ဒေါ်ကြန်

ဒေါ်ကြန်(၁၉၇၈)ခုနှစ်အမျိုးသားစာပေဆု(သုတပဒေသာ ၀ိဇ္ဇာဘာသာရပ်)
မြန်မာစာပေလောကတွင် ကျော်ကြားလျက်ရှိနေဆဲဖြစ်သော စာရေးဆရာမကြီးဒေါ်ကြန်ကို သံတွဲမြို့၌ အဖ ဦးကျော်ထွန်း၊အမိဒေါ်ငွေနှစ်တို့မှ ၁၉၁၈ခုနှစ်၊ဇူလိုင်လ(၁)ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်း မှာ ဒေါ် ကြန်ဖြစ်သည်။

၁၉၃၅ ခုနှစ်တွင်သံတွဲမြို့အစိုးရအထက်တန်းကျောင်းမှ ဆယ်တန်းစာမေးပွဲအောင်မြင်သည်။အလယ်တန်း ပြ ဆရာမအဖြစ်လည်းကောင်း၊ ရခိုင်တိုင်းစာတိုက်ဌာနတွင်စာတိုက်စာရေးအဖြစ်လည်းကောင်း အမှုထမ်းခဲ့ ပြီး နောက် ၁၉၅၁ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့တက်ရောက်၍ ပညာဆက်လက်ဆည်းပူးခဲ့ရာ ၁၉၅၄ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ကိုရရှိပြီး ၁၉၅၉ခုနှစ်တွင်သမိုင်းမဟာဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ မဟာဝိဇ္ဇာ တန်း တက်စဉ် ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန၌ နည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံသမိုင်းကော်မရှင်၌ သုတေသနအရာရှိအဖြစ်၁၉၅၆ခုနှစ်မှစတင်အမှုထမ်းဆောင်ပြီး ၁၉၆၃ခုနှစ် တွင် ဗြိတိသျှခေတ်ဆိုင်ရာ ကျမ်းပြုအရာရှိ(အကြီးတန်းသုတေသနမှူး)အဖြစ် ရာထူးတိုးမြှင့်ခန့် ထားခြင်း ခံရ သည်။

မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်၊စာပေနှင့်လူမှုရေးသိပ္ပံဂျာနယ်၊ သမိုင်းတံခွန်၊ သမိုင်းသုတေသန စာစောင်စသည့် သုတေသနဂျာနယ်များတွင် သုတေသနစာတမ်းများရေးသားခဲ့သည်။ ဘင်္ဂလာသွားစာ တမ်း၊ ရတနာသိင်္ခမြို့ထွက် ရဲတင်းမော်ကွန်းတို့ကို တည်းဖြတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ထုတ်ဝေခဲ့သည်။
သုတေသနစာတမ်းများနှင့်အခြားသုတ၊ရသစာပေများကို ယနေ့တိုင်မဂ္ဂဇင်းအသီးသီးတွင် ပါဝင်ရေး သားနေဆဲဖြစ်သည်။

ဆရာမကြီးဒေါ်ကြန်ရေးသားသော အမျိုးသားစာပေဆုရရှိသော စာအုပ်အမည်မှာ“မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆)စာအုပ်ဖြစ်ပြီး ၁၉၇၈ခုနှစ်တွင် ရရှိသည်။ဒေါ်ကြန်ရေးသားပြုစုသော မြန်မာနိုင်ငံအခြေအနေ (၁၈၈၅-၈၆)စာအုပ်တွင်(က)သမိုင်းမတင်မီ အခါမှစ၍ ပုဂံမင်းဆက်ဖြစ်သည်အထိ ကို ခေတ်တစ်ခေတ် (ရှေးဟောင်းခေတ်)၊(ခ)ပုဂံမင်းပြတ်သည်မှ ညောင်ရမ်းမင်း ဆက်ပြတ်သည်အထိ ကို ခေတ်တစ်ခေတ် (အလယ်ခေတ်)၊ (ဂ)ညောင်ရမ်းမင်းဆက်ပြတ်သည်မှ(ကုန်းဘောင်ခေတ်)၊ (ဃ)ကုန်းဘောင်မင်းဆက်ပြတ် သည်မှ ဗြိတိသျှတို့လက်အောက် မှ မြန်မာနိုင်ငံလွတ်မြောက်သည်အထိ ကို ခေတ်တစ်ခေတ်(ဗြိတိ သျှခေတ်)ဟူ ၍ခေတ်လေးခေတ်ခွဲခဲ့သည်။

ဆရာမကြီးဒေါ်ကြန်ပြုစုခဲ့သောကျမ်းမှာ ဗြိတိသျှခေတ်(အမှတ်-၁)ဖြစ်သည်။၁၈၈၅ခုနှစ် ကုန်ခါနီး၌ဗြိတိသျှ တို့အထက်မြန်မာနိုင်ငံကိုသိမ်းယူလိုက်သည်မှစ၍ တစ်နှစ်အတွင်း ပြောင်းလဲဖြစ်ပေါ်ခဲ့သည့် အဖြစ် အ ပျက်များကိုဖော်ပြထားခြင်းဖြစ်သည်။ မန္တလေးနေပြည်တော်နှင့် နယ်ပယ်တို့၌လည်းကောင်း၊ ရှမ်းပြည် နယ်ဒေသ၊ ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသတို့၌ လည်းကောင်းရပ် တည်နေကြသော စီမံ ခန့်ခွဲရေးနှင့်စီးပွားရေးအခြေအနေတို့အပြင် အသိမ်းယူခံလိုက်ရစဉ်က ရုတ်တရက်ဖြစ်ပေါ်ခဲ့သော စိတ် သဘောထားများနှင့် မကျေနပ်မှုများအကြောင်း ကိုစာရင်းများ၊ကြေငြာချက်များ ၊မြေပုံများနှင့်စေ့စေ့စပ် စပ်ရေးသားထားသည်။

ဆရာမကြီးသည်၁၉၇၈ခုနှစ်အကြီးတန်းသုတေသနမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။ မြန်မာနိုင်ငံသမိုင်း သုတေ သနဦးစီးဌာနတွင် အကြံပေးပုဂ္ဂိုလ်အဖြစ်လည်းကောင်း ၊ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း အဖွဲ့အ မှု ဆောင်အဖြစ်လည်းကောင်း၊အမျိုးသားစာပေဆုရွေးချယ်ရေးကော်မတီဝင်အဖြစ်လည်းကောင်း ပါဝင်ဆောင် ရွက်ခဲ့ပြီး သုတေသနစာပေများကို ယနေ့တိုင် ရေးသားနေဆဲပင်ဖြစ်သည်။

မောင်မောင်ထွန်းအောင်(ကျန်းမာရေး)

ရခိုင်အမျိုးသမီးအသင်း(ရန်ကုန်)မှထုတ်ဝေသည့်မြတ်ပန်းသဇင်မဂ္ဂဇင်းမှ မောင်မောင်ထွန်းအောင် (ကျန်း မာရေး) ရေးသားသည့် အမျိုးသားစာပေဆုရ ရခိုင်စာဆိုများ ဆောင်းပါးမှ ထုတ်နုတ်ဖော်ပြပါသည်။

No comments:

Post a Comment