နတ်မြင်းပျံနှင့်မင်းသားငယ်

ရှေးအခါက ဘုရင်တစ်ပါးတွင် သားတော်ခုနစ်ယောက် ဖြစ်ထွန်းခဲ့သည်။ ထိုမင်းသားတို့အား ခမည်းတော် နန်းတော်တွင်းရှိ ပန်းဥယျာဉ်၌ ကြည့်ရှုရန် တာဝန်ချပေးထားလေ၏။ ထိုပန်းဥယျာဉ်ကို နတ်မြင်းပျံများက လာရောက် စားသောက်ကြသောကြောင့် အစောင့်အနင်းထား ခဲ့ရခြင်းဖြစ်လေသည်။

ဘုရင်ကြီးသည် နန်းတွင်းဥယျာဉ်မှ ပန်းများကို အမြတ်တနိုးပြုလျက် ဘုရားတင်လှူ ပူဇော်လေသည်။ ပထမ တွင် သားတော်ကြီးကို စောင့်စေရာ အိပ်ပျော်ခဲ့သဖြင့် ပန်းများ အစားခံသွားရလေသည်။ အလားတူ ကျန်ငါး ယောက် စောင့်စဉ်လည်း အိပ်ပျော် သွားခဲ့ကြလေ၏။ ထို့ကြောင့် ခမည်းတော်အား ပန်းမဆက်သနိုင်ဘဲ ရှိ လာခဲ့ရလေသည်။

နောက်ဆုံးအလှည့်တွင် သားငယ် တာဝန်ကျရောက်ခဲ့လေ၏။ ၄င်းသည် အိပ်ပျော်မသွားစေရန် လက်သည်း ကို ဓါးဖြင့်အသားပါအောင် လှီးဖြတ်လေသည်။ ညနေအစောင့်ကျစဉ် ဆားရေတစ်ခွက်နှင့် နံ့သာရေတစ်ခွက် အသင့်စီစဉ်ထားလေ၏။

ငိုက်မျဉ်းချင်လာသော် ဆားရေခွက်တွင် လှီးထားသော လက်သည်းကို နှိုက်လေသည်။ အိပ်ချင်ပြေလာပြီး ပူစပ်လာက နံ့သာရေခွက်တွင် တစ်ဖန်နှိုက်ပြန်သည်။

ထိုသို့ ဂရုတစိုက် စောင့်နေစဉ် ညဥ့်သန်းခေါင်ယံ အချိန်အရောက်တွင် မြင်းဖြူကြီးတစ်ကောင် ဆင်းသက် လာလေ၏။ ထိုအခါ မင်းသားက "ငါ့ပန်းခင်းမှာ မည်သူနည်း။ ပန်းကိုမစားနှင့်၊ မိုးလင်းအခါ ဖခမည်းတော်ကို ဆက်သရမည်"ဟု ပြောဆိုတားမြစ်လေ၏။

မြင်းဖြူကြီးက "အဆွေ၊ ငါ့ထိပ်ဆံမွှေး၊ ခုနစ်မွှေးကို ယူထားရစ်ပါ၊ အဆွေအလိုရှိက တမ်းတလိုက်လျှင် ရောက်လာပါလိမ့်မည်"ဟု ပြောလေသည်။ ထို့ကြောင့် ပန်းတစ်ပွင့် ပေးလိုက်ပြီးလျှင် လွှတ်လိုက်လေသည်။

နောက်မကြာမီ မြင်းပြာ၊ မြင်းညို၊ မြင်းပြောက်သုံးကောင် ရောက်လာကြလေ၏။ မင်းသားကလည်း မြင်းဖြူ ကြီးအတူ ပြောဆိုတားမြစ်လေသည်။ ထိုအခါ မြင်းသုံးကောင်လုံးထံမှ ထပ်ဆံမွှေး ခုနစ်မွှေးစီ ယူထားလိုက် ရန် ပြောကြလေ၏။

"အဆွေတမ်းတတိုင်း ငါတို့ရောက်ကြပါအံ့"ဟု ပြောဆိုကတိခံကြသည်။ ထို့ကြောင့် မင်းသားလည်း ပန်း တစ် ပွင့် ကျစီပေးလိုက်လေ၏။

နံနက်မိုးလင်းသောအခါ ကျန်သော ပန်းများကို ဆွတ်ခူးလေသည်။ ရသမျှသော ပန်းများကို ခမည်းတော် အား ဆက်သခဲ့လေ၏။ ထိုအခါ မင်းကြီးလည်း သားတော်အားလုံးကို ခေါ်ယူလိုက်လေသည်။ ရောက်ကြ လျှင် "မင်းတို့ခြောက်ယောက် ပန်းမဆက်နိုင်ကြ၊ ငါ့သားအယင်သာ ပန်းဆက်နိုင်သည်။"ဟု ပြောဆို ချီးမွမ်း လေ၏။ ပန်းမဆက်နိုင်ခဲ့ကြသော သားကြီးခြောက်ယောက်တို့ကို အပြစ်တင်၏။ ထို့နောက် ရာဇဒဏ်အဖြစ် "မင်းတို့ ငါ့နန်းတော်နှင့် မထိုက်တန်ကြ"ဟုဆိုကာ နှင်ထုတ်လိုက်သည်။

ထိုသားတို့သည် နန်းတော်မှ ထွက်ခွာခဲ့ကြရလေ၏။ မင်းသားငယ်သည်လည်း "အစ်ကိုကြီးတို့ သွားကြလျှင် ကျွန်ုပ်လည်း သွားချေမည်"ဟုပြော၍ နောက်ကထပ်ကြပ်လိုက်ပါသွားသည်။ သို့သော် အစ်ကိုများက မပါစေ လို၍ "အဘချစ်သား၊ မလိုက်နှင့်"ဟု ပြောဆို မောင်းနှင်ကြလေသည်။

ညီငယ်ကား မခွဲခွာလိုသဖြင့် တားဆီးမရဘဲ ထပ်ကြပ်မကွာ လိုက်ပါလာ၏။ ထိုအခါ အစ်ကိုများက ကျောက် ခဲပစ်၍ တားမြစ်ကြလေသည်။ အစ်ကိုတို့နှင့် မလိုက်ပါရလေသော် တောထဲမှ ပုန်းလျှိုး၍ပင် လိုက်ပါခဲ့လေ ၏။

နေပြည်တော်မှ ထွက်ခွာလာခဲ့ကြသော် တောစခန်းတစ်ခုသို့ ရောက်ရှိခဲ့ကြသည်။ ထိုတွင် သီးပင်တစ်ပင်ကို တွေ့မြင်ရသဖြင့် ညီငယ်အား တမ်းတမိကြလေ၏။

"ငါ့တို့ညီငယ်ပါလာလျှင် သစ်သီးစားရမည်၊ ယခုတော့ မပါလာသည်မှာ မှားလေစွ"ဟု ပြောဆိုခဲ့ကြလေ၏။ ထိုသို့ပြောဆိုသံကို ညီငယ်လည်း နောက်ကွယ်မှ ကြားသိခဲ့ရလေ၏။ ထို့ကြောင့် "အစ်ကိုကြီးတို့ ညီငယ် နောက်က လိုက်ပါလာသည်"ဟုပြော၍ သစ်ပင်ထက်သို့ တက်ရောက်ခဲ့လေသည်။ ထို့နောက် သစ်သီးများ ကို ဆွတ်ခူးချလေသဖြင့် အစ်ကိုတို့လည်း စားသောက်ခဲ့ကြရလေ၏။

အစ်ကိုများ စားသောက်ပြီးသော် ညီငယ်ကို အပင်မှ မဆင်းသက်နိုင်စေရန် အပင်ခြေရင်း၌ ဆူးခက်များကို စုအုံကြလေ၏။ ညီငယ်ကား ဆူးချက်များကို ဖယ်ရှားကာ ဆင်းသက်လာနိုင်ခဲ့လေသည်။ သို့သော် ၀ိုင်းအုံ၍ ကျောက်ခဲဖြင့် ပစ်ကာ တားဆီးခဲ့ကြသောကြောင့် နောက်ထပ်မလိုက်ပါနိုင်ဘဲ ကျန်ရစ်ခဲ့လေ၏။ နေ၀င်ကာ နီးလျှင် နီးစပ်ရာ ရွာတစ်ရွာသို့ဝင်၍ အဘွားအို တစ်ဦးအိမ်တွင် တည်းခိုနေထိုင်ခဲ့လေသည်။

အစ်ကိုမင်းသားတို့သည် တိုင်းပြည်တစ်ပြည်သို့ ရောက်သွားခဲ့ကြလေ၏။ ထိုတိုင်းပြည်၌ ဘုရင်မင်း၏ သမီး တော်အတွက် ကြင်ယာလောင်းလျာကို ရွေးချယ်လျက်ရှိ၏။ သမီးတော်ကို တစ်ပင်တိုင် နန်းတွင်းနေစေ လျက် မြင်းပြိုင်ပွဲ ကျင်းပစေခဲ့လေသည်။ မင်းသားငယ်လည်း အစ်ကိုများကို လိုက်ရှာရင်း ထိုတိုင်းပြည်သို့ ရောက်သွားလေ၏။ ထိုတွင် အစ်ကိုတို့နှင့် တွေ့ဆုံကာ အတူတကွ နေခဲ့ကြလေသည်။

အစ်ကိုများသည် မြင်းပြိုင်ပွဲကို သွားရောက်၍ ကြည့်ရှုကြလေသည်။ ညီငယ်ကိုကား ကြည့်ခွင့်မပြုဘဲ ထားလေ၏။ ညီငယ်လည်း တစ်နေ့လိုက်ရနိုးနှင့် စောင့်စားမျှော်လင့်လျက်သာ နေလာခဲ့လေ၏။

တစ်နေ့လည်း မလိုက်ပါရသောအခါ အစ်ကိုတို့မရှိစဉ် ရေကန်တစ်ခုသို့ ရောက်သွားလေ၏။ ထိုတွင် နတ်မြင်းပျံကို တမ်းတ၍ ခေါ်လေလျှင် မြင်းဖြူကြီးလည်း ရောက်လာလေ၏။ ထိုမြင်းကိုစီးပြီးနောက် ပြိုင်ပွဲ ၀င်၍ ပြိုင်ဆိုင်ခဲ့လေသည်။ အစ်ကိုတို့ကား "ငါ့ညီနှင့် တူလေစွ"ဟု ပြောဆိုနေကြသည်။

ထိုမြင်းဖြူကြီးသည် တခြားမြင်းများထက် လျင်လျားလေ၏။ သူများတစ်ခေါက်တွင် ငါးခေါက်၊ခြောက်ခေါက် လောက် ပြေးနိုင်၏။ ထိုအခါ မြင်းဖြူကြီးကို ဖမ်းကြရန် ပြုလုပ်ခဲ့ကြရလေ၏။ ထို့ကြောင့် ထွက်ပြေးလွတ် မြောက်ကာ အိမ်သို့ ရောက်လာခဲ့လေ၏။ အစ်ကိုတို့နှင့်တွေ့လျှင် "ဘယ်မြင်းနိုင်သနည်း"ဟု မေး၏။ "ညီငယ် မင်းနှင့် ရုပ်ချွတ်စွပ်တူတဲ့ မြင်းဖြူကို စီး၍ ပြိုင်ပွဲဝင်သောသူ နိုင်ချေသည်"ဟု ပြန်ပြောလေသည်။

နောက်တစ်နေ့တွင်လည်း ပြိုင်ရန် တမ်းတလေ၏။ ထို့ကြောင့် မြင်းပြာ၊ မြင်းညို၊ မြင်းပြောက်များ အသီးသီး ရောက်လာခဲ့ကြ၏။ ထိုမြင်းတို့ကို တစ်လှည့်စီ စီးပြီးလျှင် ပြိုင်ပွဲဝင်လေသည်။ ပြိုင်တိုင်း ပြိုင်တိုင်း အနိုင်ချည်း ရရှိခဲ့၏။ နောက်ဆုံးနေ့တွင် အစ်ကိုတို့ထံ ပွဲကြည့်လိုက်ပါရန် တောင်းပန်ဟန်ပြုလေ၏။ လိုက်ခွင့်မရသော် ရေအိုးခွက်တစ်လုံးနှင့် လုံချည်တစ်ထည်ကိုယူ၍ ခွေးတစ်ကောင်ကို ခေါ်ဆောင်လျက် ထွက်ခွာသွားလေ သည်။

မင်းသားငယ်သည် လိုက်ပါသွားသော ခွေးကိုသတ်၍ လုံချည်တွင် သွေးကိုသုတ်လိမ်းလေသည်။ ထို့နောက် မြင်းဖြူကြီးကို တမ်းတခေါ်လျက် "အဆွေမြင်းဖြူ၊ ယနေ့အဖမ်းခံရလျှင် ခံရပါစေ၊ ပြိုင်ပွဲဝင်ရန် သွားကြကုန် စို့"ဟု ပြောလေ၏။ မြင်းဖြူကြီးလည်း မင်းသားငယ်အလိုကျ လိုက်ပါ၍ ပြိုင်ပွဲဝင်ရောက်ခဲ့လေသည်။

ထိုနေ့တွင်လည်း မင်းသားငယ်စီးသော မြင်းပင်လျှင် အနီုင်ရရှိလေသည်။ ထိုအခါ ဘုရင်မင်းက "ဖမ်းဟေ့၊ ဖမ်းဟေ့"ဟု အမိန့်လေးလေ၏။  ဘုရင့်အမိန့်အတိုင်း မရှောင်လွှဲဘဲ အဖမ်းခံခဲ့ရလေ၏။ မင်းကြီးသည် ထိုမင်းသားငယ်နှင့်ပင် သမီးတော်ကို ထိမ်းမြား၍ နန်းကိုအပ်နှံလိုက်သည်။ မင်းသားငယ် ထီးနန်းလွှဲအပ် ခံရသောအခါ ၄င်းနှင့် အစ်ကိုတို့ တည်းခိုနေလာခဲ့ကြသော အိမ်ရှင်တို့အား ကျေးဇူးတုံ့ပြန်လေ၏။ အစ်ကိုတို့ ကိုလည်း ရာထူး ဌာနန္တရပေးလျက် ချီးမြှောက်ထားခဲ့လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များမှ-)

No comments:

Post a Comment