လူ့မလို နတ်မလိုက်နိုင်

ရှေးအခါက မြစ်ကမ်းပါးအနား၌ ရွာငယ်တစ်ရွာရှိလေသည်။ ထိုရွာငယ်၌ လက်မနှင့် တေနောင်ဟူသော လူ နှစ်ယောက် ရှိလေ၏။ ထိုသူနှစ်ယောက်တို့သည် တစ်နေ့သ၌ တွေ့ဆုံကြစဉ် စကားအချေအတင် ပြောဆိုမှု တစ်ခုဖြစ်ခဲ့ကြရလေသည်။

တေနောင်က လက်မကို "လူ့အလိုကို နတ်မင်းမလိုက်နိုင်"ဟု စကားတင်၍ ပြောလေ၏။

ထိုအခါ လက်မက"လူ့အလိုကို နတ်လိုက်နိုင်သည်။ အဘယ်ကြောင့် မလိုက်နိုင်စရာ ရှိအံ့နည်း"ဟု ပြောဆို ချေပလေ၏။

တစ်ယောက်က မလိုက်နိုင်သည်ကို တစ်ယောက်က လိုက်နိုင်သည်ဟု အချေအတင်ပြောကြရာ မပြေလည် သဖြင့် အငြင်းအခုံ ဖြစ်လာခဲ့ကြရလေသည်။

လက်မက မလိုက်နိုင်ခြင်းနိုင် အဖြေပေးရန်တောင်းခံလေ၏။ တေနောင်လည်း တိကျသောအဖြေကို မပေး နိုင်။ လိပ်ခဲတည်းလည်းဖြစ်ကာ ရှိခဲ့ရလေ၏။ ထိုပြဿနာ မရှင်းမလင်းဖြစ်နေသဖြင့် သိကြားမင်းစံရာ ပဏ္ဍု ကမ္ဗလာသည် တင်းမာခြင်း ဖြစ်လာခဲ့ရလေသည်။ ထိုအခါ သိကြာင်းမင်းသည် အောက်ရပ်လူ့ပြည်သို့ ကြည့် လေသော် လက်မနှင့် တေနောင်တို့ အငြ်းပွားနေသည်ကို မြင်တွေ့ရလေသည်။ ထို့ကြောင့် သိကြားမင်းသည် လူ့အလိုကို လိုက်နိုင် မလိုက်နိုင် စမ်းသပ်ကြည့်ရှုရန် လူ့ပြည်သို့ ဆင်းသက်လာခဲ့လေ၏။

ပထမ လက်မတို့ရွာမှ ဘိန်းစား ပေါင်ကား အလိုကို လိုက်ကြည့်အံ့ဟု စီစဉ်လေ၏။ ဘိန်းစားပေါင်ကားသည် ဘိန်းငတ်လျက် ငေးမှိုင်ကာနေလေ၏။ ထို့ပြင် "ငါ ဘိန်းတစ်ခဲရလျှင် ကောင်းမည်"ဟု အကြံဖြစ်ရှိနေ၏။ ၄င်း အကြံကို သိကြားမင်းသည် လိုက်လျောလျက် ဘိန်းတစ်ခဲ ရှေ့က ချပေးလေသည်။ ထိုဘိန်းကို စားရသော အခါ တစ်ဖန်စိတ်ကူး၍ "ဘိန်းကစားရပေပြီ၊ ရှင်ဘုရင် စားတော်ပွဲကို စားရလျှင်ကောင်းမည်"ဟု အကြံဖြစ် လေ၏။

သိကြားမင်းလည်း ဘိန်းစားအလိုအတိုင်း ပွဲတော်အုပ်ကို ဖန်ဆင်း၍ လေးလေ၏။ ဘုရင်ပွဲတော်စာကို စားရ သောအခါ အကြံတစ်မျိုး ဖြစ်လာပြန်လေ၏။ "ဘုရင်စားကောင်းသောက်ရာ အစာအာဟာရကို စားရချေပြီ၊ ဘုရင်နန်းတော်မှ ညောင်စောင်းတွင် လဲလျောင်း၍ အိပ်ပျော်ရလျှင် ကောင်းမည်"ဟု စိတ်ကူးဖြစ်လာ၏။ ဘိန်းစား၏ အကြံအစည်အတိုင်း သိကြားမင်းလည်း မွေ့ရာ ကော်ဇောအပြည့်ဖြင့် ခုတင်ညောင်စောင်းကို ဖန်ဆင်းပေးလေ၏။ ထိုနေရာ၌ ကောင်းစွာစက်တော်ခေါ်၍ ပျော်မွေ့နှစ်ခြိုက်စါာ အိပ်ပျော်စေလေ၏။

ဘိန်းစားသည် ညောင်စောင်းထက်တွင် တက်လျက် အိပ်ရာ၌ လဲလျောင်းပြန်လေ၏။ ထိုနောက် ကောင်း မွန်ထူးခြားသော ပုဆိုးစောင်ကို ခြုံလေ၏။ ထိုအခါ စိတ်ကူးမိလေသည်မှာ "ငါတစ်ယောက်တည်း အိပ်နေ၍ အသို့ ပျော်မွေ့ရာအံ့နည်း၊ သိကြားမင်း မိဖုရားနှင့် တစ်ညဥ့်အိပ်ပျော်ရလျှင် အလွန်ကောင်းရာ၏။" ဟု အကြံ ဖြစ်လေသည်။

သိကြားမင်းသည် မိဖုရားကို အလိုရှိကြောင်း သိရသောအခါ "ငါအလိုလိုက်ကြည့်မိသည်မှာ မှားလေပြီ။ လူ့အလိုကို နတ်မလိုက်နိုင်ဆိုသည်မှာ တကယ်မှန်ပေသည်"ဟု စိတ်က ဆုံးဖြတ်ချက် ပြုခဲ့ရလေ၏။


ထို့ကြောင့် မိဖုရားကိုလည်း မပေးနိုင်ရာကား အလိုကို မလိုက်လျောနိုင်ဘဲ တာဝတိံသာသို့ပင် ပြန်သွား ခဲ့ရလေ၏။ ဘိန်းစားလည်း အလိုမပြည့်ဘဲ အသက်ဆုံးရှုံးသွားခဲ့ရလေ၏။ ထိုအခါမှစ၍ "လူ့အလိုကို နတ်မ လိုက်နိုင်" ဟူသော အဖြေလည်း ပြေလည်သွားခဲ့ရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များမှ-)

No comments:

Post a Comment