ရှေးအခါကတိုင်းပြည်တစ်ပြည်၌မင်းတစ်ပါးအုပ်ချုပ် စိုးစံခဲ့လေ၏။ထိုမင်း၏မိဖုးရား၌ သားတော်လေး တစ်ပါး ဖြစ်ထွန်းလေ၏။ ထိုမင်းသားသည်ငယ်စဉ်ကပင် ရဲစွမ်းသတ္တိနှင့်ပြည့်စုံလေ၏။ ထို့ကြောင့်သတ္တိ ကုမ္မာရ မင်း သားဟူ၍ အမည်တွင်ခဲ့၏။
မင်းသားငယ်သည် အရွယ်ရောက်လေသော် မြင်းစီးဝါသနာ ပါလာလေ၏။ ထိုမင်းသား၏ ဘုန်းကံကြောင့် နတ်မြင်းပျံတစ်စီးကိုရရှိခဲ့လေ၏။ထိုမြင်းကိုအဖော်လုပ်ကာ စီးနင်းပျော်ပါး နေလာခဲ့လေရာ အချိန်အား တိုင်း ထိုမြင်းပျံစီးလျက် တိုင်းပြည်တွင်း၌ လှည့်လည် သွားလာလေ့ရှိ၏။
တစ်နေ့သ၌မြင်းပျံကိုစီး၍ သွားစဉ် မိမိနယ်ပယ်ကို ကျော်လွန်သွားလေပြီး အခြားတိုင်ပြည်သို့ ရောက် သွား ၍ ဒေသတစ်ခု၌ သက်ဆင်းခဲ့လေ၏။ ထိုတိုင်းပြည်၌ ဘုရင်တစ်ပါးတွင် အလွန်လှပသော သမီးတော် တစ် ယောက်ရှိပြီး အမည်မှာမာလာဝတီ ဟူ၍ခေါ်လေ၏။ ထိုသမီးတော်ကို ဘီလူးဖမ်းယူသွားခြင်းခံရ ရှာ လေ သည်။
သမီးတော်ကို မည်သူမျှ ရှာဖွေပေးနိုင်သူ မရှိ။သိရှိသူလည်း မရှိကြသဖြင့် အခက်ကြုံလျက်ရှိနေကြ၏။ ဘုရင် နှင့်မိဖုရားတို့သည် ပူဆွေးသောကရောက်ရှိနေကြပြီး တစ်နန်းတော်လုံးကလည်း ငိုယိုမြည်တမ်းကာ နေခဲ့ ကြလေ၏။ ဘုရင်ကြီးသည် သမီးတော်ကိုရှာဖွေ စေရန်ရဲစွမ်းသတ္တိရှိသူများကိုရှာဖွေစေလေ၏။
တိုင်းပြည်အနှံ့သို့လည်း ကြော်ငြာခဲ့သဖြင့်ထိုသတင်းကို ခရီးလွန်၍ ရောက်နေသော သတ္တိကုမ္မာရမင်းသား သည် ကြားသိခဲ့ရလေ၏။ထို့ကြောင့်ဘုရင်မင်းဘကြီးထံဝင်ရောက်၍ သံတော်ဦးတင်လေ၏။
“အရှင်မင်းကြီး၊ကြောင့်ကြစိုးရိမ်တော်မမူပါလင့်၊ ကျွန်တော်မျိုးသည် သမီးတော်ကို အရဆောင်ကြဉ်းပေးပါ မည်” ဟုလျှောက်ဆိုကာ ထွက်ခွာလာလေသည်။
ထို့နောက်မင်းသားသည် မြင်းပျံကို စီးနင်းလျက် ခရီးဆက်လေ၏။ လိုက်လံရှာဖွေလေသော် ဝေတ အမည် ရှိသော တောအုပ်တစ်ခုထဲသို့ရောက်သွားခဲ့လေသည်။ ထိုတောအုပ်၌ အခက်အလက် အရွက်တို့ဖြင့် အုပ် ဆိုင်းနေသော သစ်ပင်ကြီးတစ်ပင်ကို တွေ့မြင်လေ၏။ ထိုအခါ အမောအပန်းဖြေရန် တစ်ညတာ အိပ်စက် နားနေလေသည်။
ညဥ့်သန်းခေါင်အချိန် ရောက်လေသော် မင်းသားသည် အိပ်ပျော်ရာမှ နိုးလာပြီး တစ်စုံတစ်ခုသော အသံ ကိုကြားရနိုးဖြင့်နားစိုက်ထောင်မိလေ၏။ အသံတိတ်ဆိတ်နေရာကား“ဤနေရာတွင် ပြောဟောသံမျှပင် မကြားရချေတကား” ဟုအောက်မေ့ မှတ်ထင်လာခဲ့လေ၏။
ထိုစဉ် ငှက်မြည်သံကို ကြားရလေသည်။
“ငှက်ပျင်းဖိုနှင့် ငှက်ပျင်းမ မောင်နှံသည် သစ်ပင်ထက်၌ ရှိနေပြီး ၄င်းတို့သည်အသံပြုလျက်အချင်းချင်း ပြော ဆိုနေကြလေ၏။
ငှက်ပျင်းဖိုက “ဟေ့....ငှက်ပျင်းမ၊ မာလာဝတီ မင်းသမီးသည် ဘယ်မှာရှိနေသနည်း” ဟုမေးလေ၏။
ထိုအခါ ငှက်ပျင်းမက “ မာလာဝတီကို ဘီလူးတို့ ဆောင်ယူသွား၍ ဘီလူးပြည်၌ ရှိနေပါသည်။ ဘီလူးတို့က ဖမ်းဆီးချုပ်နှောင်ထားပါသည်” ဟုပြောလေ၏။
ငှက်ပျင်းမ၏ ပြောစကားကို ငှက်ပျင်းဖိုက ဆက်၍မေးလေပြန်၏။
“မည်သို့သွားလျှင် တွေ့နိုင်အံ့နည်း” ဟုဆိုလေလျှင်...
“ဤနေရာမှ ယူဇနာ တစ်ရာကွာဝေးပြီး မြစ်ခုနစ်တန်၊ ပြန်သုံးပြင်ကို လွန်သွားသော် တွေ့လတ္တံ့။” ဟုပြော လေ၏။
ထိုသို့ပြောဆိုသောစကားကို သတ္တိကုမ္မာရ မင်းသားသည် ကြားသိရလေသည်။
ထိုစကားကိုမှတ်သား၍ နံနက်မိုးသောက်လျှင်မြင်းပျံစီး၍ ထွက်ခွာသွားလေ၏။ ခရီးစဉ်အတိုင်း သွားလေ သော် ဘီလူးပြည်သို့ရောက်သွားလေ၏။ ဘီလူးတို့အစာရှာဖွေနေစဉ် မင်းသားသည် လှည့်လည်ကာ ကြည့် ရှုလေ၏။ထိုအခါ အခန်းတစ်ခုထဲ၌ ချုပ်ထားသော မင်းသမီးကို တွေ့မြင်ရလေသည်။
မင်းသမီးသည် အိပ်ပျော်နေသဖြင့် အပါးသို့ချဉ်းကပ်၍ မင်းသမီးကို အသံပြုလိုက်လေ၏။ မင်းသမီးမနိုးလေ ရာကား လှုပ်၍ နိုးလေ၏။ သို့သော်လည်း မနိုးဘဲ အိပ်မြဲ အိပ်နေသဖြင့် အကြိမ်ကြိမ် နိုးရလေ၏။
မည်သို့မျှ နိုး၍မနိုးသောအခါ မင်းသားသည်အကြံအိုက်ခဲ့ရလေ၏။
“သေခဲ့လေပြီလော” ဟုပင်စိတ်က အောက်မေ့ခဲ့လေ၏။
ထိုအခါ အကြံယူလျက်စဉ်းစားနေစဉ် ခေါင်းရင်းနား၌ အထုပ်နှစ်ထုပ်ကို တွေ့မြင်မိလေသည်။ ကောက်ယူ၍ ဖွင့်ကြည့်မိရာ ရွှေတစ်ထုပ်၊ ငွေတစ်ထုပ်ဖြစ်နေ၏။
ရွှေထုပ်ကို ဖွင့်ကြည့်လေသော် မင်းသမီး ဦးခေါင်း၌ လွတ်ကျမိလေ၏။ ထိုအခါ ချက်ချင်းထ၍ မျက်စိကို ဖွင့်ကြည့်လေရာ မင်းသားကိုမြင်လျှင် အံ့သြခြင်းဖြစ်သွားခဲ့လေ၏။ထို့နောက်“ ဤမျှလောက်ကြမ်းကြုတ် ရက်စက်ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတိုင်းပြည်ကိုအဘယ်ကြောင့်လာရောက်ခဲ့ရသနည်း” ဟုပြော ဆိုလေ၏။ မင်းသားသည် ၀မ်းသာအားရနှင့် နှုတ်ဆက်စကားကိုပြန်ပြော လေ၏။
“ငါကား မင်းသားတစ်ပါးဖြစ်ပေသည်။ ဤနေရာသို့ရောက်လာသည်မှာ အခြားကြောင့်မဟုတ်၊ သင်မင်း သမီးကို ကယ်တင်ရန်ရောက်လာရခြင်း ဖြစ်သည်။ယခုပင် ဆောင်ယူအံ့၊ ငါနှင့်အတူ လိုက်ခဲ့လော့” ဟုပြော ဆိုလေ၏။
“ကျွန်ုပ်ကား ဘီလူးလက်ထဲရောက်နေပါသည်၊ အဘယ်သို့ဆောင်ယူနိုင်အံ့နည်း”ဟုမင်းသမီးကပြန် မေးလေ ၏။
မင်းသမီး၏စိုးရိမ်မကင်းသည့် မျက်နှာကိုမြင်၍ မင်းသားကစိတ်ပြေရန် “ဆောင်ယူရန်မှာ ငါ့တာဝန်သာဖြစ် သည်၊ ယခုဘီလူးတို့ဘယ်မှာနေသနည်း၊ ဘီလူးတို့ကိုသာ ပြလော့၊ ယခုပင်ငါသတ်၍ ပစ်ချေအံ့။” ဟုရဲဝံ့စွာ အာမခံလေ၏။
“ယခု ဘီလူးတို့ အစာရှာသွားနေပါသည်။ မိုးစင်စင်လင်းသောအခါ ပြန်ရောက်ကြအံ့၊ ဘီလူးတို့ကို ဤ သို့သတ်၍မရနိုင်” ဟုမင်းသမီးက ပြောလေ၏။
ထိုအခါမင်းသားက“မည်သို့သတ်ရအံ့နည်း” ဟုမေးလေ၏။
မင်းသမီးက အကြံပေးသည်မှာ “ဤတိုင်းပြည်မှ ယူဇနာ တစ်ရာအလွန်တွင် ထန်းတောကြီးတစ်ခုရှိပါသည်။ ထိုတွင် ရေကန်ကြီး၏ အလလယ်တည့်တည့်ရေအောက်၌ သေတ္တာကြုတ်တစ်ခုရှိလေသည်။ ထိုကြုတ်အ တွင်းဝယ် ပျားပိတုန်း တစ်ကောင်နေပါသည်။ တစ်ချက်တည်းငုပ်ယူပြီးလျှင် ထိုပျားပိတုန်းကိုဖမ်း၍ သတ်နိုင် လျှင် ဘီလူးအားလုံးလဲ သေကြပျက်စီးကြပါလိမ့်မည်” ဟုဆိုလေ၏။
မင်းသားသည် “ယခု သွားအံ့၊ ထန်းတောကိုပြလော့” ဟုဆို၍ ထွက်ခွာခဲ့လေ၏။
မင်းသမီးလည်း လက်ညှိုးညွှန်လျက်ပြလိုက်လေ၏။ နတ်မြင်းပျံဖြင့် အပြင်းနှင်လေသော် မကြာမီပင် ရောက် ရှိသွားလေ၏။ ကန်ထဲသို့ သက်ဆင်း၍ ကြုတ်ရှိမည့် နေရာကိုမှန်း၍ ငုပ်လေ၏။ တွေ့လျှင်ဖော်ယူကာ ပျားပိ တုန်းကို သတ်ပစ်လေ၏။ ထိုအခါ ဘီလူးအားလု့းလည်း တစ်ခါတည်း သေဆုံး သွားခဲ့ရလေ၏။
ဘီလူးအန္တရာယ် ကင်းရှင်းသောအခါ မင်းသမီးကိုခေါ်ဆောင်ခဲ့လေ၏။ မိဘရပ်ထံရောက် လျှင် ကောင်းမွန် စွာဆက်သအပ်နှံခဲ့လေ၏။မင်းသမီးပြန်ရောက်လေသော် တစ်တိုင်းပြည်လုံးက ၀မ်းသာပျော်ရွှင်မှုဖြစ်ခဲ့လေ ၏။ ဘုရင်မည်းသည် ညီလာခံခေါ်လျက် သဘင်အယ်တွင် မင်းသားကို ချီးကျူးဂုဏ်ပြုလေ၏။
“ဤသူကဲ့သို့ရဲစွမ်းသတ္တိနှင့်ပြည့်စုံသူမရှိ၊ ငါ၏သမီးကိုကယ်ဆယ်ဆောင်ကြဉ်းနိုင်ပေသည်။ထို့ကြောင့် ငါ့သ မီး နှင့်ပင် ထိုက်တန်လှပေသည်” ဟု အမိန့်ရှိကာ သမီးတော်နှင့် လက်ထပ်ထိမ်းမြားပေးအပ် လိုက်လေ ၏။
မင်းသားသည် မာလာဝတီ မင်းသမီးကိုခေါ်ဆောင်လျက် မိမိတိုင်းပြည်သို့ပြန်လာလေ၏။ တိုင်းပြည်ရောက် လျှင် ချစ်ချင်ပေါင်းသင်းလျက် အသက်ထက်ဆုံး နေထိုင်ခဲ့ကြလေသတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment