နားကြားလွဲသောနားပင်းစဉ်
ရှေးအခါက ရွာတစ်ရွာတွင်နားလေးသော လင်မယားနှစ်ယောက်ရှိလေသည်။ ၄င်းတွင် သားသမီးမဖြစ်ထွန်း သဖြင့် ၀က်ကလေးတစ်ကောင်ကိုမွေးစားထားခဲ့လေ၏။ ထိုဝက်ကလေးကို သားသမီးအလားလွန်စွာချစ်ခင် လျက် ကောင်းစွာကျွေးမွေးပြုစုလာခဲ့သည်။ ထို့ကြောင့်တစ်နေ့တစ်ခြား ကြီးပြင်းလာလေသော် ပို၍ပင်လျှင် ခင်မင်ခဲ့လေ၏။ ထို့ကြောင့် သတ်စားရန် မဆိုထားဘိ ရောင်းချရန်ပင် မပြုရဲဘဲ ရှိလာခဲ့လေသည်။
တစ်နေ့သ၌ ထိုဝက်သည်အိမ်မှထွက်သွားလေရာပျောက်ရှသွားခဲ့ရတော့၏။ နေ၀င်သော်လည်းပြန်မရောက် သည့်အတွက်စိတ်ပူပင် သောကမှုဖြစ်ခဲ့ရလေသည်။စိုးရိမ်တကြီးဖြစ်လာသဖြင့်စားမရသောက်မ၀င် သောက ဝေဒနာဖြစ်ခဲ့ရလေ၏။ တမှိုင်မှိုင်နေမထိထိုင်မသာစိတ်ဗျာပါနှင့် ရှိလာခဲ့ရလေသည်။
“ငါ့ဝက်ကို ငယ်ကပင် မွေးမြူလာသည်၊အဘယ်သူလျှင်ခိုးယူ သတ်စားလေရာသနည်း” ဟုကြံစည်စဉ်းစား လျက် ရှိလေသည်။
ထိုသို့စဉ်းစားနေရင်းရှာဖွေရန် စိတ်ကုးဖြစ်လာလေသည်။ ထို့ကြောင့် ဓါးမတစ်ချောင်းကို ပခုံးထက်မှာ တင် လျက်အရှာထွက်ခဲ့လေသည်။ ခြေဦးတည့်ရာထွက်ပြီး လိုက်ရှာလေသော် ထန်းတောတစ်ခုသို့ရောက်သွားမိ လေသည်။ထိုသူသည် မောပန်းလှသဖြင့် အညောင်းဖြေရန် ထန်းပင်ကို မှီရင်း မောမောဖြင့် အိပ်ပျော်သွားခဲ့ လေသည်။
ထိုစဉ် ထန်းတက်သမားသည် ထန်းပင်ရင်းသို့ရောက်ရှိလာလေ၏။ ထန်းပင်များကို လှည့်လည်ကြည့် ရှုလေ လျှင် ၀က်ရှာသမားကို ငုတ်တုတ်မှီကာ အိပ်ပျော်နေသည်ကို တွေ့ရလေသည်။ ထိုအခါ ထန်းတက်သမားက စဉ်းစားမိသည်မှာ-
“ဤလူသည်ထန်းရေကိုခိုးသောက်ပြီးလျှင်ယစ်မူးနေသည်။ ဧကန္တ မူးယစ်သမားဖြစ်ချေရာတည့်” ဟုအောက် မေ့လေ၏။ ထို့နောက်အနီးကပ်သွားလျက် ကြည့်ရှုလေသည်။ ထန်းတက်သမားရောက်လာ ခိုက်နှင့်ထိုလူနိုး ခိုက် တည့်တည့်ဆုံကြလေ၏။ ထိုအခါ( အိပ်မွှမ်းစဉ်ထ) အိမ်မှုန်စုံမွှားဖြင့် ယောင်ယမ်းခဲ့လေသည်။
ထန်းတက်သမားသည် နားလေးထိုင်းမှိုင်းလေ၏။ထိုသူ၏ ကယောင်ချောက်ချား ပြောဆိုသံကို“အစ်ကိုတို့ ထန်းတောလော” မေးသည်ဟု ထင်မိလေ၏။
ထို့ကြောင့်“ဟုတ်ပါသည်၊ ကျွန်ုပ်ယောက္ခမထန်းတောပါ” ဟုပြန်ပြောခဲ့လေသည်။ ထိုစကားကို ၀က်ရှာသ မားက နားကြားတစ်မျိုးလွဲ၍ ကြားမိလေ၏။
“တောင်ဘက်သို့သွားလေသည်” ဟုကြားကာ တောင်ဘက်စူးစူးသို့ ထွက်ခွာသွားလေ၏။ တောချုံပုတ်တစ်ခု ကိုဝင်၍ရှာမိလေရာ တကယ်ပင်ဝက်ကိုတွေ့ရလေ၏။ သို့ရာတွင် ၀က်မှာ ခွေးကိုက်သောဒဏ်ရာဖြင့်သေဆုံး နေပြီဖြစ်လေသည်။
ဝက်သေကိုမြင်လျှင်ဝက်ရှင်လည်း များစွာဝမ်းနည်း ကြေကွဲခဲ့လေ၏။ ၀က်ကိုပွေ့ဖက်ပြီးလျှင် ရှိုက်ကြီးတ ငင်ဖြစ်လိုက် ငိုကြွေးလိုက်ဖြစ်နေလေ၏။ ထိုနောက် ၀က်သေကောင်ကို ပခုံးပေါ်တင်လျက် ထမ်းယူလာခဲ့ လေ၏။ သွားရင်းပင်လျှင် လမ်းတွင် အမျိုးမျိုးကြံစည်၍လာခဲ့လေ၏။
“ငါ့မှာငယ်ရာကပင်တယုတယမွေးစားလာခဲ့သည်။သတ်စားဖို့ဝေးစွ ရောင်းချရန်ပင်စိတ်မကူးဘူး၊ယခုတော့ ရန်သူလက်ချက်ဖြင့် အသေဆိုးသေရချေသည်။မြေကြီးတွင် မြှုပ်နှံပစ်ရန်လည်း မသင့်တော်၊ကုသိုလ်တစ်ခု ခုဖြစ်ပွားစေမှ ကောင်းမည်”ဟုအကြံဖြစ်ခဲ့လေ၏။ ထို့ကြောင့်ဘုန်းကြီးကျောင်းကို လှူရန် ကျောင်းထဲသို့ ၀င် သွားခဲ့လေသည်။
ဆရာတော်သည် ဆွမ်းစားပြီးခိုက်ဖြစ်၍ နေ့သန့်စင်ကာလဲလျောင်းလျက်နေလေသည်။ဝက်ရှင်သည်ကျောင်း ပေါ်ဆရာတော်ရှိရာသို့ ၀က်ကောင်ကိုတင်ယူလာသည်။ ဘုရားရှေ့တွင်ထိုဝက်ကောင်ကိုချထားကာ ဆောင့် ကြောင့်ထိုင်နေလေ၏။လူသံကြား၍ ဆရာတော်လည်း ထကြည့်မိရာ ထိုလူကိုမြင်လေ သည်။ ထိုအခါ ဆရာ တော်က ထပြီးသော်“ဒါယကာဘယ်ကလဲ”ဟုအမိန့်ရှိလေ၏။ ၀က်ရှင်က ဆရာတော်သိလို၍မေးသည်အထင် ဖြင့် ဖြစ်ပျက်သမျှကိုရှင်းလင်း လျှောက်ထားလေသည်။
ထို့နောက် ၀က်ရှင်သည်နေရာမှထလျက် ဆရာတော်ကို“၀က်ကိုလှူပါ၏။”ဟုလျှောက်ထားလေ၏။ ထိုစကား ကိုဆရာတော်က နားလေးသဖြင့် တစ်မျိုးကြားခဲ့လေ၏။
“ဆရာတော်ကျောင်းကခွေးကိုက်၍ ၀က်သေခဲ့ရသည်၊ ၀က်ဖိုးအလျော်ပေးရမည်” ဟုနားကြားလွဲခဲ့ရလေ သည်။ ထို့ကြောင့်ဒေါသထွက်လျက်-
“ဟေ့...တကာ....မဟုတ်မရာ လာ၍စွပ်စွဲဘိသည်”ဟုပြောလိုက်လေ၏။
ဝက်ရှင်ကလည်း“အဲ...အဲ...တကာကောင်းလှသည်၊ ထားခဲ့လော့”ဟုနားကြားမိလေ၏။ ထိုအခါ ချထားမြဲနေ ရာထားကာ ကျောင်းအောက်သို့ဆင်းလာခဲ့လေ၏။
ဝက်ရှင်ဆင်းသွားလေသော် ဆရာတော်သည် ဒေါသထွက်ပေါ်လာခဲ့လေ၏။ အလျော်မရလောဟူ၍ သ ဘော ဖြင့်ဝက်သေကိုထားခဲ့သည်ထင်နေ၏။ထို့ကြောင့် ကျောင်းနေဦးပဉ္ဇင်းအားအသိပေးရန် အသံကျယ် လောင်စွာဖြင့်“ဟဲ့...ဦးပဉ္ဇင်းကြီး၊ဦးပဉ္ဇင်ကြီး”ဟုခေါ်လေ၏။ ဦးပဉ္ဇင်းကတိုက်ခန်းမှထွက်လာလျက် ဦးချလေ ၏။ ထိုနောက် ခေါ်ရခြင်းအကြောင်းကို လျှောက်ထားလေ၏။ ထိုအခါဆရာတော်က...
“ယခုဆင်းသွားသောတကာသည်အလျော်တောင်းလာသည်၊ သူ၏၀က်ကိုကိုက်သတ်သေလျှင်အလျော်ပေး ရမည်သာဖြစ်သည်၊ ကျောင်းတကာကြီးကိုခေါ်၍ ပြောချေလော”ဟု အမိန့်ရှိလိုက်လေသည်။
ဦးပဉ္ဇင်းမှာ နားထိုင်းသူဖြစ်လေသည်။ ဆရာတော်စကားကို “၀က်သားချက်ရန်အလို့ငှာ ကျောင်းတကာကြီး ထံ သို့သွားချေ၊ဆီ၊ဆား၊ငရုတ်၊ကြက်သွန်၊ မဆလာ တောင်း ယူခဲ့လော့ဟု တလွဲတချော် ကြားသွား ခဲ့ရ လေ၏။ ဦးပဉ္ဇင်းရောက်သွားစဉ် ကျောင်းတကာကြီးသည် ရွာလယ်ကောင်ဇရပ်တွင် စပါးထည့် စရာ ပုတ်ကို ရက်လုပ်လျက်ရှိလေ၏။တကာမကြီးလည်း အားအားရှိလေသဖြင့် ကလေးကို ခါးစောင်းတင်၍ ရွာလှည့် လည်လျက် သွားနေလေသည်။ ထို့ကြောင့် မတွေ့ရသဖြင့် အိမ်ကို ၀န်းလှည့်ကြည့်၍ ရှာလေ၏။
အမျိုးသမီးအနီးရောက်လာလျှင်...
“တကာမငယ်၊ ယခုတကာတစ်ယောက် ကျောင်းကို ၀က်သားပံ့သကူလာလှူသွားသည်။ ချက်ရန်အတွက် ဆီ၊ဆား၊လိုနေ၍ ဆရာတော်က တောင်းခိုင်းလိုက်သည်။ တကာကြီး၊တကာမကြီးကိုလည်း မတွေ့မရှိ၊တကာ မငယ်က ပေးနိုင်မည်လော။ရကားရမည်လော” ဟုပြောဆိုခဲ့လေ၏။
ဦးပဉ္ဇင်းကြီးပြောသောစကားကို တကာမငယ်က နားကြားလွဲလေ၏။ ထို့ကြောင့်...
“အို...တကာမငယ် ယခုရက်ကန်းရက်နေသည့် ယဉ်သွား၊အနံယဉ်သွားစေ့ ဘယ်နှစ်ရာရှိသနည်း”မေးသည် ဟုထင်မှတ်သွားလေ၏။ သူမ၏နားကြားအတိုင်း....
“တစ်ထောင့်နှစ်ရာ ယဉ်သွားအနံပါဘုရား”ဟုဖြေကြားခဲ့လ၏။ထိုသို့ဖြေကြားခြင်းကို ဦးပဉ္ဇင်းကြီးက...
“အရှင်ဘုရား၊တပည့်တော်မအလုပ်မအားလပ်ပါ၊အရှင်ဘုရားပင်လျှင်တက်ရောက်၍အလိုရှိရာကိုယူဆောင် သွားတော်မူပါ” ဟုတလွဲတချော်ကြားခဲ့ရလေ၏။
ထို့ကြောင့် အိမ်ပေါ်သို့တက်၍လိုအပ်သမျှ ဆီ၊ဆား၊ငရုတ် စသည်တို့ကို ရှာဖွေယူသွားလေတော့၏။
ဦးပဉ္ဇင်းကြီးထွက်သွားသည်ကိုမြင်လေသော် သူငယ်မသည် စိတ်ဆိုးမာန်ပါ ဖြစ်ခဲ့လေ၏။
“သူများအိမ်ကိုလာပြီးလျှင်မဆီမဆိုင် မေးသည်သာမက အားပင်မနာမိ၊ အတင်းအိမ်ကိုတက်ပြီးလျှင် ယူလို ရာယူသွားသေးသည်။ ကောင်းပြီ နေပါစေ၊အမိရောက်က တိုင်ကြားသိစိမ့်မည်” ဟုမကျေမချမ်း ပတောက် ပရစ် ရေရွတ်ပြောဆိုလိုက်လေ၏။ မကြာမီ မိခင်ဖြစ်သူ လည်း ကလေးချီမလျက်အိမ်သို့ပြန်လာခဲ့လေ၏။
မိခင်ဝင်လာသည်ကိုမြင်ရလေသော် ချက်ချင်းပင် အဝေးမှ လှမ်းခေါ်လေ၏။ အမိကြားလျှင် ကိစ္စအထူးရှိ သည်အထင်ဖြင့် မေးမြန်းလေ၏။ထိုအခါ သမီးကဦးပဉ္ဇင်းကြီးရောက်လာ၍မေး သည်ကို ပြောပြလေ၏။ ထိုနောက်လူကိုမပြော သူကိုမပြောဘဲ လက်တင်၍လိုသမျှယူသွားသည်ကိုပါ တိုင်ကြားအသိပေးလေ၏။
ထိုထက် “ဤကဲ့သို့ဦးပဉ္ဇင်းကြီးမျိုးကို ကျောင်းတွင်ထားရန်ပင်မသင့်တော် ၊နှင်ထုတ်လွှတ်လိုက်လျှင် ကောင်း တော့သည်”ဟု မကျေမချမ်းစကားကိုပြောဆိုခဲ့လေ၏။ 
ထိုသို့ပြောကြားသည်ကို မိခင်ကြီးသည်အကြားလွဲမှားခဲ့လေ၏။ သမီးပြောသည်ကတခြား၊မိခင် နားခံမိခြင်း က တခြား၊တလွဲတချော်ဖြစ်ကာ....
“မိခင်၊ ကျောင်းကဦးပဉ္ဇင်းကြီးကို သမီးချစ်ကြိုက်လေသည်။သမီးနှင့်ဦးပဉ္ဇင်းကြီးကိုပေးစားပါလော့” ဟုကြား ခဲ့လေ၏။ ထိုအခါ ဒေသအမျက်ထွက်လျက် အာကျယ်ပါးကျယ်နှင့်ဆူညံစွာ ပြောဆိုလေ၏။
“ယခုမှလူလားမြောက်ခါစ ရှိသေးသည်။သားလင်စကားပြောဆိုတတ်ချေပြီတကား။ဖ၀ါးလက်နှစ်လုံး၊ ပခုံး လက်နှစ်သစ်လောက်ကပင် ငါမွေးမြူ၍ကြီးလာရသည်။ မိဘလက်ကိုင်၍ မပေးစားရဘဲ ကိုယ့်သဘောနှင့် ကိုယ် လုပ်ချင်နေသည်။“ကိုယ်ထင်ကုတင်ရွှေနန်း”လုပ်ချင်သလား၊ ငါ့ကိုပဉ္ဇင်းကြီးနှင့်ပေးစားလား၊ဘာလား လုပ်နေသည်၊ ပြောနေသည်၊အရှက်က္ကနြေ္ဒမရှိ၊မရှက်မ၊ သရေမိန်းမ၊လူကိုလာ ပြီးတော့ပြောနေ ပေ သေး သည်။လူသူလေးပါးကဲ့ရဲ့ပြစ်တင်မည်ကို မထောက်ငဲ့၊ ကိုယ်လိုရာကိုသာ ကိုယ်သိ တတ်သည်။ ဘုန်းကြီး ဖျက်မဟူ၍ လူများအပြောအဆိုခံရမည်ကိုလည်းမသိ၊ သူတပါးတံတွေးခွက်မှာ ပက် လက်မျောခံရ မည်ကို မှတ်ထား၊ကောင်းပြီ၊ကြည့်ရသေးမည်၊ နင့်အဖေရောက်လျှင် တိုင်တန်းအံ့” ဟုဆောင့်ဆောင့်အောင့်အောင့် ပြုနေခဲ့လေ၏။
ကျောင်းတကာကြီးလည်း ပုတ်ရက်ပြီးသော် အိမ်သို့ညနေပြန်လာခဲ့လေ၏။ ကျောင်းတကာကြီးလာလျှင် လာချင်း၊ခြံဝမ၀င်သေးမီကပင်ရန်တွေ့လုမတတ် ဒေါမာန်ဖြင့်ပြောခဲ့လေ၏။
“မောင်ကြီးရှင်ဖခင်၊ကိုယ့်၏သမီးသည် ကျောင်းကဦးပဉ္ဇင်းကြီးကို ချစ်ကြိုက်နေပြီဆိုပါလား၊ ပေးစားရန် ပြော နေလေပြီ၊ မည်သို့ပြုရပါမည်နည်း”ဟုတိုင်ကြားပြောဆိုလိုက်လေ ၏။ ထိုစကားကို ကျောင်းတကာကြီးသည် တလွဲတချော်ကြားသိခဲ့လေ၏။
၎င်း၏နားတွင် ကြားမိသည်မှာ....
“ယက်လာသောပုတ်ကအငယ်၊အဆိုးသာတကား၊မည်သို့ပြုလုပ်စရာရမည်နည်း၊စပါး(၅၀)မဆိုထားဘိ၊ဆယ် တင်း ပင်လျှင် ၀င်ဆံ့မည်မထင်” ဟုကြားမိလေ၏။
ထိုသို့အကြားလွဲသဖြင့် အိမ်ရှင်ယောက်ျားကဒေါသထွက်လေ၏။ပါးစပ်ကိုတင်းတင်းကိုက်၍ ခါးတောင်း ကို မြှောင်ကျပ်စွာကျိုက်လေ၏။ ထိုနောက် ဓါးမကြီးကိုလက်မှကိုင်ကာ မယားဖြစ်သူကို ဆူပူဆဲဆို ကြိမ်းမောင်း လေ၏။
“ခွေးမသမီး၊အယတ်တမာစွ၊တစ်ခုမှသိသည်မဟုတ်၊ အကန်းပိန်းပိတ်ကြီး၊ ဤလောက်ကြီးသောပုတ်ကို စပါး ငါးဆယ်မဆံ့ဘဲရှိမည်လား၊ ကြည့်စမ်းလော့”ဟုဆိုကာ ဓါးမကြီးနှင့်ကျေညက်အောင် မှုန့်မှုန့်ညက်ညက် ခုတ် ပစ်လေ၏။ နောက်မှမှားလေစွဟု ယူကျုံးမရဖြစ်ခဲ့လေ၏။ သို့ရာတွင်စိတ်မကောင်းစွာဖြင့် ထမင်းဟင်း မစား တော့ဘဲအိပ်ပျော်သွားလေ၏။
အိမ်ရှင်မသည် ထမင်းဟင်းချက်ပြုတ်နေခဲ့လေ၏။ ထမင်းစားသောက်ချိန်တန်သောအခါ သားဖြစ် သူမောင် ပွားကိုခေါ်လေ၏။ 
“မင်းအဖေထမင်းစားချိန်တန်ပြီနှိုးလော့” ဟုပြောလေ၏။မိခင်ပြောသောစကားကို သားမောင်ပွားအကြား လွဲ ခဲ့လေ၏။ ထို့ကြောင့်စိတ်မကောင်းဖြစ်ကာ အဘိုးအဘွားတို့အိမ်သို့သွားလေ၏။ အိမ်ရောက်သော် မိခင်ပြော စကားကို သားမောင်ပွားသည် လွဲမှားစွာဖြင့် ပြောပြလေ၏။
“အဘိုး အဘွားတို့၊အမေက ပြောလိုက်ပါသည်။ မောင့်ဖခင်အသည်းအသန်ဖြစ်နေသည်။အိပ်ရာကပင် မ ထနိုင်တော့ပြီ၊ အသက်ထွက်လုမတတ်ဆိုသည်။ အရေးတကြီးယခု ခေါ်ချေရမည် လွှတ်လိုက်သဖြင့် အဘိုး အဘွားတို့ကို သတင်းပေး ခေါ်လာရခြင်းဖြစ်ပါသည်။ အရီးကြီးတို့ အိမ်ကိုလည်း အသိပေး ရပါဦး မည်၊ ခေါ် ရချေမည်၊ မေမေက မြန်မြန်လာကြပါလို့ ပြောလိုက်ပါသည်၊ယခုချက်ချင်း သွားကြပါ” ဟုပြန်ပြော ခဲ့လေ၏။
အဘိုးအဘွားတို့ကား နားလေးလှသူများဖြစ်ကြချေ၏။ ထို့ကြောင့်မြေးဖြစ်သူစကားပြောဆိုသည်ကို နား ကြားလွဲချော်၍သာ ကြားသိခဲ့လေ၏။
“အဘိုး အဘောင်တို့ မောင့်ဖခင်သည် အိမ်ထောင်ဃရာဝါသနှင့်မနေလိုတော့ပြီ၊ တော ထွက်ပြီးလျှင်နေ ချင်လှသည်။ ထို့ကြောင့် သင်္ကန်းပရိက္ခရာ ၀ယ်၍ အမြန်လာခဲ့ကြပါလော့” ဟုမှာကြားခဲ့လေသည်။
ထိုအခါ သားမောင်နှမ်းကို ခေါ်စေလေ၏။ မောင်နှမ်းရောက်လာလျှင် ဤသို့ပြောလေ၏။
“မောင်နှမ်း မင်း၏အစ်ကိုကြီးကို ရဟန်းခံကြရမည်၊ ရဟန်းခံရန် သင်္ကန်းပရိက္ခရာ ၀ယ်ယူခဲ့လော့” ဟု လွှတ်လေ၏။ပရိက္ခရာဝယ်ရန် ပြောဆိုစေလွှတ်သည်ကို မောင်နှမ်းနား၌ တလွဲကြားမိလေသည်။
မောင်နှမ်းကြားသည်မှာ...“နက်ဖြန်ခါအိမ်မှာဆွမ်းကျွေးကြမည်၊သို့အတွက်ဈေးမှ ငါးအမဲဟင်းလျာ ၀ယ်ချေ ၊ ဈေးဝယ်၍အပြန်တွင် ကျောင်းကို တက်ပြီးသော်ဆရာတော်ကို ပင့်လျှောက်ခဲ့လော့၊နက်ဖြန်ခါ တပည့်တော် တို့အိမ်မှာ နေ့လည်ဆွမ်းဘုဉ်းပေးသုံးဆောင်တော်မူရန် ကြွတော်မူပါဘုရား”ဟုကြားလေ၏။
မိခင်ဖခင် တို့ထံမှ တလွဲကြားရသည့်အတိုင်း မောင်နှမ်းလည်း ဈေးဝယ်သွားလေ၏။ ၀ယ်ခြမ်းပြီးနောက် ဆရာတော်ထံဦးချ၍ ပင့်လေ၏။ ဆရာတော်ကလည်း နားထိုင်းလှရာကား ဆွမ်းစားပင့်သည်ကို “ဆရာ တော်ဘုရား တပည့်တော်တို့အိမ်မှာ ဖခင်အသုဘဖြစ်နေပါသည်၊နက်ဖြန်ခါညနေ အသုဘရှုရန် အတွက်သု သာန်ဇရပ်သို့ ကြွတော်မူပါ”ဟု တလွဲတချော်ကြားခဲ့လေ၏။
နံနက်မိုးလင်းပြီးနောက် အလင်းရောက်ခဲ့လေ၏။ ဆရာတော်သည် မနေ့ကပင့်ဖိတ်ထားခဲ့သည်ကို သတိဖြစ် နေ၏။နေ့လည်ဆွမ်းစားပြီး ပြီးချင်း အသင့်ပြုပြင်လျက်စောင့်မျှော်နေလင့်၏။ အချိန်မှာ တဖြည်းဖြည်း နှင့်ရွေ့စောင်းခဲ့ရလေသည်။ တစ်ယောက်မှ ပင့်ကြိုရန် မလာရောက်သောကြောင့် မနေသာတော့ဘဲ တစ်ပါး တည်းကြွချီသွားလေ၏။ သုသာန်ဇရပ်သို့ရောက်သော် တစ်စုံတစ်ယောက်ကိုမှမတွေ့ရ။အသုဘလည်း မပေါ် လာဘဲ ကိုယ်ချည်းဖြစ်နေ၏။ ရောက်လာနိုးဖြင့် ဇရပ်ပေါ်ထိုင်လျက် ကမ္မဌာန်းစီးဖြန်း ၍သာ နေခဲ့လေသည်။
အတော်ကြာလေလျှင် နေလည်းဝင်သွားခဲ့လေ၏။ထိုအခါ တစ္ဆေမိစ္ဆာတို့သည် ဆရာတော်ကိုနှောင့်ယှက်ရန် လာရောက်ကြလေ၏။ ဆရာတော်လည်းမကြောက်ရွံ့ဘဲ သတိကြီးစွာနှင့်နေလေ၏။ မိမိပွားများဆင်ခြင်နေ သော အသုဘကမ္မဌာန်းတရားကိုပင် အမြဲမပြတ်အောက်မေ့ရှုမျွှ်လျက်ရှိနေ၏။  တစ်ညဥ့်လုံး သုသာန်တွင် တရားလက်မလွတ်ဘဲ နေခဲ့လေပြီး နံနက်မိုးသောက် အလင်းရောက်သောအခါမှ ဇရပ်မှ မိမိကျောင်း သို့ပြန်ကြွလာခဲ့လေသတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment