နဖူးစာရေးနတ်

ရှေးအခါက တိုင်းပြည်တစ်ပြည်တွင် ဘုရင်တစ်ပါး စိုးစံလျက်ရှိလေ၏။ ထိုဘုရင်ကြီးသည် တောကစားဝါသ နာ ပါရှိလေ၏။ ထို့ကြောင့် တစ်နေ့သ၌ တောကစားရန် ထွက်ချီတော်မူခဲ့လေသည်။ ထိုအခါ ယာခင်း လုပ် ကိုင်လျက်ရှိသော လင်မယားနှစ်ယောက်နှင့် တွေ့ဆုံကြလေ၏။ ဘုရင်ကြီးသည် ခရီးလွန်ခဲ့သဖြင့် နန်းတော် သို့ မပြန်နိုင်တော့ဘဲ ထိုလင်မယားထံ၌ တည်းခို နေခဲ့ရလေ၏။

ထိုနေ့ညဥ့်တွင် နဖူးစာနတ်သည် ဆိုက်ရောက်လာလေ၏။ ယာသမားမောင်နှံတို့လည်း ကောင်းစွာ အိပ်ပျော် လျက်ရှိနေကြ၏။ နဖူးစာနတ်သည် တဲအ၀င်ဝ၌ အိပ်ပျော်နေသော ဘုရင်ကိုမကျော်လွှားနိုင်ချေ၊ ထို့ကြောင့် "ပြည့်ရှင်မင်းကြီး ဖယ်ရှားပါလော့"ဟု ပြောဆိုခဲ့လေ၏။ ဘုရင်လည်း "သင်မည်သူနည်း"ဟု မေးမြန်းလေ၏။ "ကျွန်ုပ် နတ်ဖြစ်သည်"ဟု ပြန်ပြောလေ၏။ "ဘယ်သို့သော နတ်မျိုးဖြစ်၍ အဘယ်ကြောင့် လာရောက်ရ သနည်း"ဟု ထပ်မံမေးလေ၏။ ထိုအခါ "ကျွန်ုပ် နဖူးစာနတ်ဖြစ်ပါသည်။ နဖူးစာထိုး၇န် လာရောက်ခြင်းဖြစ်ပါ သည်။" ဟုပြန်ပြောလေ၏။

ရှင်ဘုရင်လည်း ပယ်ရှားပေးလေလျှင် နတ်သည် ယာတဲသို့ ၀င်သွားလေ၏။ ရောက်လေသော် ကိုယ်ဝန် အရင့်အမာ ရှိနေပြီးသော ယာရှင်မယား၏ သန္ဓေသားကို နဖူးစာထိုးခဲ့လေ၏။ ထို့နောက် တဲမှထွက်ခဲ့လျှင် ဘုရင်က"မည်သို့ ထိုးခဲ့သနည်း"ဟု မေးမြန်းလေ၏။ ထိုအခါ နတ်က "တစ်ဆယ့်ငါးနှစ်အရွယ်သို့ ရောက် သောအခါ မြွေကိုက် ရေနစ်၍ သေရလတ္တံ့"ဟု ရေးထိုးခဲ့ကြောင်း ပြောပြခဲ့လေ၏။

ဘုရင်မင်းက "အဟုတ် မှန်ကန်အံ့လော"ဟု တွေးတောကာ ကလေးမွေးဖွားသည့်တိုင်အောင် စောင့်ဆိုင်း၍ နေလေ၏။ ကလေးမွေးဖွား၍ နို့လွတ်သောအခါ နန်းတော်သို့ ယူဆောင်လာခဲ့လေ၏။ နန်းတော်သို့ရောက် လျှင် အထိန်းသယတို့ဖြင့် ကောင်းစွာ ပြုစုလုပ်ကျွေး ထားခဲ့လေ၏။ အထူးသဖြင့် နန်းပေါ်မှအောက်သို့ မ ဆင်းစေရန် စောင့်ရှောက်ထားစေ၏။

ဘုရင် မွေးစားသူငယ်သည် တဖြည်းဖြည်းနှင့် တစ်ဆယ့်ငါးနှစ် အရွယ်သို့ ရောက်လာခဲ့လေ၏။ တစ်နေ့သ၌ ဘုရင်မင်းသည် ဥယျာဉ်တော်သို့ ခေါင်းဆေး မင်္ဂလာပြုရန် ထွက်ချီလျက် ရှိနေလေ၏။ ထိုအခါ မွေးစား သူငယ်သည် ရေချိုးလိုသောစိတ်က ပြင်းပြလာခဲ့ရလေ၏။ အထိန်းတော်တို့ကို ရေချိုးရန်ပြောလေသော် ဘုရင်အမိန့်မရ၍ ခွင့်မပေးလေသဖြင့် များစွာ ဆူပူခဲ့လေ၏။ ထို့ကြောင့် သူငယ်အလိုသို့လိုက်လျက် ရေချိုး စေခဲ့ကြလေ၏။

ဘုရင်မွေးစားသားသည် မြို့စွန်တစ်နေရာသို့ ထွက်တော်မူလေ၏။ ထိုတွင် ချောင်းတစ်ခု၌ သစ်ပင်တစ်ပင် လည်း ချောင်းထဲသို့ အကိုင်းထိုးထွက်လျက် ရှိနေလေ၏။ ထိုသစ်ကိုင်းတွင် မြွေတစ်ကောင် ရှိနေလေ၏။ နဖူးစာပါလာသော မောင်ကံဆိုးမှာ ချောင်းထဲသို့ ခုန်ဆင်းလို၍ ထိုသစ်ကိုင်းသို့ တက်လေ၏။ ထိုအခါ မြွေ ကိုက်ခံရသဖြင့် အဆိပ်မွှန်လျက် ချောင်းထဲသို့ ကျသွားခဲ့ရလေ၏။ ထို့ကြောင့် သူငယ်လည်း ရေနစ်၍ သေ ဆုံးရရှာလေ၏။

ဘုရင်ကြီးသည် ခေါင်းဆေးမင်္ဂလာ ပြုပြီးနောက် မကြာခင် နန်းတော်သို့ပြန်လာခဲ့လေ၏။ မွေးစားသားကို မတွေ့ရသောအခါ စိတ်မချ၍ အထိန်းတော်တို့အား မေးမြန်းစုံစမ်းလေ၏။ ထိုအခါ မြွေကိုက် ရေနစ်၍ သေဆုံးခဲ့ရပြီးကြောင်းကို သံတော်ဦးတင်ခဲ့ကြလေသည်။ ဘုရင်ကြီးလည်း လွန်စွာစိတ်မကောင်း ဖြစ်ခဲ့ရလေ ၏။ ထို့နောက် "နဖူးစာ တကယ် ဟုတ်မှန်ပါကား"ဟု စိတ်က ယူဆခဲ့ရလေ၏။ မှူးမတ်တို့ကိုလည်း အမျက် တော်မထားဘဲ ထိုသူ၏ နဖူးစာကံ ဆိုးခဲ့ရခြင်းကိုသာ အပြစ်တင်ခဲ့လေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များ စာအုပ်မှ-)

No comments:

Post a Comment