မိညို

မိညိုသည် အင်းဝရောက် ရခိုင်အမျိုးသမီး နန်းတွင်းစာဆိုတော် အဖြစ်ထင်ရှားခဲ့သည်။ သက္ကရာဇ် (၉၁၃) ခု နှစ် အင်းဝနန်းတက်သောနရပတိစည်သူမင်း လက်ထက်တွင် နန်းတွင်းစာဆိုတော်အဖြစ် အမှုထမ်းခဲ့သည်။ မိညိုသည် အင်းဝနန်းတွင်း၌ စာဆိုပြိုင်ဖက်ဖြစ်သော နန်းတွင်း မိဖြူနှင့် အပြိုင်ဆိုရသည်။ ယင်းသို့အပြိုင်ဆို ရင်း ကိုယ်ရည်သွေးရတုကို ဖွဲ့ဆိုခဲ့သည်။ မိညိုသည် အင်းဝသို့ မည်သို့မည်ပုံ ရောက်ရှိသွားခဲ့သည်ကို မသိရှိ ရပေ။ ထိုကဗျာအရ ၄င်းသည် ငါးပါးသီလကို စောင့်ထိန်းသူဖြစ်ကြောင်း၊ သူတစ်ပါးကို မနှီပ်စက်၊ မာန်ထွက် တတ်သူ၊ သူတစ်ပါးစိတ်ချမ်းမြေ့အောင် ရတုကဗျာ ဖွဲ့ဆိုသူဖြစ်ကြောင်း ဖွဲ့ဆိုခဲ့သည်။ မိညို၏ ကဗျာဥာဏ် ရည်နှင့် စိတ်ဓါတ်အရည်အသွေးကို ကောင်းစွာ အကဲခတ်နိုင်သော ရတုတစ်ပုဒ်ပင်ဖြစ်သည်။

"တောင်တွင် မြင့်မိုရ်၊ ကျွန်ုပ်ဆိုသား၊ ရေညိုရစ်သန်း၊ ရဲလျက်ဝန်း၍၊ ဘေးကျွန်းအလယ်၊ လေးသွယ်ခြည် ရောင်၊ တပြောင်ပြောင်နှင့်၊ ဘုန်းခေါင်အထွဋ်၊ သုံးလူနတ်တို့၊ မချွတ်မေတ္တာ၊ ဘိဓမ္မာကို၊ မှန်စွာအခေါင်၊ ကြာ လွှမ့်ဆောင်သည်၊ တောင်တွင်မြင့်မိုရ် သာတကား။

စည်တွင် ဗဟိုရ်၊ ကျွန်ုပ်ဆိုသား၊ ခါကိုသိစေ၊ ရှစ်ကြိမ်နေ့ဖြင့်၊ ချက်ရေမရွှေ့၊ တီး ဓလေ့ကား၊ ညဥ့်နေ့နာရီ၊ ခြောက်ဆယ်စီလျှင်၊ ချက်ချီလည့်ကျူး၊ ညဥ့်သီးသန်ကောင်၊ သောက်ရောင်မိုးသောက်၊ မွန်းတည့်ရောက်က၊ ၀မ်းမြောက်ရွှင်လန်း၊ လူရဟုန်းတို့၊ ထက်ဝန်းဖူးမြင်၊ သိစီရင်သည်၊ စည်တွင်ဗဟိုရ်သာတကား။

နန်းတွင်းမိညို၊ ကျွန်ုပ်ဆိုသား၊ မှောင်ကိုပယ်လင်း၊ ဆီမီးဝင်းသို့၊ သီတင်းငါးမည်၊ သီလတည်လျက်၊ လှရည် ညက်သေး၊ ပြေး၍မဆို၊ သူ့ကိုနှိပ်စက်၊ မာန်မထွက်တည့်၊ ၀ှန်တတ်ပညာ၊ လင်္ကာရတု၊ ဆိုမှုအရွ၊ ကြားက စိတ်ဝမ်း၊ သူ့နားချမ်းလိမ့်၊ စွဲလမ်းထိုတွင်၊ တောင်နှယ်ထင်သည်၊ နန်းတွင်း မိညိုသာတကား။"

ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)

ရခိုင်စာဆိုတော်များ စာအုပ်မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment