ဆင်မင်းညီနောင်

(ရခိုင်မင်းရာဇာကြီးအားသားတော် မင်းခမောင်းပုန်ကန်သည်တွင်အမတ်ပညာရှိကြီး မဟာပညာဝံသ ဥပမာ ပြလျှောက်ထားဖူးသောပုံပြင်ဖြစ်သည်။)

ရှေးသောအခါ ဘုရားလောင်းဆင်မင်းသည် အရန်တစ်ထောင်သော ဆင်တို့နှင့်သစ္စာပြု လျက်နေထိုင် တော် မူသည်။အဂေါလဟတ္ထိဆင်လည်း ဆင်ပေါင်း တစ်ထောင်နှင့်နေလေသည်။

ထိုအခါ ဘုရားလောင်းဆင်မင်းတွင် အမိန္နကဟူသောညီတော်ရှိသည်။အမိန္နကဆင်ကို အဂေါလဆင်က လှည့်ပတ်လျက်“အရွယ်ကောင်းစွာသန်မာသောကာလ၌ မင်းမူရမှာသာကျေးဇူးထွန်းရန်ရှိနိုင်သည်။အိုသော အခါ ပဇာအကျိုးရှိအံ့နည်း။နောင်တော်ဆင်မင်းကို ပြစ်မှားစေ”ဟု ဂုန်း လျှော စကားဆိုသည်။ 

ညီ တော်အမိန္နကလည်းယုံမှား၍အဂေါလပေးသောနောက်ပါဆင်ရန်ငါးရာကို သင်းပြုယူလျက် ချီလာသည်။ ဆင်မင်းကသင်းပင်းတို့အား ငြိမ်စွာ နေ စေ ၍ကိုယ်တိုင်သာ“ငါ့ဘုန်း လက်ရုန်းကို သိစေအံ့” ယှဉ်ပြိုင်ခံ လေ သည်။

စီးချင်းတိုက်၍ခုခံတိုက်သောအခါငါးရာသောဆင်တို့မခံနိုင်သောကြောင့် ထွက်ပြေးရှောင်ရှား ကြလေသည်။ ညီတော်ကိုကားလက်ရဖမ်းမိလေသည်။ အကြံပေးသော အဂေါလဆင်လည်းကြောက်လန့်၍နေရာလွှဲပြောင်း ပြေးသွားလေသည်။

ထိုအခါအဂေါလဆင်၏သင်းပင်းတစ်ဝက် ဘုရားလောင်းဆင်မင်းထံ ခိုလှုံဝင်ရောက်လာကြလေသည်။ ထို ထိုတောတောင်ကို မှီတင်းပြုလျက်နေကြသော ဆင်တို့သည်လည်း ကြောက်လန့်၍ ၀င်ရောက်လာကြပြန် သည်။

ထိုအခါကာလ ညီတော်အား ဘုရားလောင်းဆင်မင်းက မိန့်တော်မူသည်ကား “ငြိမ်သက်စွာနေသော ကာလ ၌ ငါ့ဘုန်းလက်ရုံးကိုအများမဆင်တို့ မသိကြ၍ မကြောက်မလန့်ကြကုန်၊ငါ့ညီတော် အမိန္နသည် နောင်တော် ခွန်အားဗလကြီးကျယ်ကြောင်းကို အများသိအောင် ပြသပြုလုပ်သည်တွင်မှ ဆင်အပေါင်းတို့ ၀င်ရောက် ခိုလှုံ လာကြသည်။ဤသည့်အဖြစ်မှာ ညီတော်အမိန္နက၏ ကျေးဇူးပင်ဖြစ်သည်” ဟုပြောလျက် ညီတော်အား ဆင် မင်းက ချီးမွမ်းခဲ့လေသတည်း။

ပဇာ=အဘယ်၊ဘယ်သို့
                                                                                                                                                                                   အရှင်စက္ကိန္ဒ(ရခိုင်တံခွန်ပုံပြင်များ)

၁။ဓည၀တီရာဇ၀င်သစ်၊စာ-၂၁၃။
၂။ရခိုင်ရာဇ၀င်သစ်၊(ဒုအုပ်) စာ- ၁၅၅။

No comments:

Post a Comment