စောယဉ်မိ

လောင်းကြက်မြို့ပျက်၍ မင်းစောမွန်သည် အနောက်သူရတန်ပြည်သို့ တိမ်းရှောင်လေသောအခါ သံတွဲစား နရနုသည်လည်း ပဲခူးမင်းရာဇဓိရာဇ်ထံ ခိုလှုံ၍ စစ်ကူတောင်းခဲ့သည်။ ထိုအချိန်တွင် အရှေ့ပြည်မှသုံးရွာစား သည် သံတွဲမြို့သို့ လာရောက်၍ အုပ်ချုပ်နေလေသည်။ သုံးရွာစားလွန်ပြီးနောက် မိဖုရားစောယဉ်မိသည် ၄င်း၏ သားတော်နှစ်ပါးဖြစ်သော စောရန္တမိတ်နှင့် ညီဘယမင်းရဲကို လက်ဝဲလက်ယာထား၍ အုပ်ချုပ်လျက် နေပေသည်။

ယင်းသို့နေစဉ် တစ်နေ့သောအခါ သားကြီး စောရန္တမိတ်၏ ကျေးကျွန်တို့ မင်းသားအား ဤသို့ ကုန်းချောစ ကား ဆိုလေသည်။" အရှင်မင်း၏မယ်တော်ကား သားငယ်ဖြစ်သူဘယမင်းရဲကိုသာမင်းပြုစေလိုသည်။ အရှင် မင်းသားအား မင်းမပြုစေလိုပါ" ဟုလျှောက်တင်ကြသည်။ မင်းသားစောရန္တမိတ်လည်း အမှန်ပင်ထင်မှတ်၍ ကြက်ပွဲကစားနေသော ညီတော်အား ခေါ်ခိုင်းစေသည်။ ညီတော်လည်း နောင်တော်ထံချက်ချင်းလိုက်လာပြီး
လက်အုပ်ချီခစားရာ နောင်တော်က ဓါးဖြင့်ခုတ်ပိုင်လိုက်၍ လက်နှစ်ဖက်လုံးပြတ်သွားခဲ့လေသည်။ ဤသို့ ညီ အစ်ကိုချင်း တစ်ပါးသူ၏ ကုန်းချောစကားကြောင့် မဖွယ်မရှာ ဖြစ်ကြသည်ကို မိဖုရားကြီးလတ်၍ ရေချိုး နေရာမှ ၀တ်တော်ကိုပင် မလဲနိုင်အားဘဲ ကပျာကသီ လိုက်လာခဲ့သည်။ သားကြီးစောရန္တမိတ် လက်ချက် ဖြင့် လက်နှစ်ဖက်ပြတ်ပြီး သွေးအလိမ်းလိမ်း ကျံကျံဖြင့် လူးလှိမ့်ငိုကြွေးနေသော သားငယ်ကို ပိုက်ထွေး၍ ယူ ကြုံးမရ တသသ ဖြစ်ရပေသည်။

မိဖုရားလည်း သားကြီးစောရန္တမိတ်အား ပြင်းစွာ အမျက်ထွက်၍ ရခိုင်ဘုရင် အလီခင်ထံ တိုင်းပြည်နှင့်တကွ မိမိကုယ်ပါ သိမ်းယူပါမည့်အကြောင်း ရတုကဗျာဖွဲ့၍ တမန်စေလိုက်လေသည်။ ဤကား "တောင်ညိုဗွေချာ" ချီ အဖြည့်ခံရတုနှစ်ပိုဒ် ဖြစ်ပေါ်လာရသည့် အကြောင်းရင်းပင်ဖြစ်တော့သည်။

အဖြည့်ခံ ရတုနှစ်ပိုဒ်

" တောင်ညိုဗွေချာ၊ ကျွန်းလက်ယာထက်၊ သီဒါရစ်ခွေ၊ သံတွဲမြေ၀ယ်၊ အုပ်ထွေဖျဉ်ပေါင်း၊ မများတောင်း သည်၊ ဆွေကောင်းမျိုးလယ်၊ ကောင်းကင်ကြယ်သို့၊ နေဖွယ်ကစ၊ သာမေလှရှင့်၊ နှမဟူပြီး၊ မတ်ကြီးကျော် သူ၊ အလှူဒါန၊ ပေးဘူးကလည်း၊ ဘုရားလှကျော်၊ ဥာဏတော်ဝင်းမော၊ ထန်းတောတသီး၊ ဂူကြီး ဂူငယ်၊ သိမ် လယ် ရိပ်တွင်း၊ ရုပ်ဆင်းနှစ်ဆူ၊ အတူရှေ့ဆိုင်၊ ဘုရားပြိုင်၍၊ လေးတိုင်းပြုငြာ၊ တည်ထားတင်စွာ၊ လေးမျက် နှာ လည်း၊ ရွေသားရွှေပျောင်း၊ လျှံတမောင်းနှင့်၊ ညိုတောင်းဗျာပါ၊ ညိုကင်းမှာကို၊ ဥဂ္ဂါကောင်းမှု၊ ရုပ်တုနှစ် ဆူ၊ ညီနောင်တူသို့၊ ဆုယူဆုပြည်၊ တောင်ကုန်းလည်ဟု၊ ခေါ်ကြည့်သောအား၊ ရှင်မင်းများလည်း၊ ညွတ်တွား ၀တ် ရုံ၊ နိဗ္ဗာန်ဘုံကို၊ ရောက်တုံတညီ၊ မယ်နှင့်ဆီသည်၊ လောကဓိဌာန်စံရစေ"

"မောင်တို့နေရာ၊ ရွှေပြည်သာကို၊ လိုက်ပါဟုလည်း၊ မတူရာလော၊ မသီမောခဲ့၊ မင်းစောဒသ၊ သာတိကတို့၊ ဒီပဇမ္ဗူ၊ လုံးလုံးချူ၍၊ ခွန်ယူသိမ်းမြန်း၊ ထီးနန်းတည်ရာ၊ မယ်တို့ရွာလည်း၊ ဒွါရာဝတီ၊ သိဂ်ီ ရောင်လျှံ၊ မြို့ရှင် ပျံဝယ်၊ ပတ်ရုံးသုံးတောင်၊ သုံးဆူနောင်လည်း ရှုသောင့်ရှုသာ၊ အာဏါထက်လင်း၊ ဘ၀င်ချင်းမျှ၊ ခပင်းနတ် လူ၊ ကိုးရာမူသား၊ မျိုးတူဇနီး၊ မကြီးဘုန်းသစ်၊ ချစ်လို့သနား၊ နောင်အားမေတ္တာ၊ သက်တို့ပါ၍၊ သရဏပွင့်၊ ပန်းသုံးဆင့်ကို၊ မောင်နှင့် ဓိဌာန်ပန်ရစေ"

ဤ စာနှစ်ပိုဒ်ကို ရခိုင်ပြည့်ရှင် အလီခင် လက်ခံရရှိပြီးနောက် နှစ်ထောင်းအားရခြင်းဖြစ်၍ အောက်ပါအတိုင်း အဖြည့်အပိုဒ်ကို ရေးစပ်၍ ပြန်လိုက်သည်။

အဖြည့်ပိုဒ်

"မောင်တို့နေမှ၊ သာမောလှသာ၊ နှမမိဖြူ၊ လိုက်တော်မူလော့၊ ဇမ္ဗူမဏ္ဍိုင်၊ ရွှေရခိုင်ဝယ်၊ ရှစ်ဆိုင်ရပ်မင်း၊ ခွန်သွင်းဖျင်ပြော၊ သင်္ဘောစင်းပြန်၊ ဆိတ်မညံတည်း၊ အလွန်ထွန်းတော် ရှုမျှောင်စောက်သား၊ မောက် မောက်သွန်းသွန်း၊ ရွှေနန်းပြဿဒ် အထွဋ်တန်ဆောင်၊ ရွှေတောင်ဟန်လှ၊ နန်းမနန်းရံ၊ မျက်စိမွံ၍၊ သာစံ ပျော်ပါး၊ သိကြးသူဇာ၊ သက်ကျလာလို့ သရဏာပွင့်၊ ပန်းသုံးဆင့်ကို မယ်နှင့်ဓိဌာန်ပန်ရစေ"

၎င်းနောက် စစ်အင်္ဂါလေးပါးဖြင့် စောယဉ်မိနှင့်တကွ ဒွါရာဝတီ သံတွဲမြို့အားသိမ်းယူရန်ချီတော်မူသည်။ ဤသို့ ရခိုင်ဘုရင်ချီလာပြီး တောင်ကုတ်မြို့နယ် ခေါင်းလောင်းဘုအရပ်၌ တပ်ချနေကြောင်း သိလတ်သော် သံတွဲမိဖုရားစောယဉ်မိလည်း စစ်အင်္ဂါလေးပါးနှင့် လာကြိုလင့်သည်။ သက္ကရာဇ် ၇၉၉-ခုနှစ်၊ အေဒီ (၁၄၃ရ)
ခုနှစ် ဖြစ်သည်။ မြောက်ဦးသို့ ရောက်လျှင် အလယ်မိဖုရား စောယဉ်မိအမည်ဖြင့် တောင်မြောက်မိဖုရား အလယ်တွင် နန်းတည်ဆောက်၍ ချီးမြှင့်မြှောက်စားလေသည်။

ထွန်းရွှေခိုင် (မဟာဝိဇ္ဇာ)

ရခိုင်စာဆိုတော်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment