ရှေးအခါက တိုင်းပြည်တစ်ပြည်ကို ဘုရင်တစ်ပါးမင်းလုပ်၍ စိုးစံအုပ်ချုပ်နေခဲ့လေ၏။ တစ်နေ့သ၌ ဘုရင်မင်း သည် ညီလာခံရန်မှူးမတ်တို့ကို ခေါ်ယူလေ၏။ မှူးမတ်တို့ စုံညီလေသော် တိုင်းပြည်ရေး၊လုံခြုံရေးတို့ကို တိုင် ပင် ဆွေးနွေးမှု ပြုခဲ့ကြလေ၏။မှူးမတ်တို့က လုံခြုံရေးအတွက် ဆင်တပ်တစ်တပ် လိုအပ်ပါကြောင်း လျှောက် တင်ခဲ့ကြလေ၏။
ဘုရင်မင်းက.. "ဆင်ကို ဘယ်တွင် ရနိုင်အံ့နည်း"ဟု မေးမြန်းလေ၏။ ထိုအခါ မှူးမတ်တို့က "ဟိမ၀န္တာတော တွင် ဆင်များရှိကြပါသည်။ ထိုင်ဆင်များကို ဖမ်းဆီးပြီးလျှင် ယဉ်ပါးစေက ရရှိနိုင်ပါသည်"ဟု အကြံပေး တင် ပြကြလေသည်။
ရှင်ဘုရင်က "ဟိမ၀န္တာတောဆိုသည်မှာ အလွန်ချမ်းအေးလှသည်။ ထို့ကြောင့် ဆင်ကိုဖမ်းရန် အချမ်းခံနိုင် စွမ်းရှိသူ တစ်ယောက်ကို ရှာရမည်" ဟု အမိန့်ရှိလေသည်။
ထို့နောက် ရှင်ဘုရင်က "ဆောင်းရာသီ ပြာသိုလသည် အခမ်းဆုံးလဖြစ်သည်။ လက်တောင်နှစ်ဆယ် ရေ နက်သော ရေကန်မှာ တစ်ရက်တိုင်တိုင် ငုပ်နေနိုင်သူကို သမီးတော်နှင့် ပေးစားမည်။ ငုပ်နိုင်မည့်သူရှိက အသပြာတစ်ထောင်ထုပ်ကို ဆွဲစေလော့"ဟု အမိန့်တော်ကိုလည်း ချမှတ်လိုက်လေ၏။ ထို့ကြောင့် မှူးမတ် တို့သည် အမိန့်တော်အတိုင်း ကြေညာမောင်းခတ် ခဲ့ကြလေသည်။
ထိုအခါ မြို့စွန်မြို့နားတွင်နေသော ဆင်းရဲသော သားအမိနှစ်ယောက်တို့ ကြားသိခဲ့ရလေ၏။ သားငယ်သည် မိခင်အား မောင်းခတ်လှည့်လည်လာကြသူများထံမှ အသပြာထုပ်ကို ဆွဲစေလေ၏။
မိခင်ကစိုးရိမ်လျက် "ချစ်သား၊ ဖြစ်နိုင်အံ့လော့"ဟု ပြန်ပြောလေ၏။ သားက "မိခင်၊ ဆင်းရဲငတ်မွတ်ပြီး သေရ ခြင်းလည်း တစ်သေ၊ ယခုရှင်ဘုရင် အမိန့်အတိုင်းလုပ်၍ သေလျှင်လည်း တစ်သေ၊ တကယ်မသေဖြစ်ခဲ့ သော် ရှင်ဘုရင် သမီးတော်ကိုပင် ရမည်ဖြစ်ပေသည်။ မကြောင့်ကြ မစိုးရိမ်ပါလင့်၊ ဆွဲသာဆွဲလိုက်ပါမိခင်" ဟု တိုက်တွန်းပြောဆိုခဲ့လေသည်။
သား၏ တိုက်တွန်းချက်အရ ထိုအသပြာထုတ်ကို ဆင်ပေါ်မှ ဆွဲယူလေ၏။ ထိုအခါ မှူးမတ်တို့က "သင့်မှာ မည်သူက ဘုရင်အမိန့်အတိုင်း ပြုလုပ်ချေအ့နည်း"ဟု မေးလေ၏။
"ငါ့သား ပိစပ်က ပြုလုပ်ရန် ဖြစ်ပါသည်"ဟု ပြောလေသည်။ "ထိုသို့ဆိုလျှင် ကောင်းပြီ၊ အမိန့်တော်အတိုင်း လာရမည်"ဟု ပြောဆိုမှာကြား ထားခဲ့ကြလေ၏။
ထို့နောက် ဘုရင်မင်းထံပြန်လာလျက် "လူစွမ်းကောင်းကို တွေ့ခဲ့ရပါပြီ"ဟု သံတော်ဦးတင် လျှောက်ထားခဲ့ ကြလေသည်။
အချိန်ကာလ ရောက်လတ်သော် ကတိအတိုင်း ပိစပ်ကို ဆင့်ခေါ်စေလေ၏။ ပိစပ် ရောက်လာသောအခါ ရှင်ဘုရင်နန်းတော်ရှေ့ရှိ ရေကန်တွင် ငုပ်လျှိုးစေလေ၏။ မိခင်ဖြစ်သူက သားကိုစိုးရိမ်ကြီးစွာဖြင့် ရေကန် ဘောင်ထက်၌ မီးဖိုလျက် ညဥ့်မအိပ်ဘဲ စောင့်လျက်နေလေ၏။
ထိုအခါ ဘုရင်မင်းက ချမ်းအားကြီး၍ သေလောက်ပြီ ထင်မှတ်လျက် "ပိစပ် မသေသေးဘူးလား"ဟု မေးမြန်း စုံစမ်းခဲ့လေ၏။
မှူးမတ်က မီးရှိန်ရ၍ မသေဘဲ ငုပ်နေနိုင်သည် အမှတ်ရှိခဲ့ကြလေ၏။ ထို့ကြောင့် "ဘယ်သို့ သေရာပါအံ့နည်း၊ မိခင်ဖြစ်သူက ကန်ပေါင်ထက်တွင် မီးဖိုလျက် ပေးထားပါ၍ မသေဘဲရှိပါသည်"ဟု လျှောက်ထားကြလေ၏။ ထိုအခါ ဘုရင်သည် ပိစပ် သားအမိအား လိမ်လည်မှုဖြင့် သုသာန်ထုတ်၍ ဓါးခုတ်သတ်စေရန် အမိန့်တော်ချ မှတ်ခဲ့လေ၏။ ပိစပ်သည် "အရှင်မင်းကြီး၊ ခုနစ်ရက်ခန့် ခွင့်ပေးတော်မူပါ၊ ဤတရားကို ဆုံးဖြတ်ရန် ပညာရှိ ရှာဖွေပါရစေ"ဟု လျှောက်ထားမှု ပြုခဲ့လေ၏။ ထိုအခါ ဘုရင်လည်း ခွင့်ပေးခဲ့လေ၏။
ပိစပ်သည် မကြာခင် ပညာရှိရရန် ရှာဖွေလေတော့၏။ အဆင်သင့်ပင် နွားကျောင်းနေသော နွားကျောင်း သားတစ်ယောက်နှင့် တွေ့ရှိလေ၏။ နွားကျောင်းသားက သတင်းမေးမြန်းလေသော် ပိစပ်လည်း အကျိုး အကြောင်းကို ပြောပြလေ၏။ ထိုအခါ ၄င်းက "ကိစ္စမရှိ၊ မစိုးရိမ်လင့်၊ ငါလာမည်"ဟု ၀န်ခံလိုက်လေ၏။
တရားဆုံးဖြတ်မည့်နေ့တွင် နွားကျောင်းသားသည် ရေကန်ဘောင်၌ မီးကိုမွှေးလေ၏။ ထို့နောက် ငါးတစ် ကောင်ကို ရေကန်ဘောင်တစ်ဘက်၌ တင်ထားလေ၏။ ခုနစ်ရက်စေ့သောနေ့တွင် ပိစပ်လည်း တရားဆိုင် ရမည်ဖြစ်၍ နွားကျောင်းသားကို ခေါ်ရန် လာရောက်လေ၏။ ထိုအခါ နွားကျောင်းသားက "ငါသည် ငါးကင်၍ နေရသည်၊ ငါးကင်ကျက်လျှင် ကျက်ချင်း စားသောက်ပြီးသော် လာမည်၊ ထိုအကြောင်းကို ဘုရင်မင်းအား လျှောက်တင်ချေလော့"ဟု မှာကြား ပြောဆိုလိုက်လေ၏။
ပိစပ်လည်း နန်းတော်သို့ စိုက်စိုက်မတ်မတ်လာလေ၏။ ထိုအခါ ဘုရင်က "သင့်မှာ ပညာရှိရှာ၍ ရခဲ့ပြီ လော"ဟု မေးလေ၏။ ပိစပ်လည်း နွားကျောင်းသားမှာကြားချက်အတိုင်း ဘုရင်အား လျှောက်တင်လေ၏။ ဘုရင်သည် ပညာရှိ ရောက်လာနိုးနိုးဖြင့် စောင့်စားလျက် နေလေ၏။ စောင့်ရကြာသောအခါ "မောင်မင်း ပညာရှိ ယခုထိ မလာသေးတကား"ဟု ပြောဆိုလေ၏။ အချိန်ကြာလေသော် မှူးမတ်တို့အား ပညာရှိထံ သွား ရောက် ကြည့်ရှုစေလေ၏။
ပညာရှိ နွားကျောင်းသားသည် ငါးကင်မြဲကင်လျက် ရှိနေလေ၏။ မှူးမတ်တို့က ၄င်းအား တွေ့မြင်ရလျှင် "ဘယ်သောကာလ ကင်၍ ကျက်နိုင်ရာအံ့နည်း" ဟုဆိုကာ ဘုရင်အား လျှောက်ထားခဲ့ကြလေ၏။ ဘုရင် လည်း ချက်ချင်း ၀င်စေရန် အမိန့်ချမှတ်လေ၏။ ထို့ကြောင့် နွားကျောင်းသား ပညာရှိသည် ဘုရင့်ရှေ့တော် မှောက် ခစားဝင်ရောက်ခဲ့လေ၏။
ထိုအခါ ဘုရင်က "သင်ပညာရှိ ဟုတ်သလော၊ ငါးကို ကန်တစ်ဖက်ထား၍ တစ်ဖက်က မီးရှို့သဖြင့် ငါးကင် ကျက်ရိုး ထုံးစံရှိအံ့လော"ဟု ပြောဆိုလေ၏။ ပညာရှိကလည်း "မှန်ပါ အရှင်မင်းမြတ်၊ အရှင်မင်းကြီးမှာလည်း ပိစပ်က ရေကန်ထဲမှာ ငုပ်နေပါလျက် ကန်ဘောင်ပေါ်မှာ မီးဖိုထားခြင်းဖြင့် အချမ်းပြေပျောက်ရိုးထုံးစံ ရှိနိုင် ပါမည်လော"ဟု တင်လျှောက်လေ၏။ ထိုအခါ ဘုရင်လည်း သတိရလျက် "လမ်းမှန်ကို တင်လျှောက်ပေ သည်"ဟု သဘောကျ၏။ ထို့ကြောင့် ပိစပ်ကို ပြစ်ဒဏ်မှလွတ်၍ သမီးတော်နှင့် လက်ထပ်ပေးစားခဲ့ရလေ သတည်း။
အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များ စာအုပ်မှ-)
No comments:
Post a Comment