ရခိုင်ရှေးဟောင်း ပြွီငါးမျိုး

ရခိုင်အမျိုးသားများတွင် ကိုယ်ပိုင်တူရိယာပစ္စည်းများ ရှေးမဆွကပင် ရှိခဲ့သည်။ " ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်" ဟူ၍ တူရိယာပစ္စည်း အမျိုးအစားများကို စာလုံးအတိုကောက်ဖြင့် မှတ်တမ်းတင်ထားခဲ့ကြသည်။

"ကြေး"မှာ ကြေးဖြင့်ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ "ကြိုး"မှာ ကြိုးကို အသုံးပြု၍ ပြုလုပ်ရသော တူရိယာ ပစ္စည်းမျိုး၊ "သားရေ" မှာ သားရေကို အသုံးချ၍ ပြုလုပ်ရသော တူရိယာပစ္စည်းမျိုး၊ "လေ"မှာ လေကိုအသုံး ချရသောတူရိယာပစ္စည်းမျိုးဖြစ်ပြီး"လက်ခုပ်"မှာ လက်ခုပ်၊ ၀ါးလက်ခုပ်၊ သစ်လက်ခုပ် စသည်တို့ဖြစ်ပါသည်။
လေကိုအသုံးချ၍ ပြုလုပ်ရသော တူရိယာပစ္စည်းမျိုးတွင် ပလွေ (ခေါ်) ပြွီတစ်မျိုးလည်း ပါဝင်သည်။ ပြွီသည် ရခိုင်ပြည်နယ်၌ အခြား တူရိယာပစ္စည်းများ ထွန်းကားခဲ့သောအချိန်မှစ၍ ရှေးဟောင်း ပေဟောင်းများတွင် လည်း အထောက်အထား တွေ့ရှိရသည်။ မြောက်ဦးမြို့ရှိ ရှေးရုပ်တုများတွင် ပြွီမှုတ်ဟန်များကို ယနေ့တိုင် တွေ့ နိုင်ပါသေးသည်။

ရှေး ပဒေသရာဇ်မင်းများခေတ်က ပြွီသည် နန်းတွင်းထဲသို့ ပေါက်ရောက်ခဲ့သည်။ ရခိုင်ဘုရင် သီရိသုဓမ္မမင်း လက်ထက် ဦးရာဇ်တောင်မြို့ ၀န် ဘိသိက်ခံမင်္ဂလာ၌ ဧည့်ခံဖြေဖျော်ရာတွင် အခြားအခြားသော တူရိယာ များ နှင့်အတူ ပြွီလည်းပါဝင်ခဲ့ကြောင်းတွေ့ရှိရပေသည်။

စာဆိုဥက္ကာပျံ၏ ဆယ့်နှစ်ရာသီဘွဲ့မှ " ပိန်းပေါင်းခရာ၊ စည့်ဒုပ္ပာသည်၊ ပတ်သာမြို့လုံးချုံးမျှ၊ ကခြီမှုပတ္တ လား၊ စောင်းညှင်းပြွီသား တူရိယာလည်း၊ လူ့ရွာသဘင်များနှင့်"ဟူသော စာပိုဒ်ကိုထောက်လျှင် ရခိုင် တူရိယာများ ထဲတွင် ပြွီလည်းပါဝင်ကြောင်း တွေ့ရှိရမည်ဖြစ်ပါ သည်။

ရခိုင်ပြွီသံသည် နန်းတော် တစ်ဝိုက်၌သာ ပျံ့နှံ့ခဲ့သည် မဟုတ်၊ လယ်သမား၊ နွားကျောင်းသားများ၏ လုပ်ငန်း ခွင်၊ တဲကုန်များပတ်ဝန်းကျင်တွင်လည်း ပျံ့နှံ့ခဲ့သည်သာတည်း။ ကာလသားလူပျိုတို့ ချစ်တေးသီရာတွင် မပါမပြီးသော လက်စွဲတော်အဖြစ်လည်း ထာဝစဉ် အမှုထမ်းခဲ့သည်။ သာတောင့်သာယာနှင့် တကျော်ကျော် လွင်နေသော ရခိုင်ပြွီသံကို ကျေးလက်တောရွာများတွင် ယနေ့တိုင်ကြားနိုင် ပါသေးသည်။ ရှေးဟောင်းရခိုင် သာချင်းတစ်ပုဒ်တွင်.....

" အသူမှုတ်တေ လင်လုပ်ကေပုလွီ

ငရို့မောင်မောင် လတ်မှုတ်တေ။

လင်လုပ်ကေပုလွီ။

ဟူ၍ ပုလွီ(ပြွီ)မှုတ်ခြင်းအကြောင်းနှင့် ပတ်သက်၍ ဖွဲ့ဆိုခဲ့ကြကြောင်း တွေ့ရှိရပေသည်။ယင်းကြောင့် ပြွီသည် ရှေး ရှေးအခါကပင် ရခိုင်ပြည်သူတို့၏ လက်စွဲတော် တူရိယာ ပစ္စည်းတစ်ခု ဖြစ်ခဲ့ကြောင်း အကဲခတ်နိုင်ပေ သည်။

ရခိုင်ပြွီမျိုးများမှာ... ၁။တောင်ပြွီ၊  ၂။ ပြွီခေါင်း (ခေါ်) ဗြောင့်တောင်၊ ၃။ပြွီပြား၊ ၄။စံညင်းပြွီ(ခေါ်)သံညှင်းပြွီ (ခေါ်) အသီးပြွီနှင့် ၅။ တွာပြွီ ဟူ၍ ငါးမျိုးငါးစားရှိပါသည်။

တောင်ပြွီ

အလျား တစ်တောင်ရှိသည်။ လေဟားကို ဖယောင်းအဆို့ဖြင့် ပြုလုပ်ရသည်။ အိုးစည်ဝိုင်းနှင့် အခြားတီးဝိုင်း များတွင် တွဲသုံးလေ့ရှိသည်။ ပြွီလေးလုံး၊ ငါးလုံး၊ ခုနစ်လုံးစီ တွဲသုံးလေ့ရှိသည်။ စောင်းညှင်းပတ်သာ တူရိ ယာ စုံနှင့် တွဲမှုတ်လေ့ရှိသည်။ သာချင်းဆိုရာတွင် အသုံးများသည်။ တောင်ပြွီ ပြုလုပ်ပုံ ပြုလုပ်နည်းမှာ လည်း ၀ါး တစ်မျိုးမျိုးက အသုံးပြုရသည်။ ယင်းဝါးမျိုးမှာ အလွန်ရှားပြီး နဂိုအရောင်မှာ သစ်ရောင် သုတ်ထား သကဲ့သို့ ရှိသည်။ တောင်ပြွီမှာ အရှည်အားဖြင့်တစ်တောင်ရှိသည်။ လုံးပတ်မှာ ငါးမူးလုံးခန့်ရှိသည်။ ၀ါး၏ အလယ်ဗဟို မှ ၀ါးတစ်ပတ်အကွာအဝေးတွင် ပထမအပေါက်ကို စ၍ဖောက်ရသည်။ ပြွီတစ်ပေါက်နှင့် တစ်ပေါက် အကွာ အဝေး မှာ ၀ါးလုံးတစ်ပတ်၏ နှစ်ချိုးတစ်ချိုးရှိရသည်။ အပေါက်ခြောက်ပေါက်တန်း ၍ ဖောက်ရသည်။ နောက် ဆုံးအပေါက်နှင့် ပြွီအဖျားစွန်း အကွာအဝေးသည် ၀ါးလုံးတစ်ပတ် သို့မဟုတ် လက်လေးလုံးခန့်ရှိရသည်။ပထ မဆုံးပြွီ ပေါက်မှာ ၀ါးတစ်ပတ်၏ နှစ်ဆအကွာတွင် အချင်း၏နှစ်ပိုင်း တစ်ပိုင်းရှိ ဖယောင်းပေါက် (လေတားအ ပေါက်) ကို ဖောက်ရသည်။ ပြွီ၏အရင်းစွန်းသည် ဖယောင်းပေါက်မှ ၀ါးလုံး တစ်ပတ်၏နှစ်ဆအကွာအဝေး ရှိ ရသည်။ ဤတောင်ပြွီမျိုးကို ယခုအခါ မြောက်ဦးမြို့နှင့် ရခိုင်ပြည်အနှံ့ မှုတ်လေ့မှုတ်ထရှိသေးကြောင်း တွေ့ရှိ ရပါသည်။

၂။ ပြီခေါင်း (ခေါ်) ဗြောင်တောင်

ဖယောင်းအဆို့မပါဘဲ နှုတ်ခမ်းဖြင့် လေကိုချိန်၍ မှုတ်ရသော ပြွီမျိုးဖြစ်သည်။ ဘွဲ့၊ ရတု၊ ရကန်သီဆိုရာ၌ သုံး သည်။ အပေါက်ခြောက် ပေါက်ပါသည်။ တစ်ခါတစ်ခါ တောင်ပြွီနှင့်လည်း တွဲသုံးသည်။

၃။ ပြွီပြား

သစ်သားအဆို့နှင့် ကုလားပြွီကဲ့သို့ အရင်းမှပြားနေသော ပြွီမျိုးဖြစ်သည်။ တောင်ပြွီ၊ ပြွီခေါင်းများနှင့်လည်း တွဲ သုံးသည်။ ခြောက်ပေါက်ရှိသည်။ ဧချင်းဆိုရာတွင် သုံးလေ့သုံးထရှိသည်။ ရှေးယခင် မင်းများလက်ထက်က ဆိုလျှင် ဘိသိက်မင်္ဂလာပွဲ၊ ဂုဏ်ပြုပွဲများ တွင်လည်း သုံးလေ့ရှိခဲ့ကြသည်။

၎။ စံညှင်းပြွီ(ခေါ်) သံညှင်းပြွီ(ခေါ်) အသီးပြွီ

ဤပြွီမျိုးကို အမည်အားဖြင့် သုံးမျိုး သုံးစား ခေါ်ဝေါ်ကြသည်။ ဒေသအလိုက် ကွဲပြားခြင်း ဖြစ်သည်။ ညှင်းဘူး တောင်းကဲ့သို့သိမ်းလျှာကို တပ်ဆင်၍ မှုတ်ရသော ပြွီမျိုးဖြစ်၍ ၄င်းကိုစံညှင်းပြွီဟူ၍ခေါ်တွင် ပါသည်။သံညှင်း ပြွီခေါ်တွင်ခြင်းမှာ တစ်ချို့ဒေသ၌ သံခြေခေါင်းကဲ့သို့ သိမ်းလျှာကို တပ်ဆင်၍ မှုတ်သောကြောင့်ဖြစ်သည်။အ သီးပြွီဟု ခေါ်ရခြင်းမှာလည်း အထက်ဖော်ပြခဲ့သော ညှင်းဘူး တောင်းဝ၊ သံခြေခေါင်းကဲ့သို့ တချို့ဒေသတွင် သိမ်းလျှာကို အသီးပြွီပုံ တပ်ဆင်၍ မှုတ်သောကြောင့်ဖြစ်သည်။ ဤပြွီမျိုးတွင် ငွေပြားဖြင့် ပြုလုပ်သော လျှာ မျိုးကို အသုံးပြုသည်။ မှုတ်သည့် အပေါက်အရင်းဘက်မှ ပိတ်ထား၍ ဘေးအပေါက်မှ မှုတ်ရသည်။ တချို့မှာ အပေါက်ခုနစ်ပေါက် ဖောက်သည်။ များသောအားဖြင့် ခြောက်ပေါက်ဖောက်သည်။

ဧ၊အိုင်၊ သာချင်းသီဆိုရာတွင် အသုံးပြုသည်။ သိမ်း တွင် ဂုံးခွံ ခရခွံများကို သွေး၍ ပွတ်ပေးရသည်။ လေ လုံ အောင် ပျားရည်နှင့်ထုံးကိုရော၍ ပိတ်ရသည်။ အခြားအမျိုးအစား ပြွီမျိုးများနှင့်လည်း တွဲသုံးနိုင်သည်။ ဤပြွီ မျိုးကို တစ်မတ်လုံးခန့်ရှိ ၀ါးများနှင့် လုပ်လေ့လုပ်ထ ရှိသည်။ ဘင်္ဂလားအ၀ကျွန်းတွင်မူ ယနေ့ထိ ဤပြွီမျိုးကို အသုံးပြုနေသေးကြောင်း တွေ့ရှိရပါသည်။ ပြွီထဲတွင် အနူးညံ့ဆုံးပြွီတစ်မျိုး ဖြစ်သည်။

၅။ တွာပြွီ

အရှည်ဆုံး တစ်ထွာသာရှိသော တွာပြွီမျိုးဖြစ်သည်။ အပေါက်သုံးပေါက်ရှိသည်။ ခုနစ်ပေါက်ရှိသည့် မြန်မာပြွီ အမျိုးအစားနှင့် အဆင်တူသည်။ အခြားပြွီများနှင့်လည်း တွဲ၍မှုတ်နိုင်သည်။


ပြွီတစ်လုံးပြုလုပ်ပြီးသောအခါ ပြွီညှိသည်။ ပြွီစမ်းသည်ဟူ၍ရှိသည်။ ပြွီညှိရာတွင် အူသံညှိခြင်း၊ ကျူသံဖြင့် ညှိ ခြင်းဟူ၍ရှိသည်။ ပြွီညှိစမ်းရာတွင် အောက်ပါသာချင်းမျိုးတို့ဖြင့် ညှိစမ်းလေ့ရှိပါသည်။

"ချောင်းတစ်ဖက်က နီသူဆွရှိ ဖြူဆွရှိဖြူ။

အောက်ကိုရာဆင်း တုံဇာလုပ်တုံ ဇာလုပ်တုံ။

ကြက်လှောင်တုံ ကြက်လှောင်တုံ

အောက်ကိုရာဆင်း တုံကြက်လှောင်တုံ"

၁၉၆၁ခုနှစ်က ကျွဲကျောင်းသား သာချင်းကို ရေဒီယိုမှ အသံလွှင့်ရာတွင် စစ်တွေမြို့ရခိုင်ရိုးရာ စာပီအနု ပညာ မြှင့်တင်ရေးအဖွဲ့မှ ကိုရဲလှအောင်က တောင်ပြွီဖြင့် မှုတ်ခဲ့ပါသည်။ ကိုရဲလှအောင်မှာ ပြွီငါးမျိုးစလုံးကို ကျွမ်း ကျင်နိုင်နင်းစွာ မှုတ်တတ်သော စစ်တွေမြို့မှ ပြွီဆရာတစ်ယောက် ဖြစ်ပါသည်။ ၄င်းမှာ ယနေ့အထိ ပြွီများကို ကိုယ်တိုင်ကိုယ်ကြပ်ပြုလုပ်၍ ရခိုင်ပြွီများ မပျောက်ပျက်ရအောင် ထိန်းသိမ်းလျက် ရှိကြောင်းတွေ့ရှိ ရပါသည်။

ယင်းပြွီများကို အခြေခံကာ စစ်တွေမြို့ သက်ကြီးပူဇာဖြစ်မြောက်ရေးကော်မတီမှ (၁၉၆၈) ခုနှစ်တွင် ပြွီအက တစ်မျိုးကို တီထွင်၍ သက်ကြီးပူဇော်ပွဲ၌ ကပြခဲ့ပါသည်။ ယင်းပြွီအကတွင် တောင်ပြွီကိုအသုံးပြုခဲ့သည်။

တစ်ချိန်က ရခိုင်ပြည်နယ်အနှံတကျော်ကျော်လွင့်ခဲ့သော ပြွီသံများသည်မပျောက်စကောင်းဖြစ်၍ ညံလာနိုင် ရေးမှာ ရခိုင်အမျိုးသား တစ်ရပ်လုံး၏ တာဝန်သာဖြစ်ကြောင်း ရေးသားတင်ပြအပ်ပါသတည်း။


အနောက်သား(စစ်တွေ)

(၁၉၈၃နှစ်က ကွယ်လွန်သွားသော ကိုရဲလှအောင်အား ဤဆောင်းပါးဖြင့်ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။)

ရခိုင်သုတ (ရခိုင်မဂ္ဂဇင်းပါ ဆောင်းပါးများ) စာအုပ်မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment