ရှေးအခါကတိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်သော ဘုရင်ကြီးတစ်ပါးရှိလေသည်။ ထိုဘုရင်သည် တောကစား ၀ါသနာအလွန်ပါလေ့ရှိသည်။မကြာမကြာတောကစားထွက်လျက်ပျော်ပါးခဲ့လေသည်။ဘုရင်မင်းသည်တစ်နေ့ သ၌ခြွေရံမှူးမတ်တို့နှင့်တောကစားထွက်လာခဲ့လေ၏။
တောသို့ရောက်သောအခါ သမင်၊ ဒရယ်၊ ချေငယ်စသောသတ္တ၀ါတို့ကိုတွေ့ရလေ၏။ ထိုအခါ စုဝေးလျက် လိုက်လံဖမ်းဆီးစေ၏။ကိုယ်တိုင်လည်းတာဝန်ယူ၍ စောင့်ကြပ်ခြင်းပြုလေ၏။ဘုရင်ကိုယ်တိုင်ပါဝင်နေရာ မှူး မတ်တို့မှာအလွန်အလေးဂရုစိုက်ခဲ့ရလေ၏။ ဘုရင့်အပြစ်ဒဏ်ကိုကြောက်ရွံ့သဖြင့်မိမိတို့တာဝန်ကျရာဘက်မှ နိုင်နင်းစွာ တားဆီးကြလေ၏။ဖမ်းဆီးမိစေရန်လည်း မျက်ခြည်မပြတ်အလေးထားခဲ့ကြရလေ၏။
ဘုရင်နှင့်အဖော်တို့သည် တာဝန်ကိုယ်စီဖြင့်တောနင်းလိုက်လံရှာဖွေကြလေ၏။ ထိုအခါသားကောင်တို့သည် ဘုရင်ရှိနေရာဘက်သို့ ပြေးထွက်ခဲ့ကြလေ၏။ဘုရင်သည် မဖမ်းမိနိုင်ဘဲထွက်ပြေးလွတ်မြောက်သွားခဲ့ရလေ ၏။ထိုအခါဘုရင်အားရှုတ်ချရန် အခွင့်အရေများရရှိသွားကြလေ၏။ထို့ကြောင့်မှူးမတ်ဗိုလ်ပါသူရဲများကအရှင် မင်းကြီးတာမှ ပြေးသွားသည်ဟုပြောင်လှောင်ခဲ့ကြလေ၏။အချို့ကလည်း “ရွှေသမင် ဘယ်ကထွက်၊ မင်းကြီး ဖင်ကထွက်” ဟူ၍သရော်ခဲ့ကြလေ၏။
ဘုရင်မင်းကြီးသည် ရှက်နိုးရာကားသမင်နောက်က မြင်းစီး၍ လိုက်ပါခဲ့လေ၏။ တစ်အားကုန်လိုက်ကာ ဖမ်းမိရရန်ကြိုးစားခဲ့လေ၏။ သို့သော်လည်းလိုက်မမီ ဖမ်းမမိသဖြင့် လက်မှိုင်ချခဲ့ရလေ၏။ ဘုရင်လည်းပင် ပန်း နွမ်းရိကာခွေလဲခဲ့ရလေ၏။အပြင်းနှင်နှင်စိုင်းခဲ့ရသည်ကြောင့်မြင်းလည်း တောစခန်း၌ ပင်သေဆုံး ရလေ၏။
ဘုရင်သည် သမင်လိုက်ရင်းအဖော်များနှင့်လည်း ကွဲသွားခဲ့ရလေ၏။တစ်ကိုယ်တစ်ကာယ တည်းဖြစ် ကာ တောကြီးမျက်မည်း ၌တ၀ဲလည်လည်ရှိခဲ့ရလေ၏။ ခရီးကလည်းပန်းလာရသည်ကြောင့်ရေဆာခြင်း ဖြစ်လာ လေ၏။ထိုအခါ သောက်ရန်သောက်ရေကို လိုက်လံရှာဖွေခဲ့ရလေ၏။ မကြာခင်တောသူမ တဲအိမ်တစ်အိမ်သို့ ချဉ်းနင်းဆိုက်ကပ်မိခဲ့လေ၏။ ထိုနေအိမ်ကိုမြင်ရလျှင် ဘုရင်လည်း အလွန်ဝမ်း သာ မှုဖြစ်ခဲ့ရလေ၏။
တောသူမသည် ဘုရင်ဟူ၍တပ်အပ်မသိချေ။အသားအရေ အလွန်ဖြူဖွေးရာကား သူဌေးသားလေလော၊ မင်းသားလေလောဟုတွေးထင်မှုဖြစ်နေလေ၏။ ဘုရင်ကြီးလည်း ညောင်းညာမှုအားကြီးနေလေ၏။ ဘုရင် ကြီးလည်း ညောင်းညာမှုအားကြီးနေသည်၊ရေကလည်း ဆာလွန်းနေသည်တို့ကြောင့်သွေးသားများ ဗလောင် ဆန်နေလေသည်။
ထိုအဖြစ်ကို တောသူမမြင်လေသော်ရေကြည်ရေအေးကို တိုက်ကျွေးချင်လှသည်။သို့သော် အလျင်တဆော မပေးသင့်သေးဟုအကြံဖြစ်လေသည်။ မောဟိုက်ပင်ပန်းလာခိုက် ဖြစ်နေသောကြောင့် ရွှေရင်ဆို့ ကာ သေ ဆုံးနိုင်သည်ဟုအောက်မေ့သည်။ ထို့ကြောင့်ပညာဖြင့်ဆင်ခြင်လျက် မီးသွေးမှုန့်ထည့်ထားသောရေတစ်ခွက် ကိုကမ်းပေးလိုက်လေသည်။ ရေကိုရရချင်းမွတ်သိပ်နေပြီဖြစ်၍မရွေးချယ်မဖယ်မရှောင်သာဘဲ မျိုသောက် မှ ပြုခဲ့ရတော့၏။
သို့သော်မီးသွေးမှုန့်များပါရှိနေသဖြင့် တန့်နား၍ ပြတ်တောင်းပြတ်တောင်းပင်သောက်ခဲ့ရသည်။ ထိုရေ ကုန်လေသော် နောက်တစ်ခွက်ထပ်မံ၍တောင်းခဲ့ပြန်လေ၏။ထိုအရှာ ရှောက်သံပုရာရည်နှင့်ရောစပ် ထား သော ချဉ်ရည်ကိုပေးလေသည်။ ထိုချဉ်ရည်ကိုလည်း မြိန်ရေရှက်ရေ သုံးဆောင်ခဲ့လေ ၏။ရေ၀လင်ရောင့်ရဲ ပြီးမှသာလျှင် ဘုရင်လည်း လန်းဆန်းလာရလေသည်။
ဘုရင်သည်ရေသောက်ပြီးနောက် ခေတ္တရပ်နားမောပန်းဖြေလေ၏။ထို့နောက် တောသူမအားဥာဏ်ပညာ ရှိ မရှိစုံစမ်းလေသည်။
“ပထမပေးသောရေနှင့်နောက်မှပေးသောရေမတူ၊မည်သို့ခြားနားကွဲပြားချက်ရှိလေသနည်း” ဟုမေးမြန်းလေ၏။သူမလည်း မိမိ၏ဥာဏအဆင်ခြင်ထင်မြင်ခြင်းကိုတင်ပြပြောဆိုလေသည်။
“အလောတကြီးမသောက်မိစေရန် မီးသွေးမှုန့်ထည့်၍ထိန်းပေးရပါသည်။ချဉ်ရည်မှာ မောပန်း လည်းပြေစေ ရန်ဖြစ်သည်” ဟုရှင်းပြလေသည်။ထို့ကြောင့်တောသူမကိုပညာရှိလှသည် ဟုယုံကြည်ခဲ့လေ ၏။ကျေးဇူး လည်း တင်ကြောင်းဖွင့်ဟပြောဆိုလေသည်။
ထို့နောက်ကျေးဇူးတုံ့ပြန်အံ့ဟု ကတိပေးလေ၏။
“မိမိမှာဘုရင်မင်းဖြစ်သည်။ခရီးလွန်၍မျက်စိလည်လမ်းမှားကာရောက်လာရသည်။ သင်မထံ မှ ရေသောက် ရခြင်းကြောင့်သာ အသက်ရှင်ရသည်။ရေမရလျှင် မွတ်သိပ်ဆာလောင်ခြင်း ဝေဒနာဖြင့်ကံကုန်ရာသည်။ အသင်မ၏ကျေးဇူးကားအထူးကြီးလှပါသည်”ဟုထုတ်ဖော်ချီးကျူးလေသည်။မိမိအား ကျေးဇူးပြုသောတော သူမကို တောင်တစ်ရိုးကိုပိုင်စိုးစေရန် သနားခဲ့လေသည်။ တော သူတောင်သားများ လွတ်လပ်စွာ လုပ် ကိုင် စားသောက်ခွင့်ပါ ပေးသနားခဲ့လေသည်။ ထိုအခါမှစ၍ တောင်တန်းတောင်ရိုးတို့၌ လုပ်ကိုင်လာသူများ ပား ခဲ့ရလေ၏။ တောသူမကကြီးစိုးလျက် မျိုးဆွေများပါ တစ်စတစ်စပြန့်ပွား နေထိုင် သွားခဲ့ကြလေ သတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)
No comments:
Post a Comment