ရခိုင်အရွေ့ဂီတ၊ အကဇာစ်ရိုးမပျက်ရန်

အရွေ့ဂီတ

ရခိုင်တွင် အရွေ့ဂီတတို့ အမျိုးမျိုးရှိကြသည်။ ခေတ်အလိုက် ဆန်းသစ်ထွန်းကားခဲ့သည်များ ရှိလေသည်။ အရွေ့ဂီတတွင် ဘွဲ့၊အဲ၊ဧ၊ လင်္ကာ၊ ကဗျာ၊ သာခြင်း စသည်တို့ဖြင့် အမျိုးအစား ဖြာထွက်လျက်ရှိလေသည်။ သီဆိုသော အသံကိုလိုက်၍ ဂီတလည်း ကွဲပြားခြင်းဖြစ်လေရာသည်။ ဂီတနှင့် တူရိယာသည်လည်း အမှီ သဟဲ မကင်းကြချေ။အညမည ဆက်စပ်နိုင်မည်ဖြစ်၏။ ထို့ကြောင့်အဆိုနှင့်အတီးကို မည်သည်က ဦးဆောင် သည်ဟု တထစ်ချ သတ်မှတ်ရန် မဖြစ်နိုင်ချေ။ သို့သော် သီဆိုမှု ဂီတအကြောင်း တီးမှုတ်မှုတူရိယာ (၀ါဒိ တ)လည်း ဖြစ်လာနိုင်သည်ဟု ယူဆနိုင်စရာ ရှိချေသည်။

အရွေ့ဂီတသည် သာယာငြိမ့်ညောင်းစွာ သီဆိုရသည်။ သီဆိုပံအခြင်းအရာကို လိုက်၍လည်း သာခြင်းဟူ၍ အမည်ဖြစ်လာနိုင်၏။ အမည်ဗျုပ္ပတ် ဖြစ်ရပ်တစ်ခု ရှိလာရသည်အားလျော်စွာ ထိုအမည်သည်လည်း ခေါ် ဝေါ်လွယ်မှုအတွက် အဓိက အချက်အချာ ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဦးစွာ အမည်ဖြစ်လာရသော သာခြင်း သည်ပင်လျှင် နွဲ့နှောင်း၊ ပျော့ပျောင်း ငြိမ့်ညောင်းသော အသံစဉ်ကို မှီခြင်းဖြစ်၍ အရွေ့ဟူ၍ အမည်ရလေ သည်။ အရွေ့နှင့်သာခြင်းသည် ဂီတသံနှော၍ သီဆိုမှုလွယ်ကူသော ဖက်လိုက်အရာဖြစ်သည်။ ကေ၊ရေ၊ လေ စသော ဂီတသံဆက်၊ အဆွဲအငင်, အခြိမ့်၊ နွဲ့ကွက်၊ ပျောင်းကွက်တို့ကလည်း ကြည်နူးစရာနိုင်လှသည်။ နားသံညှင်း၊ နာသာတင့်ခြင်း ဂုဏ်ပုဒ်တို့ဖြင့် ဂီတကို စာဖွဲ့ခဲ့ကြသည်။

အရွေ့ဂီတကျေးတောမှ ဤအရွေ့ဂီတသာခြင်းကို ကျေးတောမှ တည်ထွင်သီဆိုမှု စတင်ခဲ့ကြသည်ဟု ယုံ ကြည်ကြသည်။ စာပေမပေါ်မှီကပင် အစဦးဆုံး ဖြစ်ပေါ်လေသဖြင့် စာပေထက် ဂီတကပင် စောလေသည် ဆို၏။ စာပေမရှိသေးသော လူမျိုးများပင် ဂီတသီဆိုလျက်ရှိခြင်းက ထင်ရှားနိုင်သည်။ ကျေးလက်ပုံပြင်တို့ တွင် ဇာတ်ကောင်များကို သာခြင်းများ သီဆိုပေးထားခြင်း၊ ခလေးကစားခုန်စားရာ၌ သီဆိုလေ့ရှိခြင်း၊ အပျို လူပျိုလှည့်ရာ၌ အချစ်စမ်း(ဇမ်း) သီဆိုခြင်းများ၊ သားချော့ခြင်း၊ ပန်းဝှက် စကထာ၊ ငါးရှာ၊ ဟင်းခူး၊ တလင်း နယ် တို့ပါမကျန် အရွေ့သာခြင်းများ ပြန့်ပွားသီဆိုလာခြင်းကို တွေးကြည့်နိုင်၏။ ဤအချက်တို့ပင်လျှင် ဂီတ ဖြစ်ပေါ်ရန် အခြေခံအကြောင်း ရပ်တို့လည်း ဖြစ်ကြပေ၏။

စာပေနှင့်ဂီတ

စာပေပေါ်ပေါက်ပြီးနောက် အလွန်ကြာသောအခါမှပင် ဂီတသည် စာပေနယ်ထဲသို့ ရောက်လာသည်။ ရေး မှတ်ထားခြင်း၊ ရေးစပ်ခြင်းများ ဖြစ်လာခဲ့ရသည်။ ယနေ့အထိ ကျေးလက်ဂီတများကို စာပေနယ်သို့ မသွတ် သွင်းနိုင်သေး။ မှတ်တမ်းမတင်နိုင်သေးဘဲ ပြန့်ကြဲလျက် ရှိနေကြရသေး၏။ ထီးနန်းမဆန်သော ဂီတများမှာ ဂန္ထ၀င်အရာ မရခဲ့ကြရသည်ကား၊ ပြည်သူကပင် အရေးပေး၊ စောင့်ထိန်းလာခဲ့ခြင်းသာ ဖြစ်လေသည်။ ပြည် သူ့ဂီတကိုပင် စာပေပညာရှင်များက အတုလိုက်၍ ရေးဖွဲ့စပ်ဆိုခဲ့ကြသည်မှာ မငြင်းသာနိုင်ချေ။ သာခြင်း၊ ဘွဲ့၊ ရတု၊ ကဗျာ၊ အဲ၊ နတ်ချင်း၊ ပန်းခူးချင်း တို့ကို လေ့လာနိုင်ကြပေ၏။ အားလုံးလိုလိုပင်လျှင် ပြည်သူတို့၏ သီဆိုမှုသံနေကို အခြေခံ၍ ဂီတအမျိုးအမည် တည်ထွင်ဆန်းသစ်ခြင်းများသာ ဖြစ်ကြောင်း တွေ့နိုင်ပေ သည်။ ထို ဂီတအမျိုးအစားအားလုံးတို့သည် နောက်ပိုင်းတွင် စာပေအသံဖြစ်သော လင်္ကာအဖွဲ့၏ လွှမ်းမိုး အုပ်ဖုံးခြင်းရှိလာခဲ့ရာကား နယ်ပေကျဉ်းမြောင်း ခံလာခဲ့ရလေသည်။ ဂီတနယ်ပေမှ ရှုကြည့်ရသော် ၀မ်း နည်းစရာကောင်းလှသည်။

ဖိစီးလွှမ်းမိုးခံခဲ့ရ

မြောက်ဦးခေတ်တွင် အမတ်ကြီးဝိမလတို့သည် အရွဲ့သာခြင်းဖွဲ့ကို ပြန်လည် အသက်ဆက်ပေးခဲ့ကြသည် ဆို၏။ စာဖတ်တတ် ဦးဓိုးဝေ၊ မောင်စံလှ၊ လောကမာရ်အောင် ဆရာတော်တို့ ဆက်ခံဖွဲ့ဆိုခဲ့ကြပေသေး သည်။ သို့သော် လင်္ကာဖွဲ့ကို မတွန်းလှန်နိုင်ခဲ့ချေ။ လေးလုံးစပ်ဘွဲ့ ဂီတသံပါသော ရတုရိုးရိုး၊ ဧချင်းမျိုးစသော မဆိုစလောက်၊ ဂီတအဖွဲ့များသာ ရုန်းကန်ထွက်ပေါက် ရှာနိုင်ခဲ့သည်။ ၄င်းတို့လည်း အင်အားမမျှ၍ လင်္ကာ ဂီတကို မတော်လှန်နိုင်စွမ်းခဲ့ကြချေ။ ထို့ကြောင့် လင်္ကာလွှမ်းဖုံးမိခြင်းဒဏ်ကို မချတင့်ကဲခံရ၍ ဂီတသည် မတိုးတက်ခဲ့ဟု ဆိုချင်သည်။

ထို့ပြင် ထီးနန်းပျက်သုဉ်းခြင်းဖြင့် ပြိုကွဲခံခဲ့ရသည်။ သူတစ်ပါးလက်အောက် ဖိနှိပ်ခြင်းနှင့် လွှမ်းမိုးဒဏ်ခံခဲ့ရ၊ နယ်ချဲ့လက်ဝေခံဘ၀ဖြင့် သက်ဆိုးရှည်ခဲ့ရပြန်ရာ လူမျိုးမပျောက်ရုံသာ။ အဘယ်မှာ ကိုယ့်ယဉ်ကျေးမှုကို ဖွံ့ဖြိုးစည်ပင် အားပေးချီးမြှင့် မြတ်နိုးခံယူလာနိုင်ခဲ့ကြရအံ့နည်း။ ထို့ကြောင့် ရခိုင်ဟု အမည်ခံနေကြရသော သူငါရခိုင်တို့သည် ရခိုင်ပုံပန်းမူဟန်ကို အနေလှလှစစ်မှန်ရန် အများကြီး ကြိုးစားကြရပေဦးမည်။

စွန့်စားသူများ

ကိုလိုနီခေတ်တွင် ရခိုင်စာဆိုများသည် အရွေ့ သာခြင်းဂီတကို ကြိုးစားခဲ့ကြသေး၏။ စောလှဦး၊ မောင် ယောက်ကေ၊ အောင်ထွန်းလှ၊ မောင်သာအောင်၊ ဆရာထွန်း၊ ဦးအောင်ထွန်း၊ ငချွန်းယေ၊ ဦးပုည၊ ငအုပ် ဆရာတော် တို့သည် အသက်ဆက်သွင်း စွန့်စားကြသူများတည်း။ သို့သော် တစ်ပြည်လုံးကို မလှုပ်ရှား စွမ်းခဲ့ချေ။ တောကျေးလက်မျှသာ ပြန့်နှံ့ထိုးဖောက် နိုင်ခဲ့ပေသည်။ ခေတ်ပညာတတ်လောကကို အထင်မ ကြီးစေခဲ့သည်သာမက ပြည်မက ပြဇာတ်စာပေက ၀င်ထိုးခံခဲ့ရသဖြင့် ညီးညူခဲ့ရသေး၏။ မည်သို့ဆိုစေ ထိုဆရာတို့ကြောင့် အရွေ့သာခြင်း ဂီတ ကွင်းဆက်ပေါင်းကူးတံတားခင်း ပေးနိုင်ခဲ့ခြင်း၊ အနစ်နာခံကာ ကြိုး ပမ်းခဲ့ကြခြင်းဖြင့် ယခုထိ ရခိုင်ဂီတ စာပေပညာရပ်မှာ မဆိတ်သုဉ်းခဲ့ဘဲ ကျန်ရှိခဲ့ကြလေသည်။ ထို့ကြောင့် အလေးအမြတ် ချီးကျူးဂုဏ်ပြု ပူဇော် မော်ကွန်းတင်ထားသင့်သော ပညာရှင်များ ဖြစ်ကြလေသည်။

သီဆိုခြင်း၊ကပြခြင်း

အရွေ့သာခြင်းမှ အဦးအစ အခြေခံမူလဂီတကို ဖွဲ့ဆိုနိုင်ခဲ့သည့် အလျောက် အမတ်ကြီး ၀ိမလ(ကောဇာ ၈၉၃-၉၁၅) လက်ထက်ထိ ထိုအမတ်ကြိးတို့ကပင် သာခြင်းဖြင့် သတ္ထထာနု၊ ဘယကုမ္မာစသော အနုဇာတ် ၀တ္ထုတို့ကို ဖွဲ့ဆိုနားတော်သွင်းပေးခဲ့ရကြောင်း အဆိုရှိလေသည်။

ထိုဂီတအဖွဲ့တို့ဖြင့် သီဆိုရုံမျှမကဘဲ၊ ဂီတနှင့်လိုက်ဖက်သော တူရိယာသံဖြင့် တီးမှုတ်ပေါင်းစပ်ကာ သီဆို ခြင်းများ ပြုခဲ့ကြပေသေးသည်။ ဥပမာ တရောဆရာများသည် သာခြင်းတတ်များနှင့် တွဲဖက်၍ သီဆိုပွဲများ ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် ကကွက်ကဟန် သရုပ်သဏ္ဍာန် ပေါ်လွင်စေရန် အကသာခြင်းများကို ဖန်တီး လာခဲ့ရသည်။ အဆိုနှင့်အက မကင်းရာ မကင်းနိုင်သောကြောင့်လည်း ဖြစ်လေသည်။

ယခုအခါ ပင်းခူးသာခြင်းဟု လူသိနေကြသော ကခြင်း သာခြင်းမှာ ထင်ရှားနေသေး၏။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းတွင် ရခိုင်အက ဇာတ်သဘင်တို့ တဖြည်းဖြည်း ဆုတ်ယုတ်သွား၏။ ပင့်ကူအကတစ်ခုသာ သီဆို ကပြလာနိုင်ခဲ့သဖြင့် အကဟူ၍ပြစရာ ဖြစ်နေရ၏။ အမှန်ကတော့ ပင့်ကူအကပါသော ကဇာတ်အခန်း တစ်ခုသာဖြစ်၏။ ဘယကုမ္မာဇာတ်တွင် ပင့်ကူအကောင်သည် ကခန်းတစ်ခုဖြစ်၏။ ပင့်ကူကောင်၏ ကပြ လှုပ်ရှားမှုကိုစွဲ၍ ပင့်ကူအက၊ အဆိုကို ပင့်ကူသာခြင်းဟု အမည်တွင်လာခြင်းသာ ဖြစ်လေသည်။

ပင်းခူးအက

ပင်းခူးကျားမှာ အဘကုမ္မာဇာတ်၏ ဇာတ်ကောင်ဖြစ်ရာ ထိုအခန်းသည် လူကြိုက်များလေသည်။ *ထို့ကြောင့် လှေတော်သံ ဟန်စွလေသာခြင်းတွင်ပင် ဖကိုတမူ၊ ဖကိုဟူကား၊ ဖယကုမ္မာ၊ ကြီးစွာပြောင်အား၊ ပင်းကူကျား ကို၊ လွှားလွှားခွတ်ကာ၊ ခွတ်ကာသော်လည်း၊ ဟန်စွလေ-ဟန်စွလေ... ဟူ၍ မှတ်တမ်းတင်ခဲ့လေသည်။ ဤအဖွဲ့သည် ဝေသာလီခေတ် လှေတော်သံဖြစ်၍ ဘယကုမ္မာဇာတ်မှာလည်း ထိုထက်နောက်မျက်နိုင်ချေ။ ထိုခေတ်မတိုင်မှီကပင် သီဆိုကပြမှုရှိခဲ့ရာသည်။ နန်းတွင်းစင်တော်ကောက် ဖြစ်ခဲ့ရသည်။ ထိုအကသဘင် အလို သီဆိုကပြရသော သဘင်ဇာတ်တို့မှာ ဓမ္မ၀ိဇယ ကဇာတ်၊ မနော်ဟရီ ကဇာတ်၊ ပန်းဒန်မင်းသား က ဇာတ်၊ ဥဂ္ဂါဇာတ်၊ ရာမဇာတ် စသည်တို့ အထင်အရှား ကျန်ရှိသေးသည်။

ပင့်ကူအကခြင်း(သာခြင်း)

လားစဉ်မှာ လားစဉ်၊ လားငြားစဉ်၊ လာစဉ်မှာ တလည်၊ ဟေ၀န်တောကို၊ ငါဇာတွိရောက်တေ။ လက်ဝဲကေ ဘယ်ညာနှစ်ဖက်က၊ ဘယ်ညာစောင်းလှည့် ၀န်းရို့ကြည့်။ ကြောက်ချီတမုံ၊ မြင်ချီမုံ၊ သစ်ပင်မှာ ဆိုင်းဆိုင်း- ပြိုင်းရိုင်းရိုင်း။ ဆိးနှင်းဝီ၀ီ နှင်းရီရီ။ သစ်တောရကြိုင်- ကျီးခြိုင်ခြိုင်ကေ၊ ဇောင်ပင်ဝမ်းနည်းဖွယ်။   ။ ငှက်တို့ ဘာသာ- သာလိကာ၊ ငှက်မ-ဖော်ကိုတ၊ အေဇို့တသွယ်၊ ဟေ၀န်တောမှာ၊ သာယာဝမ်းနည်းဖွယ်-

မိုးပန်း ပေါက်ပန်း၊ ဆင်ဝီပန်း၊ နတ်ပန်းပွင့်ရေ၊ ဂနိုင်တောမှာ ဇောင်ပင်ဝမ်းနည်းဖွေ၊ ပြိန်းမတူဝါရောင်၊ ငှက် ယင်ဘောင်၊ အောက်ချင်းမှာဖော်ကျင်၊ ဂနိုင်တောမှာ၊ ဒေဇာဖော်နှင့်ကွဲ။ ထိုနည်းပမာ၊ ငါဇာကိုယ်ချည်း၊ ဂနိုင်တောမှာ၊ ငါဇာတစ်ကိုယ်တည်း၊ လက်ဝဲကေလက်ယာ၊ နှစ်ဖက်က၊ ဘယ်ညာစောင်းရွဲ့- ၀န်းလှည့်ကြည့်၊ မပြတ်တင့်တယ်၊ သစ်ပင်ရင်းဝယ်၊ သျှင်ရသိကို၊ သာယာမြင်လတ်တေ။

ဤအကဇာတ်တို့မှာ အိန္ဒိယတွင် ကပြရှိနေကြသေးသော တီယတာက ဇာတ်သဘင်ကဲ့သို့ ဆင်တူသည်။ အဆိုနှင့် ကကွက်တို့ကို တသီးတခြားအလိုက်လည်းကောင်း၊ တွဲစပ်၍လည်းကောင်း ဖန်တီးပေးထားလေ သည်။ ထို့ကြောင့် ရခိုင် အကဇာတ်တွင် သီဆို၍ လက်ခြေမူဟန် ယိမ်းနွဲ့ လှုပ်ရှားကရခြင်း၊ သီဆိုပြီး ကရန် မလိုဘဲ သရုပ်ဆောင်ကာ မတ္တဖြင့်လည်းနေရခြင်းတို့ ရှိလေသည်။ အခန်းအလိုက်ကား၊ အကွက်စုံတူရိယာ တီးမှုတ်ယှဉ်တွဲပါသည်ချည်းဖြစ်သည်။

ကဇာတ်အဆို အကသရုပ်ပြရန်

ကဇာတ်တို့၌ သီဆိုကပြရန်နှင့် သီဆိုသရုပ်ပြရန်ကို ဤသို့ ခွဲခြားမှတ်သားသင့်သည်။

ဥပမာ- ဓမ္မ၀ိဇယ ကဇာတ်၌၊ ဓမ္မ၀ိဇယ အခန်းတွင် (ဓမ္မ၀ိဇယ ဆိုက) တိုင်းကို စောင့်တတ်၊ တိုင်းစောင့် နတ်၊ ပြည်ကိုစောင့်တတ် ပြည်စောင့်နတ်၊ နတ်မြတ်အညီ၊ ငါမင်းသားကို၊ ကုန်းအောင်မ,ပါစီ။ အထက် သိကြား- အောက်နဂါး၊ အလယ်ဘုရား- ဒေသုံးပါး၊ သုံးပါးကေအညီ၊ ငါမင်းသားကို၊ ကုန်အောင်မပါစီ။

လားစဉ်မှာ လားစဉ်၊ လားငြားစဉ်၊ သွားစဉ်မှာ သွားစဉ်၊ သွားကြစဉ်၊ ကျောက်သလင်းဖြူစင်၊ အုဌ်ဖြူလည်းမိုး၊ မပြတ်တင့်တယ်၊ စေတရာဇ်ဆို၊ တိုင်းရွှီပြည်ကို၊ ငါဇာရောက်လတ်တေ။
(သီဆို ကရန် အပိုင်း)
(ဓမ္မ၀ိဇယ ဆိုပြော)
အောင်လည်းဘောင်မ၊ ပန်းသည်မ၊ ငါလျှင်မနီ။
ဘောင်မအိမ်မှာ၊ တညဥ့်တည်းရစီ။
(ဆိုပြော သရုပ်ပြရန်အပိုင်း)
(ပန်းသည်မ ဆိုပြော)
ဇာပြည်နီငြား၊ ဇာယောက်ျား၊ ဇာကစီရီ၊ နင်ယောက်ျားကို၊ ငါဇာမီးရစီ၊ ငါဇာတ ကယ်၊ နင်ယောက်ျားကို၊ တည်းခိုမပီးနိုင်။
(ဆိုပြော သရုပ်ပြရန်အပိုင်း)

ဤကဲ့သို့ သီဆို ကရန် တနည်း၊ သရုပ်ပြ တလှည့်စီဖြင့် ကဇာတ်သဘောကို တွေ့ရှိနိုင်သည်။ ဇာတ်ကောင် ဇာတ်လမ်းများသလောက် အခမ်းအနားကြီးကျယ်သည်။ ရှေးက နန်းတွင်း၌ ကပြရသော အကလည်းဖြစ် သည်။ အမှန်မှာ သရုပ်ဖာ် ခပ်နွဲ့နွဲ့၊ ခပ်ယဉ်ယဉ်၊ ခပ်ရိုးရိုး အကသဘင်ဖြစ်သည်။

ဤသို့ စကားပြောမပါ သာခြင်းအဆိုဖြင့်ချည်း သီဆိုကပြရသော ဇာတ်များကို တရုပ်ပြည်တွင် ယခုထိ ကပြ နေကြသေးသည်။ တရုပ်အနုပညာသည် မယ်လင်ဖန်းသည် ထိုကဇာတ်မျိုးကို ခေတ်မှီစွာ ကပြခဲ့သည်ကို ရုပ်ရှင်ကြည့်ဖူးသူများ သိနိုင်၏။

ရခိုင်တို့သည် ယခုအချိန်တွင် ရှေးရိုးရာမူအတိုင်း ဇာတ်အခမ်းအနားစုံစွာ ကပြနိုင်ရန် ခဲယဉ်းလှ၏။ သို့သော် လည်း ကျေးလက်တောရွာတို့တွင်ကား အနည်းအကျဉ်း ကျန်ရှိနေသေး၏။ အထူးသဖြင့် ယဉ်ကျေးမှု ဖိနှိပ် လွှမ်းမိုးခြင်း မခံခဲ့ရသော စစ်တကောင်းတောင်တန်းနယ်တို့၌ ဆိုလျှင် ရခိုင်တို့၏ ဇာတ်ရိုး ဇာစ်မြစ်မပျက် ဆက်ခံရှိနေကြသေးရာကား ဤဇာတ်သဘင်ကဇာတ်တို့ကို မူရိုးမပျက် ကပြလျက်ပင် ရှိနေသေးသဖြင့် ကြည့်ရှုလေ့လာ ခံစားနိုင်ကြပေသတည်း။

နတ်မြစ်-စန်းအောင်

(၁၉၉၆-ခုနှစ် ရခိုင်သဟာယအသင်း၊ ရန်ကုန်(အမှတ် ၃)တွင် ဖော်ပြသည်။)

*နတ်သမီးတို့ကို ဂူအတွင်း၌ ပိတ်ဆို့မြှေးယှက်ထားနေသော ထိုပင့်ကူကို ဓမ္မ၀ိဇယမင်းသားတို့သည် တွန်းလှန်ခဲ့ကြရလေသည်။

(အရှင်စက္ကိန္ဒ- ရခိုင်ယဉ်ကျေးမှုများ အမှတ်(၈)မှ -)

No comments:

Post a Comment