တစ်ထောင်စီတန်သော စကားသုံးခွန်း

ရှေးအခါက ဂဏအမည်ရှိသော လူငယ်တစ်ယောက်ရှိလေသည်။ ၄င်းသည် တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ယူခဲ့လေသည်။ ဆရာကြီးက တပည့်ဖြစ်သူ ဂဏကို စကားကြီးသုံးခွန်းကိုသာ သင် ပေးလေသည်။ ထိုစကားသုံးခွန်းကား...

(၁) အဆိုးကို အကောင်းလုပ်၍မရ။

(၂) အကောင်းကို အဆိုးလုပ်၍မရ။

(၃) ဟုတ်သည်-မှန်သည်၊ နင့်အကြံ-ငါသိသည် ဟူ၍ ဖြစ်လေသည်။

ထိုစကားသုံးခွန်းမှာ တစ်ခွန်းလျှင်အသပြာတစ်ထောင်စီ တန်ဖိုးရှိလေသည်။ထို့ကြောင့် အသပြာတစ်ထောင် စီဖြင့် ရောင်းစား၍ အသက်မွေးလေလော့ဟု ပြောဆိုမှာကြားလိုက်၏။

ဂဏသည် ဆရာကြီးထံမှ ဖယ်ခွာလျက် မြို့တစ်မြို့အနီးတွင် နေထိုင်ခဲ့လေ၏။ ဆရာမှာထည်းသည့်အတိုင်း ထိုစကားသုံးခွန်းကို လှည့်လည်ရောင်းချမှု ပြုခဲ့လေ၏။ "စကားပါသည်၊ စကားရောင်းသည်။"ဟု အော်ဟစ် ကြော်ငြာလေသော် ပြည့်ရှင်မင်းက နန်းရင်ပြင်မှ ကြားသိလေ၏။ ထို့ကြောင့် မှူးမတ်တို့အားခေါ်စေပြီး ရှေ့ တော်သို့ ၀င်ခွင့်ပြုလေ၏။

ဘုရင်မင်းက "စကားရောင်းသည်ဆိုရာ မည်မျှတန်ဖိုးရှိသည်၊ မည်မျှပေးရမည်၊ စကားက မည်မျှဖြစ်သည်" ကို မေးမြန်းလေ၏။

ဂဏလည်း "စကားသုံးခွန်း ရောင်းရန် ပါရှိပါသည်။ အသပြာတစ်ထောင်စီ ပေးဝယ်ရပါမည်"ဟု လျှောက် တင်လေ၏။ ထိုအခါ ဘုရင်မင်းက တန်ဖိုးရှိသော စကားဖြစ်၍ အကျိုးလည်းဖြစ်ထွန်းနိုင်စရာရှိမည်ဟု ယုံ ကြည်ကာ အသပြာသုံးထောင်ပေး၍ ၀ယ်ယူခဲ့လေ၏။

ဘုရင်မင်းသည် ထိုစကားတို့ကို စမ်းသပ်ကြည့်ချင်ရာကား ပထမစကားတစ်ခွန်းကို ဟုတ်နိုင် မဟုတ်နိုင် ဦးစွာစီစဉ်လေ၏။ ထို့ကြောင့် ဘုရင်မင်း၏ သမီးတော်နှင့် သူခိုးဓါးပြတစ်ယောက်ကို လက်ထပ်ပေးစား လိုက်လေ၏။ ထို့ပြင် နန်းတော်၌ ကောင်းစွာထားလျက် ၀တ်စားတန်ဆာ ကောင်းစွာ ပေးထားလေသည်။

ဘုရင်မင်း၏ သားမက်တော်သည် ပင်ကိုယ်ရင်း စိတ်ဓါတ်ကို မဖျောက်နိုင်ရာကား မကြာခင် ခိုးလိုမှု၊ ဓါးပြ တိုက်လိုမှု ဆန္ဒဖြစ်လာခဲ့လေ၏။

တစ်နေ့သ၌ မယားမသိစဉ် နန်းတော်မှ တိတ်တဆိတ်ထွက်ခွာလျက် ဓါးပြတိုက်မှု ပြုခဲ့လေသည်။ ထိုအခါ ပြည်သူတို့က လက်ရဖမ်းဆီးလေသဖြင့် ဘုရင်မင်းထံ အပ်နှံခဲ့ကြလေ၏။ ဘုရင်မင်းလည်း အမျက်တော် မရှိဘဲ "အဆိုးကို အကောင်းလုပ်၍မရ ဟူသောစကားသည် မှန်ကန်ပေသည်"ဟု သတ်မှတ်ယုံကြည် ခဲ့လေ သည်။

ထိုနောက် ဒုတိယစကားခွန်းကို ဟုတ်မှန်အံ့လောဟု စုံစမ်းမှုပြုလေသည်။ ဘုရင်မင်း၏သားတော်နှင့် ဘိန်း စားသမီးတစ်ယောက်ကို လက်ထပ်ပေးစားစေ၏။ ထိုအခါ ယောက္ခမဖြစ်သူ ဘိန်းစားက မိမိနည်းတူ ဘိန်း စားဖြစ်စေရန် သမက်အား ဆွဲဆောင်ဖြားယောင်း လာခဲ့လေ၏။ သမက်တော်မှာ ဘိန်းမစား အရက် မသောက် တတ်ရာကား ယောက္ခမအလိုသို့ မလိုက်ဘဲ ရှိနေလေသဖြင့် ခြိမ်းခြောက်မောင်းမဲလျက် အတင်း အဓမ္မ သိမ်းသွင်းပြန်လေ၏။ ထို့ကြောင့် သမက်တော်လည်း ရုန်းကန်ထွက်ပြေးကာ ရသေ့ရဟုန်း ပြုသွား ခဲ့လေ၏။

မှူးမတ်တို့က "သားတော်သည် ဘိန်းစားမဖြစ်လိုပါ၍ ယောက္ခမအကျင့်ကို မလိုက်နိုင်သဖြင့် ထွက်ပြေးသွား ပါလေပြီ"ဟု ဘုရင်အား တင်လျှောက်ခဲ့ကြလေ၏။

ထိုအခါ ဘုရင်မင်းက "အကောင်းကို အဆိုးလုပ်မရဆိုသည်မှာ မှန်ကန်လှပေသည်။"ဟု ယုံကြည်ခဲ့ရလေ၏။

ထို့နောက် တတိယစကားခွန်းကို စုံစမ်းရန် စိတ်ဖြစ်လာခဲ့လေ၏။ ထိုအချိန်တွင် ဘုရင်မင်း၏ မိဖုရားနှင့် ဆတ္တာသည်(လက်သာ-ခေါင်းရိတ်သူ)သည် ချစ်ကြိုက်မှု ဖြစ်နေလေ၏။ တစ်နေ့သ၌ ဘုရင်မင်း၏ ဦးခေါင်း တွင် အနာပေါက်ခဲ့လေ၏။ ထိုအခါ မိဖုရားက အကြံအစည်ဖြင့် ဘရင်အား "ဆံပင်ကိုရိတ်၍ ဆေးတင်မှ အနာသက်သာ ပျောက်ကင်းပါမည်"ဟု လျှောက်တင်ခဲ့လေ၏။

ဆတ္တာသည်ကိုလည်း "ယနေ့ ဘုရင်ကို ဆံပင်ရိတ်ရန်ရှိသည်။ သင်နှင့်ငါ ပေါင်းသင်းနိုင်ရန် ရှင်ဘုရင် လည်ပင်းကို ဖြတ်လှီးစီရင်ပါလော့"ဟု စကားထည့်သွင်း ပေးထားခဲ့လေ၏။ ရှင်ဘုရင်သည် နံနက်ပွဲတော်စာ စားသုံးပြီးလဆင် ဆံပင်ရိတ်ရန် ဆတ္တာသည်ကို ခေါ်စေလေ၏။ ဆတ္တာသည် ရောက်လေသော် အဆောင် တော်သို့ သွင်းလေ၏။ ထို့နောက် ဦးတော်ကိုညွတ်လျက် ဆံပင်ရိတ်ခံလေ၏။ ဆတ္တာသည်,သည် ဘုရင်အား အရိုအသေပြုဟန်ဆောင်လျက် ဆံပင်ရိတ်ရန် စီစဉ်လေ၏။ မိဖုရား အကြံပေးထားသည်ကိုလည်း သတိရ လျက် ရှိနေလေ၏။ ထို့ကြောင့် အခွင့်အခါသင့်ပြီဟု ယုံကြည်လျက် ဘုရင့်လည်ပင်းကို ဖြတ်လှီးရန် တွေး တောမှုပြနေ၏။ ထိုအခိုက်မှာပင် ဘုရင်မင်းသည် နှုတ်က အမှတ်တမဲ့ ရွတ်ဆိုမိလေ၏။ "ဟုတ်သည်၊ မှန် သည်၊ နင့်အကြံ- ငါသိသည်"ဟူ၍ ရွတ်ဆိုလေသည်။

ထိုအခါ ဆတ္တာသည်မှာ "ငါ့အကြံကို ရှင်ဘုရင် သိရှိသွားပေပြီ"ဟု မှတ်ထင်သွားခဲ့လေ၏။ ထို့နောက် ကြောက်ရွံ့ခြင်းကြီးစွာဖြင့် "အရှင်မင်းကြီး သည်းခံတော်မူပါ၊ ကျွန်တော်မျိုးအကြံအစည် မဟုတ်ရိုး အမှန်ပါ၊ အရှင်မင်း၏မိဖုရား ရှင်ဘုရင်မ၏ အကြံအစည်သာ ဖြစ်ပါသည်။ ရှင်ဘုရင်မသည် အရှင့်ကိုထား၍ ကျွန် တော်မျိုးကို လိုလားနေပါသည်။ ထို့ကြောင့် ဘုရင်မက ကျွန်တော်မျိုးနှင့် အတူတူနေနိုင်ရန်ဆိုကာ အရှင် မင်းကြီးကို ကြံစည်စေခဲ့ပါသည်။ အရှင်မင်းကြီးကို ခေါင်းရိတ်စဉ်ကာလ လည်ပင်းကို ဖြတ်လှီးလိုက်ရန် အကြံပေးခြင်းဖြစ်ပါသည်။ မိဖုရား၏ ကြံစည်ခြင်းသာလျှင် ဧကန်ဖြစ်ပါကြောင်း" တင်လျှောက်လေသည်။

ထိုစကားကို ကြားရလေသော် ရှင်ဘုရင်လည်း "တကယ် အဖိုးတန်ပေသည်။'ဟုတ်သည်၊ မှန်သည်၊ မင်း အကြံ ငါသိသည်' ဟူသောစကားသည် ယခု ငါဘုရင်အသက်ကိုပင် ကယ်တင်နိုင်ပေသည်။ စကားရောင်း သူပြောသည့်အတိုင်း တကယ်ပင် ဟုတ်မှန်ကြောင်းကို ကိုယ်တိုင်သိရပေပြီ"ဟု ယုံကြည်လာခဲ့ရလေ၏။ ထို အခါမှစ၍ ဘုရင်ကြီးသည် ထိုစကားသုံးခွန်းကို တလေးတစား ပြုလာခဲ့သည်။ အသပြာ တစ်ထောင်စီပေး၍ ၀ယ်ယူထားလိုက်ရခြင်းအတွက် ကျေနပ်နှစ်သိမ့်ခဲ့ရလေ၏။ ဘုရင်ကို သေကြောင်းကြံစည်သော မိဖုရားကို ကား နန်းတော်မှ နှင်ထုတ်လိုက်လေ၏။ ဆတ္တာသည်ကိုမူ စစ်သည်တော်ရာထူးသို့ ပေးအပ်ခန့်ထား ခဲ့လေ ၏။ စကားကုန်သည် စကားရေင်းလာသူ ဂဏကိုလည်း ကျေးဇူးဆပ်လေ၏။ အိမ်ရှေ့မင်းရာထူးကို ချီးမြှင့်၍ နန်းတော်၌ ခေါ်ယူထားရှိလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များမှ-)

No comments:

Post a Comment