းနှင့် အညီ သာသ နာပြု မင်းတွေပေါ များခဲ့ သည့်အကြောင်း၊ မင်းကျင့် တရားဆယ်ပါးနှင့်အညီ ကတိသစ္စာတည်သော မင်းထီး ဘုရင်အကြောင်း၊ မဟာ ပညာကျော်၏ လျှောက်ထုံးများအကြောင်း၊ သုဝဏ္ဏဒေ၀ီစောပြည့်ညို၏ နာ မည်ကျော်သျွှန်းလိုက်ရတု အ ကြောင်း၊ဖဒူမင်းညို၊မိပန်းရံ၊ ရခိုင်သူမြတ်၊ ဥက္ကာပျံစသည့် စာဆို အကျော် အမော်များ အကြောင်း၊ အိပ်ရာ ၀င်ပြောစရာတွေက အများကြီးရှိနေပါလား။ မြေး ကလေး၏ ဦးနှောက်က သံမှိုစွဲချိန်ကာလမရောက်သေး။ အဘိုး၏ဦးနှောက်မှာ သိုလှောင်ထားပေဦးတော့။ ကျွန်တော် ၏အဘွား သည် မြေးများသို့လက်ဆင့်ကမ်း စနစ်ကိုသင်ပေးခဲ့ပါသည်။

ကျွန်တော်စာပေ၀ါသနာဗီဇပါလာ၍ စာရေးသက်ရင့်လာတော့ သမိုင်း၊ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို ပုံနှိပ် စာလုံး၊ ကွန်ပျူတာစာလုံးတွေနှင့် ဖော်ပြခံလာရသည့်အချိန်မှာ အဘွားမရှိတော့။ ၀မ်းသာအားရနှင့် အဘွား ကိုမပြလိုက်ရပေ။

ကျွန်တော်အနှစ်နှစ် အလလက စုဆောင်းလာခဲ့သည့် ရခိုင်ပြည်နယ်နှင့် ပတ်သက်သမျှသော စာအုပ်များ သုံးဆင့်ဗီရိုတွင်အပြည့်ရှိနေ၏။ ကျွန်တော်၏သားနှစ်ယောက်၊ သမီးနှစ်ယောက်တွင် တစ်ယောက်မှ စာပေ ဗီဇမပါ။ ဂီတဘက်မှာသာဝါသနာရှိကြ၏။ အကယ်၍မြေးများသာစာပေဗီဇ ပါလာပါက သူတို့ရေးသည့် ရခိုင် ယဉ်ကျေးမှု အကြောင်းတွေကို သည်ကအဘိုးပီတိမျက်ရည်ဖြင့် ဖတ်ချင်ပါသေးသည်။

ယခုလောလောဆယ်တော့ မြေးကိုချစ်သည့် အလှည့်သည် ကျွန်တော့်အလှည့် ပဲဖြစ်နေပါသေး သည်။ မြေး ကိုချစ်ကြသောအချစ်များသည် အလှည့်ပေါင်း များစွာဆက်လက် ၍ ဖြစ်ပေါ်နေဦး မည် ဖြစ်ပါသည်။

အဘွားသည်ကျွန်တော့်ကိုချစ်၏။
ကျွန်တော်သည် မြေးကိုချစ်၏။
အဘွားသည်အမျိုးသီလကိုစောင့်ထိန်းခဲ့၏။
ကျွန်တော်သည် အမျိုးသီလကိုစောင့်ထိန်းနေပါ၏။
မြေးတွေ အမျိုးသီလကိုစောင့်ထိန်းနိုင်ကြပါစေ။       ။

ဗဂျီးကျော်(စစ်တွေ)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့် မြတ်ပန်းသဇင်မဂ္ဂဇင်းမှ ကူးယူဖော်ပြသည်။

No comments:

Post a Comment