ရက္ခိုင်အကများနှင့် ပျော်ပွဲသဘင်များ

၁။ ဒုံးကြမ်းအက 
၂။ ဒုံးယိမ်းအက 
၃။ ပင့်ကူအကခေါ်ရှေးဇာတ်နိပါတ်များကိုကပြခြင်းများ 
၎။ ငစည်အက 
၅။ ကြိုးတန်းလျှောက်တိုင်တက်အက၊(စကြော့စုအစို့သားများကကကြသည်။) 
၆။ နဂါးအက 
၇။ တိုးအက 
၈။ ဆံတောက်ပိုးအက 
၉။ ရှေးသူရုပ်မကြီးများအက 
၁၀။ရုပ်သေးအက 
၁၁။နတ်အက 
၁၂။၁၂ရာသီပွဲသဘင်များ


၁။ ဒုံးကြမ်းအက 

ဒုံးကြမ်းအက ဆိုသည်မှာ လူလတ်တန်း အရွယ်များတို့သည် အနည်းဆုံး ၂၅ ယောက်မှ အများဆုံး ၄၀ ၊ ၅၀
ထိ ၄ ယောက် တန်းစီ စီကာ ဇာတ်တော်ကြီး၊ နိပါတ်တော်ကြီး၏ အဖြစ်အပျက်များ၊ ရာဇ၀င်ရေးရာ အဖြစ် အပျက် များ၊ ဒဏ္ဍာရီပုံပြင် အဖြစ်အပျက်များတို့ကို စာဆိုတော်တစ်ဦးဦးကဖြစ်စေ၊ ကဗျာလင်္ကာစီကုံး ရေး သားတတ် သူတစ်ဦးကဖြစ်စေ စီကုံးရေးသားပြီး ခေါင်းဆောင်ပြုလုပ်ကာ တူရိယာ အစုံတို့ဖြင့် ကွက်စုံနင်း၍ ကပြသည်။ အတက် အဆင်းကဖြင်း၊ ကပြသောဝတ္ထုမှာ ပါသည့်အတိုင်း ထီးပုံနန်းပုံ၊ သစ်ပင်ပုံတို့ကို ပုံပေါ် အောင်ရုပ်လုံးဖော်က ခြင်း၊ယင်းကကွက်တို့တွင်သီဆိုသောအသံနှင့်ကိုက်ညီအောင်သရုပ်ဖော်၍ ကရသည်။ ရှေးအခါ ကပင် အစဉ် အဆက်ကလာကြသည်။ 

လွန်ခဲ့သောနှစ်ပေါင်း (၃၀)ခန့်လောက်ကစ၍ ဒုံးကြမ်းကိုပစ်ပြီးလျှင် ဒုံးယိမ်းကိုကလာ ကြသည်သာ များပြား လာသည်။ အဘယ်ကြောင့်ဆိုသော် ဒုံးကြမ်းမှာ ခြေနင်းတစ်ကွက်၊ လက်ခုပ် တစ်ချက်စီ မြှောက်၍ ကနေရာ
မှ ကုန်း၍တီးရသည်။ ထို့ ကြောင့် ပင်ပန်းသည်၊ ခက်ခဲသည်၊ ညောင်းညာသည်။ ယခုကပြမည့် ဆရာလည်း နည်းပါးလာမှုကြောင့် ကပြခြင်း နည်းပါးလာကြ သည်။ ၄င်းပြင်ယင်းဒုံး ယိမ်းမျိုးကို ဘုန်းကြီးပျံ၊ ဈာပန ပွဲတော် တို့မှတစ်ပါး အခြားအရာတို့၌ မကကြရချေ။ ယင်းအကမျိုးကို သက္ကရာဇ် ၈၉၀ ကျော်တွင် ဆရာတော် အဂ္ဂသိ ဉ္ဇေယျဈာပနပွဲတော်မှ အစပြု၍ ကလာကြသည်။ ယင်းအခါတွင် ရှေးရာဇ၀င်အရ မာရယုမင်း၏ ၀တ္ထုဒုံ ခြင်းကို သီဆိုကခုန်ကြ သည်။ ထို့ထက်ရှေးရှေးတွင် ဒုံးခြင်းသံဆိုကကြသည်ဟူ၍ မတွေ့ရသေး။ တွေ့ ကောင်း တွေ့ နိုင်လေမည်ဟူ၍ စုံစမ်းနေဆဲဖြစ်သည်။ ဘုရင်များ၊ မိဖုရားများ နတ်ရွာစံလွန်ပွဲတွင် စတင် ကပြနိုင်သည်။ စစ်ချီစစ်တိုက်၍ စစ်စည်သံညံလျက် ကပြနိုင်ရာသည်။ ထိုက အစပြုခဲ့မည်ဟု ယူဆကြသည်။ 


၂။ ဒုံးယိမ်းအက 

ဤ အကမျိုးသည် ဒုံးကြမ်းနှင့်အတူတူပင်ပေါ်ပေါက်လာခဲ့သည်။ ဇာတ်နိပါတ် ရာဇ၀င်အစရှိသည်တို့နှင့် နိုင်
ငံရေးရာအဖြစ် အပျက်တို့ ကိုလည်း ပါဝင်စီကုံးကြသည်။ ကကွက်တို့မှာ ဒုံးကြမ်းကဲ့သို့မဟုတ်ဘဲ ကွက်နင်း အက၊ အတက်အဆင်းအက၊ အနွဲ့အကဟူ၍ အမျိုးမျိုးကရသည်။ အဆိုတွင်လည်း အကနှင့်ညီအောင် ခွဲခြား ၍ဆိုရသည်။ အကတစ်ခုနှင့် တစ်ခု အဆုံးတွင်ဖြစ်စေ၊ အချိုးတစ်ခု အဆုံး တွင်ဖြစ်စေ၊ သံတိုင်သံချပ်မျိုး တို့
ကို သီဆိုရသည်။ ရှေးအခါကစ၍ ယနေ့ထိတိုင်အောင် ကခုန်ကြသေးသည်။ ဤအကမျိုးကို ဘုန်း ကြီးပျံပွဲ တွင် ဖြစ်စေ၊ အပျော်တမ်းကပွဲများတွင် ဖြစ်စေ ကနိုင်သည်။ ပါဝင်သောသူများကား ၂၀မှ ၄၀၊၅၀ ယောက် ထိကနိုင်သည်။ 


၃။ ပင့်ကူအကကဲ့သို့ ရှေးဇာတ်နိပါတ်များကို ကပြခြင်းအကများ 

ပင့်ကူအကမျိုးမှာ ဇာတ်တော်၊ နိပါတ်တော်များနှင့် တခြားဝတ္ထု များကိုလည်း ကပြကြသည်။ ရှေးခေတ် နန်း တွင်း အကသဘင်မျိုး ဖြစ်လေသည်။များသောအားဖြင့်ပင့်ကူကခေါ် ဘယကုမ္မာဇာတ်၊ ကော်ကာနူဇာတ်တို့ ကို ကခုန်ကြသည်။ ယခုအခါ ပထမကမ္ဘာစစ် ကြီး ပြီးဆုံးသည့်နေ့မှစ၍ ဘယကုမ္မာဇာတ်ခေါ် ပင့်ကူအက တစ်ခုကိုသာလျှင်အများအပြားကကြသဖြင့် ပင့်ကူကိုအစွဲပြုကာ ပင့်ကူအက ဟူ၍ခေါ်တွင်သည်။ယနေ့ ဒုတိ ယကမ္ဘာစစ်ကြီးပြီးဆုံးသည့်နေ့မှစ၍ လူအနည်းနယ်နှင့်သာမစုံမလင်ကခုန်ကြရပေသည်။ အစုံအလင် ကခုန် ရာ၌ လူပေါင်း၄၀ကျော်ခန့် ပါဝင်ကပြကြရပေသည်။ ကကွက်တီးကွက်တို့မှာ နန်းတွင်း ဇာတ်တော် ကြီး တို့ကို ကပြဘိသ ကဲ့သို့ သူ့နေရာနှင့်သူ အခန်းစုံ၊ ကကွက်စုံ၊ တူရိယာစုံ ကခုန်တီးမှုတ်ရသသည်။ ရခိုင်ပြည် အတွင်းတွင် လူအနည်းငယ် ဖြင့်ကခုန်ကြသော်လည်း ရက္ခိုင် အမျိုးသားနှင့်သွေးတူ သား ချင်းဖြစ်သော မြုံ ပြည်၊ သက်ပြည်၊ ဗိုလ်မင်းထောင်၊ ဖလန်ထောင်တို့၌ ကားဝတ်စုံစား စုံနှင့်ယနေ့ထိ ကခုန် ကြသေးသည်။

ယခုဖော်ပြပါ ပင့်ကူအကခေါ် ဘယကုမ္မာဇာတ်လမ်း အစမှ အဆုံးတိုင်အောင် ၂ ညကမှသာ ပြီးဆုံးသည်။ သာသနာတော်၂၅၀၀ပြည့်ဗုဒ္ဒနေ့တွင် ရက္ခိုင်ပြည်နယ်မြောက်ပိုင်း၊ ယခုချင်းဝိသေသတိုင်း ပလက်ဝစီရင်စု၊ ဒလက်မြေရွာတွင် အစုံအလင် ကခုန်ကြသည်။ တူရိယာများလည်း အစုံအလင်တီးမှုတ်သီဆိုကြသည်။ ယင်း နည်းတူတခြား ဇာတ်တော်ကြီးများကိုလည်း ကခုန်ကြသည်။ ဤအကမျိုးကို ဝေသာလီခေတ် စန္ဒရားမင်း ဆက် မှစ၍ ပေါ်ပေါက်လာသည်ဟူ၍ စကားအစဉ်အဆက်ရှိသည်။ 


၎။ ငစည်အက 

ငစည်အကဟူ၍ တွင်ခေါ်သည့် ငစည်အကဇာတ်ကွက်ဆိုလျှင် ပန်းတျားစည်သံတီးကွက်ဖြင့် ကရသော အက ဖြစ်သည်။ ငပြေငါး တက်သက်သံဟန်ဆို၍ ကရလေသည်။ ငါးငစည်(ငရှဥ့်)ရှာပုံဟန် ဇာတ်လမ်း ဖစ် ရာ ကား သက္ကရာဇ် ၁၀၀၀ပြည့်နှစ်တွင် မြောက်ဦး နန်းတော်၌ နန်းတွင်းအရှုပ်အထွေးများကို သတိရစေ သောငှာစာဆိုတော်ပညာရှိကြီးဦးဒိုးဝေက ရက္ခိုင်ဒဏ္ဍာရီများ(Folk Dance) တို့ကို ရပ်ရွာတိုင်းရှိ ကလေး သူ ငယ်တို့ကို သီဆိုကပြစေသည်။ ထိုရောအခါ နန်းတွင်းအရှုပ်အထွေးတွင် အဓိကပါဝင်သော မိဖုရားခေါင် ကြီးနတ်ရှင်မယ်က စာဆိုတော်ကြီး ဦးဒိုးဝေအားဖမ်းဆီးစေသည်။ စာဆိုတော်ကြီးရှောင် တိမ်းထွက်ပြေးကာ ရမ္မာဝတီ မြို့မှနေ၍ အကျယ်ချဲ့ကာ တစ်ညလုံးကပြနိုင်သည့် ကကွက်ကြီးတစ်ခုကို ကပြစေလေသည်။ ယင်းအခါကစ၍ ပေါ်ပေါက်ကပြလာကြသည်မှာ ယနေ့တိုင်အောင်ဖြစ်ပေသည်။ သို့သော် ၁၁၄၆ ခုနှစ်မှစ၍ လူများ စွာပါဝင် မ ကပြနိုင်ဘဲ တစ်ယောက်တည်းလုံးချင်းသာလျှင် ကပြနိုင်လေ သည်။ ကနည်းမှာ အဆိုနှင့်အက နှစ်ခုပါပြီး အတီးလွတ်အကမျိုး ဖြစ်လေသည်။ သို့သော်ပထမကလေးများ သီဆိုသော ပန်တျာချင်းတွင် စည် တော် များ၊ တီးကွက် များကို တီးနိုင်သည်။ ငစည်အက ဟူ၍ခေါ်တွင်ရခြင်းမှာ ယင်းနန်းတွင်း ဇာတ်တော်ကြီး၏ အဓိကမှာ ငစည်ကို အကြောင်းပြု ၍ဖြစ် ပျက်နေခြင်းကြောင့် ငစည်အကဟူ၍တွင်လေသည်။ 


၅။ ကြိုးတန်းလျှောက်တိုင်တက်အက (ရှေးက စကြောအကဟုဆိုသည်) 

ဤအကမျိုးမှာ ယခုကာလ အကဆပ်ကပ်ကပြပွဲတို့၌ ပြသကဲ့သို့ကြိုးတန်းလျှောက်ပြခြင်း၊ ၀ါးတစ်လုံး တည်း ကို လူတစ်ယောက်ထူထား၍ ယင်းဝါးလုံးထက် ကျွမ်းထိုးခြင်း၊ ကခြင်း၊ လွှဲခြင်းတို့ဖြင့် ကပြနေစဉ် အောက်၌
အ များ ၀ိုင်းအုံ၍သီဆိုတီးမှုတ်ကခုန်ကြသည်။မျက်လှည့်ပြပွဲနှင့်အဆင်တူသည်။ အခကြေး ငွေဖြင့်ကပြကြ သည်။ တစ်ဦးတစ်ယောက်က ကျွမ်းကျင်နားလည်သော ပုဂ္ဂိုလ် တို့ကို စုရုံး ကာ တစ်မြို့တစ်ရွာလှည့်လည်၍ ကပြ ကြခြင်းဖြစ်သည်။ယခုဤအကမျိုးကို ကပြလေ့မရှိကြပြီ။ 

၆။ နဂါးအက 

နဂါးအကမျိုးကို ၀ါကျွတ်ပွဲတော်၊ တန်ဆောင်တိုင်ပွဲတော်၊ ၀င်္ကပါပွဲတော်တို့နှင့် မင်းကြီး၊ စိုးကြီး၊ လူကြီး၊ သူ ကြီးတို့ ကြိုဆိုပွဲ တို့တွင် ကပြကသည်။ ဘုရားပွဲတော်တို့တွင်လည်း အခါအခွင့်သင့်လျှင် ကပြ ကြသည်။ ကပုံ က နည်း မှာပါးလွှာလှသော အ၀တ်ကိုပေ၁၀၀၊၂၀၀ ခန့်ရှည်သော နဂါးရုပ်ကြီးပြုလုပ်သည်။ ဦးခေါင်းပိုင်း တွင် ပျဉ်ပါးတို့ ဖြင့် နဂါးဦးခေါင်းနှင့် တူအောင်ပြုလုပ်သည်။ ဖျင်နှင့်ပြုလုပ်ထား သော အလယ်ဝမ်းဗိုက်တွင် ၀ါးခွေ များသွင်းထားသည်။ အခွေတစ်ခွေတွင် မီးထွန်းစရာတစ်ခုစီထား၍ မီးထွန်း သည်။ ၄င်းကိုဒေါက်များ ထောက်သည်။ ဒေါက်တစ်ဒေါက်လျှင် လူတစ်ယောက်စီ ကိုင်တွယ်ရသည်။ ဦးခေါင်းကို ခွန်အားကြီးမား၍ က မှုကို ကျွမ်းကျင်သော လူတစ်ဦးသာကိုင်ရသည်။ ဦးခေါင်းမှာမြင့်ချည် နိမ့်ချည်နွဲ့ပျောင်း၍ ကပြီးလျှင် ၀မ်းဗိုက် လူတို့သည် တွန့်၍ တွန့်၍ကရသည်။ အမြီးပိုင်းကို ကိုင်ထားသော သူမှာ ပြင်းပြင်းထန်ထန် ပြေးလွှားနေ ရ သည်။ ယင်းလူသည် ပုတီး၊ ဒေါက်ချာဆောင်းလျက် အလမ္ပာယ် သမား၊ ရသေ့ဇော်ဂျီ အ၀တ်အစားများကို ၀တ်ဆင်ကာ အမြီးကို ကိုယ်၌ တစ်ပတ်ပတ်၍ နဂါးကြီးကို ထိန်းသိမ်းစောင့် ရှောက်လျက် ကခုန်ရသည်။ ထို ရောအခါ ၀မ်းအလယ်အဆစ်တို့၌ ညအချိန်တွင် မီးထွန်းညှိထား သည်။ ပါးစပ်ထဲအတွင်းတွင်လည်း မီးထွန်း ထားသည်။ ယင်းမီးတွင် အောက်မှ နေ၍ဇော်ဂျီ အ၀တ်တို့ဖြင့် ၀တ်လျက်ရှိသော အလမ္ပာယ်တစ်ဦးက ၀ါး ခြမ်း ရှည်ကြီးကို လက်တစ်ဖက်ဖြင့်ကိုင်ကာ အခြားလက်တစ်ဖက်မှ (ပွဲလျက်) မှုန့်ကို နဂါးပါးစပ်တွင်းရှိ မီး တွင်းသို့ကျအောင် ပစ်ချလိုက်သော အခါ တစ်လံနှစ်လံမျှ အခန့်ရှိသော နဂါးမီးလျှံသည် ဟုန်းဟုန်းတောက် လောင်လာ၏။ 

ဤကဲ့သို့ နဂါးမီးလျှံတောက်၍ ကရာတွင် အိုးစည်ဗုံမောင်းတို့ကို တစ်ပြိုင်တည်းတီးမှုတ်ကာ နဂါးနှင့်စပ် လျဉ်းသော သံချပ်ကြီးကို သီဆိုရ၏။ ယင်းနဂါးကြီးကိုက၍ အကောက်တစ်ထောင်ရှိသော ၀င်္ကပါပွဲတော် ကီး ကို လှည့်လည်ပြီးမှ ၀င်္ကပါတွင်ရှိသော ဘုရားကြီးကိုနောက်ဆုံးရှိခိုးရသည်။များသောအားဖြင့် ညပိုင်းတို့ တွင် ကကြသည်။ ယနေ့တိုင်အောင်ကခုန်ကြသေး၏။ 


၇။ တိုးအက 

တိုးအကဆိုရာ၌ တိုးနယားရုပ်စုံကို တူအောင်ပြုလုပ်ပြီးလျှင် အတွင်း၌လူဝင်ကာ ကကြသည်။ တိုးဖိုမ အစုံစီ ပြုလုပ်၍ ကကြသည်။ အဆိုမှာသံချပ်ကြီးကိုဖြစ်စေ၊ တခြားကဗျာတစ်ခုကိုဖြစ်စေ တိုးနှင့်စပ် ဆိုင်အောင်သီ ကုံး၍ဆိုရသည်။ တိုးရုပ်တို့မှာ ပါးစပ်နှင့်နားရွက် တို့တွင် အတွင်းကြိုးတပ်ကာ ပါးစပ်ကို ဟချည်ပိတ် ချည် နား ရွက်ကိုလည်း လှုပ်ကာလှုပ်ကာ ကကြသည်။ အတီးအမှုတ်တို့မှာ အိုး စည်နှင့် သံချပ်ကြီး ဘွဲ့ကြီးတို့ ကို သီဆိုတီးမှုတ်သည်။ များသောအားဖြင့် ဘုရားပွဲတော်တို့၌သာ ကပြကြသည်။ 


၈။ ဆံတောက်ပိုးအက 

ဆံတောက်ပိုးအကဟူရာ၌ လူတစ်ယောက်ကိုမိန်းမပျိုရွယ်ဆင်ကာ ၄င်း၏ရင်ဘတ်မှာ သစ်သားဖြင့် ပြု လုပ်သော အဘိုးကြီးရုပ်တစ် ခုကို ကပ်ထားသည်။ နောက်ကျောတင်သားမှာ မိန်းမတင်အုံတစ်ခုကိုတင် ထားသည်။ ရှေ့ပိုင်းခါးမှာ မိန်းမခြေထောက်နှစ်ခုထွက် ပြီးလျှင် အဘိုးကြီးက ထမ်းထားရ သည်။ စေ့စေ့ ကြည့်မှ သာမိန်းမှနှင့်အဘိုကြီးခွဲခြား၍ သိနိုင်သည်။ ဖြုတ်ချည်းကြည့်သော် အဘိုးကြီး တစ်ဦးမိန်းမပျိုကို ထမ်း၍ ကနေ သည်ဟုမြင်ရသည်။ အိုးစည်ဗုံမောင်းတို့ကိုတီးလျက် အဘိုးကြီးနှင့်မိန်းမပျိုစပ်လျဉ်းသော သံချပ် တို့ကို သီဆိုတီး မှုတ်ကခုန်ကြသည်။ယနေ့တိုင်အောင် ပျော်ပွဲရွှင်ပွဲများ၌ ကခုန်ကြသည်။ 


၉။ ရှေးသူရုပ်ကြီးများအက 

ဤအကမျိုးမှာ ရှေးဟောင်းအဘိုးအိုနှင့် အဘွားအိုအရုပ်များကို နှီးဖြင့်ရက်လုပ်ပြီး အပြင်၌ အဘိုး အို နှင့်တူ အောင်ဝတ်စားပြီးလျှင် အတွင်း၌လူဝင်ကာကကြသည်။ အိုးစည် ဗုံမောင်းတီးကြသည်။ အဘိုး အိုနှင့် စပ်လျဉ်း သောသံချပ်ကြီးများကိုပင် သီဆိုကြသည်။ များ သောအားဖြင့် ရက္ခိုင်တို့၏ ဆယ့်နှစ်ရာသီ ပွဲတော်အတွင်း တပို့တွဲလ ရထားပွဲတော်တွင်ကကြသည်။ ရံဖတ်ရံခါ ဘုရားပွဲတော် ပျော်ပွဲရွင်ပွဲ၌လည်း ကကြသည်။ ယနေ့ တိုင်ရှိသေး၏။ 


၁၀။ ရုပ်သေးအက 

ယမင်း(ညီးမင်း)ရုပ်က အစပြု၍ ရုပ်သေးစတင်အခြေခံလာရင်းဖြစ်သည်။ သက္ကရာဇ်၉၀၀ကျော်တွင် မြောက် ဦးမင်းဆက်၌ မင်းဖလောင်းကြီးသည် ဦးရာဇ်တောင်စေတီကြီးကို တည်ထား ရာတွင် ယင်းဘုရား ပွဲ တော်၌ ပြသရန်အလို့ငှာ ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ်နိပါတ်တော် လာ ဇာတ် တော်ကို ပန်းပုဆရာတို့အား ထုလုပ်စေပြီးလျှင် ဖြစ်ဟန်ပျက်ဟန်တို့ကို ကပြစေသည်။ ယင်းအခါ ကစ၍ ရုပ်သေး ဟူ၍ဖြစ်ထွန်း လာသည်။ ရခိုင်ထီးနန်းပြတ်ပြီးနောက်မှစပြီး လျှင်မြန်မာနိုင်ငံမှ ရုပ်သေးများသာလျှင် လာ ရောက်ကပြသည်။ရခိုင်၌ မရှိ ပြီ။ 


၁၁။ နတ်အက 

လေးကျွန်း တမြင်းမိုရ် ကမ္ဘာကြီးတည်ဟန် နတ်ဗြဟ္မာများ သက်ကျလာဟန်၊ ကမ္ဘာလောက၌ လူများဖြစ် ထွန်း လာဟန်မှစ၍ နတ်ဒေ၀ တာများကို ပူဇော်လာခဲ့ရခြင်းများကို သရုပ်ဖာ် ကပြလာခဲ့ရသော အကဖြစ် သည်။ 

နတ်အကသည် ရှေးရှေးဘုရင်မင်းမြတ်တို့၏ တစ်နှစ်တစ်ကြိမ် ဗလိနတ်စာပူဇော်ပွဲများတွင်လည်းကောင်း၊ မြို့ရှင်၊ ရွာရှင်၊ကျွန်းရှင်၊ အိမ်ရှင်ပသမှု ပူဇော်ပွဲတို့တွင်လည်းကောင်း ကခုန်ကြသည်။ နတ်ကတော် ၃၀-၄၀ မှအစ အများဆုံးတိုင်အောင် မိမိတို့၏ နတ်ပွဲနှင့် လိုက်လျောညီစွာ ဖွဲ့နွဲ့သီဆိုကြသည်။ ယင်းအခါပန်းတျား ဆရာတို့က နတ်စည်ပန်းတျားတို့လည်ပင်းမှာဆွဲကာ ယင်းနတ်နှင့်ဆိုင်သော စကားတို့ကိုသီဆိုလျက် တီးကြ သည်။ ပန်းတျားဟူရာ၌ စည်ရှင်ကြီးတစ်မျိုးကို အလွန်မာသော အစာတို့ဖြင့်တင်၍တီးကြသည်။ ပိတောက် သားကိုထွင်းထားသောပန်းတျားတွင် ဆိတ်အရေကိုကြက်၍ တီးမှသာလျှင် ပန်းတျားအသံမြည် ၏။ ယင်းအ သံကိုကြားလျှင် နတ်ကတော်တို့သည်ထိုင်၍မနေနိုင်လောက်အောင် ထကကြရသည်။ အလွန်စိတ်နှလုံးကို ထိခိုက်သောပန်းတျားမျိုးဖြစ်သည်။ ယနေ့တိုင်အောင် နေရာအနှံ့အပြားတို့၌ အကြီး အကျယ်တီးမှုတ် ကခုန် ကြ၏။ 

၁၂။ ၁၂-ရာသီပွဲတော်အကများ 

(၁) တန်ခူးလ                      အတာသင်္ကြန်၊ ရေသွန်းပွဲ၊ ဘုရားရေသပ္ပာယ်ပွဲ၊ လှေပြိုင်ပွဲ ။ 

(၂) ကဆုန်လ                     ညောင်ရေပွဲ။ 

(၃) နယုန်လ                       မဟာပိန္နဲနတ်ပွဲနှင့်ကိန္နရီဖိုမကပွဲ၊ ဗလိနတ်စာကျွေးပွဲ၊ 
                                       ရွာရှင်၊ အိမ်ရှင်၊ ကျွန်းရှင်၊ နတ်တက်ပွဲ။ 

(၄) ၀ါဆိုလ                        ပဉ္စင်းခံပွဲ၊ ဓမ္မစကြာရွတ်ပွဲ။ 

(၅) ၀ါခေါင်လ                     စာရေးတံဆွမ်းပွဲ။ 

(၆) တော်သလင်းလ              လှေပြိုင်ပွဲ၊ ရေနန်းသဘင်ပွဲ၊ ကရ၀ိတ် ဖောင်တော်အက။ 

(၇) ၀ါကျွတ်                        သက်ကြီးပူဇော်ပွဲ၊ ဆီမီးမြင်းမိုရ်ပွဲတာဝတိံသာစူဠာမဏိပွဲ၊ ထမင်းထောင်၊  
                                       ဟင်းထောင်၊ ပန်းထောင်၊ ဆီမီးထောင်ပွဲ။ 

(၈) တန်ဆောင်မုန်းလ           ကထိန်ပွဲ၊ မေတ္တယျသုတ်တက်ပွဲ၊ ကောင်းကင်ဆီမီးညှိပွဲ။ 

(၉) နတ်တော်လ                 ဆင်ခင်းသဘင်ပွဲ၊ မြင်းခင်းသဘင်ပွဲ။ 

(၁၀) ပြာသိုလ                    မီးပုံးကြာသွတ်အိုးပွဲ။ 

(၁၁) တပို့တွဲ                      ရထားငင်ပွဲ၊ ရာဂုပွဲ၊ မီးပွဲ။ 

(၁၂) တပေါင်း                    သဲပုံစေတီပွဲ၊ ပင်လယ်ပွဲ၊ ဘုရားပွဲတော်များ၊ လှေပြိုင်ပွဲ။ 
 
ဤ ၁၂-ရာသီပွဲတော်တို့တွင် နယုန်လ၌ ကိန္နရာကိန္နရီတို့၏ ဇာတ်တော်လာ အဖြစ်အပျက်တို့ကို ကခုန်ကြ သည်။ သဘင်ပွဲတော်တွင် ဆင်မြင်းတို့ကို စီးလျက်သိုင်းအက၊ ကျိုင်အကတို့ကို ကပြကြသည်။ ထိုမှတပါး ကြွင်း သောကာလတို့တွင်ပွဲတော်နှင့် လိုက်လျောညီစွာ ဆင်ယင်ကျင်းပကခုန်ကြသည်။ ထိုမှတစ်ပါးအခြား အက အခုန်များကိုယနေ့တိုင်အောင် သုတေသနလေ့လာခြင်းဖြင့် ဆန်းစစ်ရှာဖွေ နေဆဲဖြစ်သည်။ ကဟန် ခုန်ဟန်များ ကို ရှေးဟောင်းပုထိုးတော်ကြီးများအတွင်း ရုပ်လုံးရုပ်ကြွတို့ကို ကြည့်ရှုခြင်းအားဖြင့် သက်သေ ယုတ္တိရသည်။ တူရိယာအမျိုးမျိုးတို့ကိုလည်း ယင်းဂူကြီးအတွင်းတို့၌ပင်ရှိသည်။ 

အသျှင်စက္ကိန္ဒ 

(ရခိုင်ယဉ်ကျေးမှုများ အမှတ်(၅)-အသျှင်စက္ကိန္ဒ) စာအုပ်မှကူးယူဖော်ပြပါသည်။

No comments:

Post a Comment