ရခိုင်လူမျိုးနှင့်အရက်ပြဿနာ

ကျွန်တော်၏ဘ၀တစ်လျှောက်တွင် ဇာတိရခိုင်မြေတွင် နေခဲ့ရသည့်အချိန်ထက် မြန်မာပြည်အနှံ့နေထိုင်ခဲ့ရ သည့်နှစ်ကာလကပို၍များပါသည်။ ရောက်လေရာအရပ်ရပ်တွင် မိမိကိုရခိုင်လူမျိုးဟုသိလိုက်သည်နှင့်လူကြီး လူကောင်းများ၊ဆရာသမားများ၊ မိတ်သင်္ဂဟများက ပြောလေ့ရှိကြသည်မှာ...

"ရခိုင်ဆိုတာ မြန်မာပြည်မှာ ဗုဒ္ဓဘာသာအစောဆုံးထွန်းကားခဲ့တဲ့ လူမျိုးပဲ၊ ယဉ်ကျေးမှုလဲ အစောဆုံးပဲ"

"ရခိုင်တွေ သိပ်ဥာဏ်ကောင်းကြတယ်"

"ရခိုင်တွေမှာ ပညာတတ်၊သူဌေး သူကြွယ်တွေ သိပ်ပေါတယ်"

"ရခိုင်ကို အချီးကျူးချင်ဆုံးက အမျိုးကိုစောင့်ထိန်းတတ်တဲ့စိတ်ကြောင့်ပဲ"

"မြန်မာပြည် အနောက်ဘက် ကမ်းခြေမှာ ရခိုင်လူမျိုးမဟုတ်ဘဲ အခြားလူမျိုး တစ်မျိုးသာဆို မြန်မာပြည် သမိုင်းဟာ တစ်မျိုးတစ်ဖုံ ဖြစ်သွားမှာသေချာတယ်" စသည်စသည်ဖြင့် ဖြစ်သည်။ 
ဤစကားများကို ကြားရသည့်အခါတိုင်း ကျွန်တော့်မှာ ရိုးတွင်း ခြင်ဆီထိမျှ ပီတိဖြစ်ရ ဂုဏ်ယူရပါသည်။ သို့ သော် ........

"ရခိုင်တွေ သိပ်အရက်သောက်တတ်တာပဲ"
ဟူသောစကားမှတ်ချက်ကိုလည်း မကြာမကြာအပြောခံရတတ်ပြန်ပါသည်။ထိုသောအခါများ၌ကား ရှက်စိတ်၊ မခံချင်စိတ်တို့ဖြစ်ပေါ်ရကာ ဝေးရာသို့ ထွက်ပြေးသွားချင်သလို ခြေမခိုင်လက်မခိုင်လဲ ပြိုသွားချင်သလိုဖြစ်ရ သည်။ ပြောသူကနှိမ့်ချလို၍မဟုတ်ဘဲ သာမန်စကားအဖြစ်ပြောသည်ပင်ဖြစ်သော်လည်း အောင့်သက်သက် ဖြစ်ရသည်။ ငြင်း၍မရအောင် ဟုတ်သင့်သလောက်ဟုတ်နေသည်ဆိုတော့ မတတ်နိုင်။

ဘယ်လူမျိုးတွေလည်း သောက်ကြတာပဲ၊ ဘယ်လူမျိုးတွေဆို ဘိန်းစားတွေအ များကြီးပဲ။ ဘာညာဖြင့် ရှက် ရမ်း ရမ်းပြီး သူတစ်ပါးကို ပြန်၍ လက်ညှိုးထိုးချေပခြင်းမှာ လမ်းမှန်မဟုတ်၊ တရားနှင့်မညီ။ ရခိုင်လူမျိုး တစ် ဦးအဖို့ ရခိုင်နှင့် အရက်ပြဿနာသည် မည်မျှအတိုင်းအတာသို့ ဆိုးရွားနေပြီကို မစဉ်းစားဘဲ မနေနိုင် ဖစ်ရ ပါသည်။ ဘယ်သူမပြု မိမိမှုသာ မဟုတ်ပါလား။

မရောက်တာကြာပြီဖြစ်သော ဇာတိမြို့သို့ယခုနှစ်(၁၉၉၄)နွေရာသီက ရောက်ရှိသွားရာ ကျွန်တော်နှင့် သက် တူရွယ်တူကျွန်တော့်ထက်ပင်ငယ်သူအချို့သည် မျက်နှာများမို့အစ်ရောင်အမ်းလျက်"အတ်"နာကျနေကြသည် ကို တွေ့ရသဖြင့် တုန်လှုပ်အံ့သြမိပါသည်။ အနေအစားပြေလည်လို့ အသောက်စွဲနေပုံရပြီး အချို့လည်း အ ကြောင်းကြောင်းကြောင့် အဆင်မပြေမှုကို ရမယ်ရှာလျက်အရက်ကို ဖိသောက်ရင်း ယစ်ထုပ်(ယစ်ဖွယ်) ဖြစ် နေကြပုံရသည်။

"အသက်၄၀ပြည့်မှ လူ့ဘ၀စသည်"ဟူသောစကားအတိုင်းသာဆိုပါက ကိုယ့်ကိုကိုယ်ဘ၀ပင် မစရသေး၊ နုပျို သော အချိန်အရွယ်မကုန်သေးဟု ထင်နေမိရာမှ ထိုသူငယ်ချင်းအချို့ကို အိုမင်းရင့်ရော်စွာတွေ့လိုက်ရသဖြင့် အလွန်စိတ်မကောင်းဖြစ်ရပါသည်။

အာဖရိကနောကြီးမျက်မည်းထဲမှ လူ့သက်တမ်းအလွန်တိုသည့်နိမ့်ပါးသောလူမျိုးနွယ်စု(Tribe) တချို့ကိုသွား သတိရမိသည်။ မိမိတို့(Tribe)တို့၏ အဆင့်သို့ ရွေ့လျှောနိမ့်ကျလာနေပြီလား။

အရက်၏ဆိုးကျိုးကို ဘာသာရေး၊ကျန်းမာရေး၊ စီးပွားရေး၊လူမှုရေး၊ တရားဥပဒေရေးစသည့် ရှုထောင့်အ ဖုံဖုံက ထောက်ပြ၍မဆုံးနိုင်ပါ။ ခေတ်အဆက်ဆက်က အသိပညာရှင်၊အတတ်ပညာရှင်များက ရေးသား ထုတ်ဖော်ခဲ့ဖူးပေါင်းများလှပါပြီ။ အားလုံးလည်း သိကြပြီးဖြစ်သဖြင့် ကျွန်တော့်အနေဖြင့် မဖော်ပြလိုတော့ပါ။ သို့သော် အနည်းငယ်ဆွေးနွေးလိုသည်မှာ ရခိုင်ရယ်လို့မဟုတ်၊ လူမျိုးတိုင်း၏လူမှုရေးနယ်ပယ်တွင် အရက် ကို မရှိမဖြစ်သော အဆင်တန်ဆာတစ်ခုအဖြစ် လက်ခံယူဆနေကြသည်ကို ဖျောက်ဖျက်သင့်ဖို့ပင်ဖြစ်သည်။
"အရက်မပါမပြီး"ဟူသော စိတ်ဓါတ်ကို တော်လှန်ရမည်ဖြစ်ပါသည်။ မိတ်ဖွဲ့လိုလျှင်လည်း အရက်နှင့်၊ဂုဏ်ပြု လိုလျှင်လည်းအရက်နှင့်၊ အခက်အခဲဖြေရှင်းလိုလျှင်လည်း အရက်ဆိုင်တွင်၊ ပျော်လို့သောက်၊ စိတ်ညစ်လို့ သောက်၊ ပျင်းလို့သောက် ဘာဖြစ်ဖြစ်အရက်ပါရသည်။ အရက်မသောက်တတ်လျှင် လူပေါင်းမဆံ့၊ လူတော မတိုးဆိုချင်ကြသည်။ ကျိုးကြောင်းဆက်စပ်မှု သဘောတရားနှင့်ဆိုလျှင် လုံးဝအဓိပ္ပါယ် မရှိပါချေ။

"ပျော်၍သောက်သည်"ဆိုသော ဆင်ခြေကိုခွဲခြမ်းစိတ်ဖြာလေ့လာကြည့်ပါ။ "ပျော်ခြင်း"ဟူသော လူ့ခံစားချက် နှင့်"အရက်သောက်ခြင်း"ဟူသော လူ့အပြုအမူသည် တစ်ခုကြောင့်တစ်ခု ဖြစ်ရသသည်ဟူသော အကြောင်း နှင့် အကျိုးလုံးဝမဟုတ်ပါချေ။ လူသားတစ်ဦးသည် ကိစ္စတစ်ရပ်အဆင်ပြေလို၍ အလိုဆန္ဒနှင့်ကိုက်ညီ၍ ပျော်လျှင်ပြုံးမည်၊ ရယ်မည်၊ရွင်မည် ဟူသော မျက်နှာအသွင်အပြင်များ ဖော်ပြမည်။ ထိုမှတဆင့် သီချင်းဆို မည်။အော်ဟမ်မြူးထူးမည်။ ကခုန်ရွှင်မြူးမည်ဟူသော အပြုအမူအသွင်အပြင်များ ပြုလုပ်မည်။

ယင်းတို့သာလျှင် ပျော်သည်ဟူသော ခံစားချက်(အကြောင်း)မှ တိုက်ရိုက်ဖြစ်သည့် လူ့သဘာဝမှန် တုံ့ပြန် ချက်(အကျိုး)ဖြစ်ပေသည်။ ဤသည်ကို လူတွေကနောက်ဆက်တွဲအဖြစ်"အရက်သောက်ခြင်း"ကို မလိုအပ် ဘဲထပ်ဖြည့်ခြင်းသာဖြစ်ပါသည်။ အရက်မသောက်တတ်သူမပျော်ဘူးလားဟုပြန်တွေးကြည့်ပါ။ တကယ်ပျော် တာမှာ အရက်ပါဖို့မလိုပါ။

ငွေရှိ၍သောက်သူ၊ တတ်နိုင်၍သောက်သူတို့ စဉ်းစားဖို့ရန်မှာ ကိုယ်အပင်ပန်းခံ၍ရှာထားသောငွေသည် ကိုယ့်အသည်းကို ဖဲ့ခြွေဖို့လား၊ ကိုယ့်ကျန်းမာရေးကို ဖျက်ဆီးဖို့၊ ကိုယ့်အသက်ကို သတ်ဖို့ငွေအဖြစ်ခံမည် လား၊ ကိုယ့်သားမယား၊ ဆွေမျိုးဥာတကာ ဒုက္ခရောက်၊အရှက်တကွဲဖြစ်စေမည့် အရက်သောက်ဖို့ငွေကို ဘာ လို့သင်ရှာနေပါမည်နည်း။

ဆင်းရဲပင်ပန်း၍ အရက်သောက်နေသူအဖို့ သူအရက်အတွက်ပေးချေခဲ့ရသောငွေများကိုသာ စုထားပြီး အ ကျိုးရှိမည့် တစ်နေရာ၌ သုံးနိုင်ခဲ့လျှင်သူအမှန်မဆင်းရဲကြောင်း တွက်ချက်သိရှိနိုင်ပါသည်။ အရက်မူးယစ်၍ ကျဆင်းရသော ဂုဏ်သိက္ခာနှင့်စာလိုက်လျှင် သင်ဆင်းရဲတာက ဘာမျှမပြောပလောက်ပါ။

ဝမ်းနည်း၍ စိတ်ထိခိုက်၍အရက်သောက်မိရာမှ ပို၍၀မ်းနည်းစိတ်ထိခိုက်ဖွယ် အခြေအနေသို့ရောက်သွားရ တာချည်းဖြစ်ပါသည်။ ၀မ်းနည်းစိတ်ကို ဖြေဖျောက်ဖို့ဗုဒ္ဓဘာသာထွန်းကားသောရခိုင်ပြည်မှာ ဘုရားကျောင်း ကန်တို့ ပေါများလှပါသည်။

ဆင်ခြင်တုံတရားသည်သာ အရက်စွဲခြင်းကို ဖျက်နိုင်သည့် လက်နက်အမှန်ဖြစ်ပါသည်။

တစ်ဖန် အရက်စွဲနေသူအပေါ် ပတ်ဝန်းကျင်၏ပြုမူဆက်ဆံပုံသည်လည်း အစွန်းနှစ်ဖက် မရောက်ဖို့ လိုပေ သည်။ တစ်သမတ်တည်းပြစ်တင်ရှုတ်ချခြင်း၊ ချိုးနှိမ်ခြင်း၊ပစ်ပယ်ခြင်းတို့ကြောင့် ဘ၀ကို အဆုံးစွန်သို့ တွန်း ပို့ဖျက်ဆီးပစ်ရာရောက်နိုင်သလို တစ်ဖက်တွင်လည်းပြုပြင်ပေးရာမရောက်သောခွင့်လွှတ်သည်းခံမှု၊ မြှောက် ထိုးပင့်ကော်မှုတို့ကြောင့် မဆိုးသင့်ဘဲပိုဆိုးသွားရသူများလည်းရှိပေသည်။

"အရက်ကလေးသောက်တတ်တာကလွဲရင်သူက လူတော်ပါ" ဟူသောအပြောမျိုးမကြာခဏ ကြားရတတ် သည်။ ထိုအခါများတွင် ကျွန်တော်ပို၍ခံပြင်းမိသည်။ တော်သည်ဆိုသောသူများသည် အရက်ကိုအလွန် အ ကျွံမသောက်မိဖို့ ပိုပြီးမဆင်ခြင်သင့်ပေဘူးလား၊တော်လို့ပဲ အရက်သောက် တတ်သယောင်၊ အရက် ကလေး တထွေထွေနှင့် အလုပ်လုပ်နေနိုင်သည်ပင်ဂုဏ်ယူချင်သယောင် ဟိတ်လုပ်ချင်ကြသည်။ ပတ်ဝန်းကျင်က လည်း သူတို့အပေါ် အတော်အတန်အပြစ်ကိုပင် ခွင့်လွှတ်သည်းခံတတ်ကြတော့ပိုဆိုးသည်။

လက်တွေ့လောကတွင် အမှန်ပင်လူသာမန်ထက်ဥာဏ်ရည်ပိုမြင့်သောသူအချို့သည် အရက်ကို အလွန်အ ကျွံသောက်တတ်ကြသည်ကိုတွေ့ရသည်။ သူတို့သည်ကိုယ်နှင့်ထိုက်တန်သောရာထူးရာခံသို့မဟုတ် ချမ်းသာ ကြွယ်ဝမှုကိုမရောက်ရဘဲ ဘ၀ဆုံးခန်းတိုင်ရောက်သွားတတ်ကြသည်။ ကိုယ့်လူမျိုးအတွက်မည်မျှနစ်နာပါသ နည်း။ ရခိုင်သားလူတော်တွေကို အရက်ကပိုပြီးဝါးမျိုလို့ ချိုပုံရသည်။ဤအရက်ဟူသော မိစ္ဆာကောင်သည် ရခိုင်သားကောင်း၊ရခိုင်ညွန့်ဖူးတို့ကို အာသာပြင်းပြင်းခံတွင်းတွေ့လှပါတကား။

 နိုင်ငံတွင်းလူမျိုးတိုင်းမှာအရက်ပြသာနာရှိကြသည်။သူတို့ဆီတွင်အရက်စွဲရောဂါကိုမူးယစ်ဆေးဝါး ဆေးလိပ် အန္တရာယ်တို့နှင့် တန်းတူထားကာ အစိုးရဌာနများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများက တစ်နိုင်ငံချင်းရော နိုင်ငံအများစုပေါင်း၍ပါ အလေးအနက်ထား၍တိုက်ဖျက်နေကြသည်။ နိုင်ငံအလိုက်အဖွဲ့အချို့ကိုဖော်ပြရလျှင် ...

အမေရိကန်ပြည်၌"National Institute of Alcohol Abuse and Alcoholisn"

ရုရှားပြည်၌"State Research Centre of Addiction"

အင်္ဂလန်တွင်"Society for the Study of Addiction to Alcohol and Other Drugs" နှင့် "Alcohol Education and Research Council"

မက္ကဆီကိုတွင်"IBeroamerican Associationor for the study of Alcohol and Drugs problems"

ကနေဒါတွင်"Addiction Research Foundation"

တောင်အာဖရိကနိုင်ငံတွင်"National Cocuncil of Drug and Alcohol Abuse" စသည်တို့ဖြစ်ကြသည်။

၎င်းအသင်းအဖွဲ့များသည် မိမိတို့၏လေ့လာတွေ့ရှိချက်များ၊ သူတေသနပြုချက်များကို နိုင်ငံတကာညီလာခံ များ ပြုလုပ်ကျင်းပကာ ဆွေးနွေးတင်ပြအကြံပြုကြသည်။ အသိပညာ၊အတတ်ပညာများ ဖလှယ်ကြသည်။ စာစောင်ဂျာနယ်များ ထုတ်ဝေကြသည်။ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်ပေးသည်။

၎င်းတို့၏သုတေသနပြုချက်တို့တွင် အရက်သာမန်သောက်ခြင်းနှင့် အလွန်အကျွံသောက်ခြင်းတို့ကို ဒီကရီ ပမာဏသတ်မှတ်ကြသည်။ အရက်သောက်လျှင် ဘာကြောင့်မူးယစ်သည်။ ကိုခန္ဓာ၌ မည်သို့သက်ရောက် သည်။ဘာကြောင့်အရက်ကိုစွဲလမ်းရသည်။ အသက်အရွယ်၊ဗီဇ၊ လိင်၊ ပညာအရည်အချင်း၊ ၀င်ငွေ၊မိဘမျိုးရိုး နှင့် ပတ်ဝန်းကျင်တို့အလိုက် အရက်စွဲမှုအခြေအနေတို့ကို သုတေသနစစ်တမ်းများ ကောက်ယူကြသည်။ အရက်စွဲရောဂါကို ကုသနည်းစနစ်နှင့် ဆေးဝါးများအပေါ်အကျိုးအပြစ် တွေ့ရှိချက်များကို ညှိနှိုင်းဆွေးနွေး ကြသည်။

အရက်ဖြတ်သူအပေါ်ပြုစုစောင့်ရှောက်ရန် နည်းလမ်းများကို ဆေးရုံ၊ဆေးခန်းနှင့် ဆရာဝန်၊ သူနာပြုတို့ သိ ရှိနိုင်ရန်ဖြန့်ဝေကြသည်။ အရက်နှင့် ရာဇ၀တ်မှုများဆက်နွယ်ပုံ၊အရက်ကြောင့် ထိခိုက်ရသောအိမ်ထောင် ရေး၊ သားသမီးတို့စိတ်ဓါတ်ခံစားမှုတို့ကို ဆန်းစစ်ပြကြသည်။ ဘာသာရပ်အစုံမှ ရှုထောင့်အဖုံဖုံက သုတေ သနပြုလျက်ရှိကြကြောင်းတွေ့ရပါသည်။

ကျွန်တော်တို့ ရခိုင်လူများများကော ဘာလုပ်သင့်ပါသနည်း။ဘာလုပ်နိုင်ပါသနည်း။ ဘာလုပ်ကြပါမည်နည်း။
ဆင်မှာလည်းဆင်အထွာ၊ ဆိတ်မှာလည်းဆိတ်အထွာဆိုသလို ကိုယ့်အတိုင်းအတာနှင့် ကိုယ်ဆောင်ရွက်နိုင် သည်များရှိပါသည်။

၁၉၉၃-ခုနှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ်စစ်တွေမြို့၌ ပြည်နယ်နှင့်တိုင်း အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ကြီးကို မကြုံစဖူးထူးကဲစွာ ကျင်းပခဲ့စဉ်က ပွဲတော်ရက်အတွင်း အရက်၊ဆေးလိပ်သောက် ခြင်းကိုရှောင်ကြဉ်ကြဖို့ လှုံ့ဆော်ဆိုင်းဘုတ်များ ထောင်ခဲ့သည်ကို ရုပ်မြင်သံကြား၌ တွေ့လိုက်ရသည်။

ကျွန်တော်သည် တာဝန်ရှိသူများကို အထူးကျေးဇူးတင်မိသည်။ ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေး၊ တရားဥပ ဒေစိုးမိုးရေးတို့၏ ရန်သူသည် မိမိတို့ရခိုင်ပြည်နယ်အဖို့ အရက်ကလွဲ၍ မရှိဟုဆိုနိုင်ပါသည်။ အမူးသမား တစ်ဦးကြောင့်ပွဲတော်ကြီး ဂုဏ်ပျက်သွားနိုင်သည်မဟုတ်ပါလား။ ဤသို့လှုံ့ဆော်ချက်အောာင်မြင် ကြောင်း လည်းသိရ၍ ၀မ်းသာရသည်။ပင်ကိုယ်စရိုက် လိမ္မာယဉ်ကျေးသော လူမျိုးအဖို့ မအောင် မြင်ဖွယ် မရှိပါ။

ဤသည်ကိုနမူနာယူကာအခါကြီးရက်ကြီးများ၊ ပွဲတော်ရက်များတွင်အရက်မသောက်ရရက်၊အရက်မသောက် ရအချိန်၊ အရက်မသောက်ရနေရာများ ကန့်သတ်ပေးသည့် အလေ့အကျင့်တစ်ရပ် ဖော်ထုတ်လုပ်ဆောင် နိုင်ပါသည်။ အရက်သေစာရှောင်ကြဉ်ရေးအသင်း၊ အရက်ဖြတ်သူများအသင်း စသည်ဖြင့် စေတနာ့ဝန်ထမ်း လူမှုရေးအသင်းများထူထောင်ပြီး လူထုလှုပ်ရှားမှု အသွင်ဖြင့် ဆောင်ရွက်သင့်ကြ၏။

အရက်၏အန္တရာယ်ကို အမျိုးသားအန္တရာယ်အဖြစ် သိမြင်လာအောင် ဟောပြောပွဲ၊ ပန်းချီပိုစတာ၊ ကာတွန်း၊ ၀တ္ထုဆောင်းပါး၊ ကဗျာ စသည့်ပြိုင်ပွဲပြပွဲများ၊ ပြဇာတ်နှင့် စင်တင်တေးဂီတပွဲများ ကျင်းပပေးနိုင်ပါသည်။
ဟောပြောပွဲများပြုလုပ်ကြ၍ ဆရာဝန်များ၊လူမှုဝန်ထမ်းဌာနမှပုဂ္ဂိုလ်များ စသည့်ကျွမ်းကျင်သူများ၏ ဟော

ပြောချက်များသာမက အရက်သမားဘ၀မှ လွတ်မြောက်လာသူများ၊ အရက်ကြောင့် ကွယ်လွန် သွားရသူ၏ ကျန်ရစ်သောမိသားစုများကပါ ကိုယ်တွေ့ခံစားချက်များကို ရင်ဖွင့်ဆွေးနွေးမှုများကို ရဲရဲဝံ့ဝံ့ပြုလုပ်လျှင် အ ရက် ၏ဆိုးကျိုးများကို ပိုမိုသိမြင်လာစေနိုင်ပေမည်။

ငွေကြေးချို့တဲ့သော အရက်စွဲ ရောဂါ သည်များကို အရက်ဖြတ်ပေးရန်နှင့် အရက်ဖြတ်ပြီးနောက် ပြန်လည် ထူထောင်ပေးရန် လိုအပ်သော ရန်ပုံငွေကို ကျခံတာဝန်ယူပေးမည့် အသင်းအဖွဲ့နှင့် တစ်ဦးချင်း စေတနာ ရှင်များ ပေါ်ပေါက်အောင်လည်း စည်းရုံးဖော်ထုတ်သင့်သည်။ ထူးမြတ်သော ခေတ်သစ်အလှ တစ်မျိုးပေါ် ထွန်းလာပေမည်။ ဘ၀ကို ကယ်ဆယ်သော အလှူဖြစ်သည့်အပြင် အမျိုးချစ်စိတ်နှင့် ၀ံသာနုရက္ခိတ တရား ကိုလည်း ပိုမိုထွန်းကားစေနိုင်ပေမည်။

အရက်အလွန်အကျွံသောက်သူများကို လျှော့သောက်ရန်၊ ထိုမှလုံးဝ အရက်ပြတ်သွားရန် စည်းရုံးရေး နည်းမ လမ်းများ ကျင့်သုံးပေးနိုင်သည်။(တရားဥပဒေ လမ်းကြောင်းကလည်း အရက်ပုန်းများကို ထိထိရောက် ရောက် နှိမ်နင်းရမည်) အရက်ဆုင်များကို ကျောင်းနှင့်မနီးစေရေး၊ ငယ်ရွယ်သူများကို အရက်နှင့်မနီးစေရေး ကြပ်မတ်ရမည်။ အရက်ကြိုက်တတ်သူများကို အခါကြီးရက်ကြီးများ၌ ရဟန်းဘောင်သို့ဝင်စေရန် လူကြီးသူမ နှင့် မိတ်သင်္ဂဟများက ပံ့ပိုးကူညီပေးကြရမည်။

ဤနည်းများသည် ကျွန်တော်တို့ လုပ်နိုင်သော ထိရောက်သည့် လူထုနည်းအချို့ပင်တည်း။

ရိုးမရင်သွီး

No comments:

Post a Comment