မြို့စားကြီးနှင့်မင်းသုံးမင်းဆောင်

ရှေးအခါကမြို့စားကြီးတစ်ယောက်ရှိခဲ့လေသည်။ ၄င်းသည်ဆပ်ပြာမွှေးကိုအသုံးမပြုဖူးချေ။ တိုင်းပြည်တွင်း၌ အသုံးပြုနေကြသည်ကိုလည်း မကြားမသိသေးချေ။ဆပ်ပြာမွှေးရောင်းသူများက ရောင်းကုန်တွင်ကျယ်လို၏။ ထို့ကြောင့်နည်းအမျိုးမျိုးကို ကြံဆောင်၍ကြော်ငြာခဲ့ကြသည်။

“မင်းသုံးက၊ဓါးတုံးထက်” ဆိုသည့်အတိုင်းအကြီးအဲများနှင့် ချဉ်းကပ်ကြော်ငြာခဲ့ကြသည်။အကြီး အကဲများ ထံကြော်ငြာအဖြစ်လက်ဆောင်ပို့၍လည်း ဖြန့်ဝေပေးခဲ့ကြလေသည်။ကုန်သည်များ၏နည်းပရိယာယ်ကြောင့် ဘုရင်ခံ၊ နယ်စား၊ မြို့စားများထံပါမကျန် ဆပ်ပြာမွှေးများပျံ့နှံ သွားခဲ့ရပေသည်။

တစ်ခါသော်ထိုမြို့စားထံသို့ ကြော်ငြာအဖြစ်ဆပ်ပြာမွှေးများလက်ဆောင် ရောက်ရှိလာခဲ့သည်။ အခြွေအရံ တို့ကလည်း အမြတ်တနိုးပစ္စည်းဖြစ်၍ မြို့စားကြီးကို အသုံးပြုစေချင်သည်။ထို့ကြောင့်မြို့စားကြီး စားတော် ခေါ်ချိန်တွင် စားတော်ပွဲ၌ ထည့်သွင်းပေးခဲ့ကြလေ၏။

မြို့စားကြီးသည် တစ်ခါမျှမသုံးဘူးသော ထိုပစ္စည်းကိုအထူးအဆန်းအဖြစ်သာ မှတ်ထင်ရှိခဲ့လေ၏။ စားပွဲထိုး များကိုလည်း မမေးမိသဖြင့် စားရအံ့လော မစားရအံ့လော စဉ်းစားမရဖြစ်နေသည်။ စားကောင်းသော အစာ၊ ဆေးကြောဖွယ်အရာဟူ၍ မသိချေ။ ကြိုတင်အသိပေးထားခြင်းလည်းမပြုခဲ့ကြရာကား ဇဝေဇ၀ါ ဖြစ်လျက်ရှိ နေသည်။

စားတော်ခေါ်စဉ် စားချင်သောအာသာဖြစ်လျက် ရှိနေပေ၏။ တပ်မက်နေသည့်အလျောက် စားနေကျ အစာ အာဟာရကိုအရေးမထားဘဲ ထူးဆန်းနေသော ထိုဆပ်ပြာမွှေးကိုပင် ဦးစွာကောက်ယူခဲ့လေ၏။ ထို့နောက် မဆိုင်းမငံ့ဘဲ တစ်လုပ်စာဖဲ့ယူလျက် ပလုတ်ပလောင်း ၀ါးမျိုစားသောက်လိုက်လေသည်။ ထိုအခါငန်သလက် ငန်ပျပျ အရသာကိုတွေ့ရလေ၏။

မြို့စားကြီးကားအရသာမကောင်းမှန်းသိရသော် “ငါစားမိသည်မှာ မှားလေပြီ”ဟုအောက်မေ့လေ၏။ သို့သော် လည်း မိမိအမှားကို လူများမသိစေလို။ သိရှိခဲ့လျှင် အောက်ကျသွားမည်ကို စိုးရိမ်လေ၏။ ထို့ကြောင့် ထွေး အန်ပစ်ခြင်းမပြုရဲဘဲ ကြိတ်မှိတ်လျက်သာ မျိုချခဲ့ရလေ၏။

ထို့နောက် ဟန်မပျက်စေဘဲ က္ကနြေ္ဒဆောင်လျက် စားတော်ဆက်ခေါ်ခဲ့လေ၏။ သို့သော် လျှာအာ ပါးစပ်များ ကားထုံကျဉ်ကျဉ် ရှိနေသဖြင့် ပလုတ်ကျင်းကာ ရေဆေးရလေ၏။ထိုအခါ ဆပ်ပြာမြှုပ်များ ထွက်လေ၍ ဖုံးမ တိမ်သကဲ့သို့ ဖြစ်ခဲ့ရ၏။

ထို့ကြောင့် မိမိ၏အမှားကို ရှက်ကိုးရှက်ကန်းဖြစ်ကာ “ဒီဟင်းကတော့ ကောင်းကားမကောင်းလှဘူး၊ သို့ သော်လည်း မင်းသုံးမင်းဆောင် ဖြစ်၍သာ စားရခြင်းဖြစ်သည်။ငန်ပျာသလဲ့ နိုင်လှသည်။” ဟူ၍ ဆိုလိုက် လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment