ခွေးနှင့်ကြောင်ဘာကြောင့်မသင့်သနည်း

တောရွာတစ်ရွာ၌ လယ်သူကြီးတစ်ယောက်ရှိလေ၏။ ၄င်းသည် လယ်ယာများစွာကိုလုပ်ကိုင်လျက်ရှိလေ၏။ အလုပ်သမားအခိုင်းအစေများလည်း မပြတ်မလပ်ရှိလေ၏။လယ်မြေလုပ်ငန်းဖြင့် ကြီးပွားကာချမ်းသာလျက် ရှိလ ခဲ့လေ၏။

လယ်သူကြီးသည် လယ်ယာတို့ကိုကောင်းစွာဂရုစိုက်လုပ်ကိုင်လေ၏။လယ်ယာတွင် စပါးသီးနှံအပြင်သားငါး များကိုလည်းမွေးမြူထားလေ၏။ ကုန်းမြင့်လယ်မြေတို့၌ ဆိုလျှင်ဟင်းသီးဟင်းရွက်များကို လည်းစိုက်ပျိုး ထား လေ၏။ထို့ကြောင့်ရာသီထွက်သီးနှံသားငါး အစာများအမြဲ ရရှိနေ၏။

လယ်သူကြီးသည်အလုပ်သမားတို့အား သား၊ငါး၊သီးနှံတို့ဖြင့် ကောင်းစွာကျွေးမွေးလေ၏။ဝယ်ခြမ်းကျွေးမွေး ရခြင်းလုံးဝမရှိမူဘဲ မိမိခြံထွက် ပစ္စည်းဖြင့် ပင်ရောင့်ရဲတင်းတိမ်မျှတပြည့်ဝစေ၏။ အလုပ်သမားတို့က လည်း လယ်သူကြီး အကြိုက်ကောင်း စွာထွန်ယက်လုပ် ကိုင်ပေးခဲ့ကြလေ၏။

တစ်နေ့သ၌လယ်သူကြီးသည် စားသုံးရန်အတွက်အိမ်ရှေ့တွင်ဘူးပင်များကိုစိုက်ပျိုးထားစေ၏။အများကဘူး ပင်ကိုအိမ်ရှေ့တွင် စိုက်ပျိုးလေ့မရှိကြဘဲရှောင်ကြဉ်လေ့ရှိလာကြ၏။ ဘူးပင်ကို ယုတ်နိမ့်သောအပင်အဖြစ် သတ်မှတ်ခဲ့ကြလေ၏။ဘူးစင်အောက်၊ဘူးပင်အောက်ကိုပင် မ၀င်မလျှိုမိရန်ဂရုစိုက်ကြ၏။ ထို့ကြောင့်အိမ်ဦး တွင် မစိုက်ပျိုးရလဲ လွတ်ရာအိမ်နောက်ဖေးတို့၌သာစိုက်လေ့ပြု ခဲ့ကြလေ၏။

လယ်သူကြီး၌မွေးစားထားသောခွေးနှင့်ကြောင်တို့ရှိခဲ့ကြ၏။၎င်းတို့သည်အလွန်လိမ္မာ၍အရှင်ကိုစောင့်ရှောက် လာခဲ့ကြ၏။အရှင်၏အကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းခဲ့ကြ၏။အရှင်၌အပြစ်ကျရောက်မည် ကိုတွေ့မြင်ရ လျှင် စိတ်မချမ်းမသာမျက်နှာမကြည်မလင်ဖြစ်နေကြရ၏။

တစ်နေ့သ၌ခွေးနှင့်ကြောင့်တို့သည် စိုက်ပျိုးထားသောအရှင်အိမ်ရှေ့ဘူးပင်ကိုတွေ့မြင်ကြရလေ၏။ ထိုအခါ မိမိတို့အရှင်ပျက်စီးမည်ကိုတွေး၍စိုးရိမ်မကင်းဖြစ်ရှိလာခဲ့ကြလေသော် အရှင်အားမစိုက်ရန်တားမြစ်ကြလေ သည်။သို့သော်အရှင်သည် ၄င်းတို့၏တားမြစ်ချက်ကို နားမထောင်ဘဲနေလာခဲ့လေ၏။

လယ်သူကြီးသည် တစ်ခါတစ်ပါး၌နေမကောင်းနားမကျန်းဖြစ်ခဲ့ရလေ၏။ ခွေးကကြောင်ကိုခေါ်၍ ဘူးပင်အား ဖျက်ဆီးပစ်ခဲ့ကြလေ၏။ မကြာခင်သူတို့၏အရှင်သည်တစ်နေ့တစ်ခြားနေကောင်းသက်သာကျန်းမာခြင်းဖြစ် လာ၏။

မိမိနေထိုင်ကောင်းလာသောအခါ ဘူးပင်ကို ကြည့်ရှုလေ၏။ ထိုအခါ ဘူးပင်ကိုမမြင်ရသောကြောင့်မေးစမ်း လေ၏။ခွေးနှင့်ကြောင်တို့ဖျက်ဆီးမှန်း သိလျှင် ဒေါသဖြစ်၍ရိုက်နှက်မိလေ၏။ ထို့ကြောင့်မွေး ထားသောခွေး နှင့်ကြောင်တို့သည် အိမ်မှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြလေ၏။

အိမ်ရှင်သည်ကောင်းစွာကျန်းမာလာသောအခါ မိမိမွေးထားသောထိုခွေးနှင့်ကြောင် တို့ကိုသတိရ ၍ဖျောင်း ဖျခေါ်လေ၏။ထိုအခါကြောင်ကပြန်လို လှသော်လည်း ခွေးကမပြန်လိုသဖြင့် ငြင်းပယ်နေ၏။ခေါ်ဖန်များလာ လျှင်ကြောင်ကပြန်မည်ဟုပြောလေ၏။ 

ထိုအခါခွေးက“မိမိမှာ ဖြစ်သလိုနေတော့မည်” ဟုဆိုကာ ကြောင်ကိုကိုက်လွှတ်လိုက်လေ၏။ ထို့ ကြောင့်ခွေး နှင့်ကြောင်တို့သည် ထိုအခါမှစ၍ မသင့်မတင့် ရန်ဘက်ဖြစ်ခဲ့ကြရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန်ပုံပြင်များ)

No comments:

Post a Comment