ပညာနှင့်ဥစ္စာ အဘယ်က သာသနည်း

ရှေးအခါက ရှင်ဘုရင်တစ်ပါးတွင် ငနမည်သော သားတော်တစ်ယောက်ရှိ၏။ ထိုဘုရင်ကြီး၏ နိုင်ငံတော်၌ သူဌေးတစ်ဦးတွင် ငအမည်သော သားတော်တစ်ယောက် ရှိလေသည်။ထိုဘုရင့်သား ငနနှင့်သူဌေးသားငအ တို့သည် မိတ်ဆွေရင်းချာ ဖြစ်ခဲ့ကြလေ၏။ အတူတူနေ၊ အတူကစားဖော် ပြုလာခဲ့ကြသည်။

ကြီးရင့်လာသောအခါ မိဘများကပညာသင်ကြားရ တက္ကသိုလ်ပြည်သို့စေလွှတ်လိုက်လေ၏။သူငယ်ချင်း နှစ် ယောက်တို့သည် အတူတကွ တိုင်းပြည်မှ ထွက်ခွာလာခဲ့ကြလေ၏။ လမ်းခရီးအကြားတွင် တောင်စောင့်နတ် ကြီးက မြင်၍ ထွက်ကာ အိုးတစ်လုံးကို ကိုင်ပြလေ၏။ ထိုအိုးကားအလိုရှိရာကိုရနိုင်သော ဣစ္ဆာသယအိုး ဖြစ် လေသည်။

ထိုအိုးကိုကိုင်လျက် "အမောင်တို့၊ ငါ့ဥစ္စာကို လိုချင်ကြသလား၊ အားလုံးကိုရနိုင်သည်။"ဟု တောင်စောင့် နတ်က ပြောပြလေ၏။ ထိုအခါ မင်းကြီးသား ငနက လိုလားတပ်မက်မှု ရှိလေသည်။ သူဌေးသား ငအကို တောင်စောင့်နတ်က ပြောသည်မှာ "အမောင်... ပညာရှာသွားမည့်အစား ယခုလို လိုတရဥစ္စာကိုရလျှင် မ ကောင်းလား"ဟု ဆိုလေ၏။

ငအလည်း ပညာကိုလိုလားသူ ဖြစ်သည့်အတိုင်း "ပထမအရွယ်မှာ ပညာကိုရှာရမည်၊ ဒုတိယအရွယ်မှာ ဥစ္စာ ကိုရှာရမည်၊ တတိယအရွယ်မှာ တရားကိုရှာရမည်ဟု ဆိုပါသည်။ ယခု ပညာရှာရမည့် အရွယ်မှာ ဥစ္စာ ရှာနေ၍ မတော်ပါ"ဟု ပြန်ပြောလေသည်။ ထို့ကြောင့် မယူလိုသဖြင့် မင်းကြီးသားကိုပင် ပေးအပ်လိုက် လေ ၏။

ငနသည်လိုတရအိုးကို ရရှိလေသော် ပညာသင်ရန် မလိုက်ပါလိုဘဲ ခွဲခွာ၍ ကျန်ရစ်ခဲ့လေ၏။ ငအက အတင်း ခေါ်သော်လည်း မရသဖြင့် လူချင်းခွဲခွာကြလေသည်။

မင်းကြီးသားက "မိတ်ဆွေသာ သွားလေတော့ ငါကား မိမိတိုင်းပြည်ကို ပြန်တော့အံ့"ဟု ပြောဆိုနှုတ်ဆက် လိုက်လေသည်။ ထို့ကြောင့် အသီးသီး ခရီးတစ်ခြားစီ သွားခဲ့ကြလေ၏။

သူဌေးသားသည် တက္ကသိုလ်ပြည်သို့ရောက်၍ ပညာများကို သင်ယူလေသည်။ မင်းကြီးသားသည် မိမိတိုင်း ပြည်ကို ပြန်လေသော် လမ်းခရီးအကြားတွင် တိုင်းပြည်တစ်ပြည်သို့ ၀င်ရောက်ခဲ့ရလေ၏။

ထိုတိုင်းပြည်၌ ဘုရင်းမင်းသည် သမီးတော်အတွက် သမက်လောင်းလျာကို ရှာဖွေနေလေ၏။ ထို့ကြောင့် မှူးမတ်တို့က တိုင်းပြည်ကို လှည့်လည်လျက် မောင်းခတ်ဆော် ကြော်ငြာခဲ့လေသည်။

"ရှင်ဘုရင့် သမီးတော်ကို ကြိုက်နှစ်သက်သူများရှိက ခုနစ်ရက်အတွင်း ရွှေလှည်း ခုနစ်စီး အပြည့်တင်သွင်း နိုင်လျှင် ပေးစားမည်"ဟု အမိန့်တော် သတ်မှတ်ချက် ပြုထားလေ၏။

ထိုမောင်းသံ ကြားရသောအခါ မင်းကြီးသားသည် လိုလားမှု ဖြစ်လာခဲ့လေသည်။ ထို့ကြောင့် လိုတရအိုး အားကိုးဖြင့် မှူးမတ်တို့အား တင်သွင်းနိုင်သည်ဟု ၀န်ခံလေ၏။

မှူးမတ်တို့သည် ဘုရင်အား လျှောက်ထားခဲ့ကြလေ၏။ ထိုအခါ ဘုရင်မင်းကြီးက မင်းသားငနကို ရှေ့တော် ၀င်စေသည်။ "သင်သည် ငါ၏သမီးကို လိုလားသည်မှန်က၊ ခုနစ်ရက်အတွင်း ရွှေလည်းခုနစ်စီး ပေးဆက်နိုင် ရမည်။ ကတိအတိုင်း မဆက်သွင်းနိုင်လျှင် ရေခပ်ကျွန်အဖြစ် ထမ်းရွက်ရမည်"ဟု မိန့်တော်မူလေသည်။

ငနလည်း အမိန့်တော်အတိုင်း ဖြစ်ပါမည်ဟု ပြန်ကြားလျှောက်ထားလေ၏။ ထို့ကြောင့်ဘရင်သည် ငနကို နန်းတော်သို့ ခေါ်ဆောင်၍ သမီးတော်နှင့် ပေးစားခဲ့ရလေသည်။

ငနသည် နန်းတော်သို့ ရောက်သည့်နေ့မှစ၍ နေ့စဉ်မှန်မှန် ရွှေလှည်းတစ်စီးကျစီ ပေးဆက်ခဲ့လေ၏။ ခြောက်ရက်မြောက်တွင် လှည်း(၆)စီးတိုက် ရွှေများကို ပေးဆက်နိုင်ခဲ့ပြီး ဖြစ်လေသည်။ ရှင်ဘုရင်သည် သမက်တော်၏ စွမ်းရည်သတ္တိကို တွေ့မြင်ခဲ့ရသဖြင့် အလွန်အံ့အားသင့်မှု ဖြစ်လာခဲ့ရလေ၏။ "မဖြစ်နိုင် သောအရာကို ဤသူသည် စွမ်းဆောင်နိုင်ပေသည်။ ဤသူသည် တစ်ခုခု စွမ်းဆောင်စရာ ပါရှိနိုင်ရာသည်" ဟု အကြံဖြစ်လာခဲ့ရလေသည်။

ထိုအကြံကို သမီးတော်အား ခေါ်ဆောင်၍ ပြောပြလေ၏။ "ငါ့သမီးတော်၏ လင်ယောက်ျားကို ညဥ့် အိပ်ပျော်စဉ် ရှာဖွေကြည့်လော့၊ တစ်စုံတစ်ခု ရလျှင် ငါ့ကိုဆက်ရမည်"ဟု အမိန့်တော်ချမှတ် ထားရှိလေ၏။

ခမည်းတော်ဘုရင် အကြံအစည်အတိုင်း လင်တော်မောင် အိပ်ပျော်သွားစဉ် ရှာဖွေကြည့်ရှုလေသည်။ ထို အခါ အင်္ကျီအိတ်ထဲမှ လုံးချောသော ပစ္စည်းတစ်ခုကို ရ၍ ဘုရင်အားဆက်သလိုက်လေသည်။ ထိုပစ္စည်း အစား ကျောက်ခဲလုံးတစ်လုံးကို အိတ်ထဲ၌ ထည့်ပေးထားခဲ့လေ၏။

နံနက် မိုးလင်းလတ်သော် ခါတိုင်းကဲ့သို့ လိုတရအိုးကို ရွှေထွက်ရန် အမိန့်ချမှတ်လေ၏။ မည်သို့ပင် ပြော ဆိုစေစားပါသော်လည်း လိုရာကို မထွက်ပေါ်ဘဲ ရှိခဲ့လေ၏။ ထို့ကြောင့် ဘုရင်အား ကျန်ရွှေတစ်လှည်းကို မဆက်သွင်းနိုင်သဖြင့် ကတိအတိုင်း ရေခပ်ကျွန်အဖြစ်သို့ ရောက်ရှိခဲ့လေသည်။

မကြာမီ မင်းကြီး၏သား သူဌေးသားသည် ပညာသင်ရာမှ ပြန်လာခဲ့လေသည်။ မင်းကြီးသား ရှိနေသော တိုင်းပြည်သို့ ဆိုက်ရောက်လေသော် မိတ်ဆွေငနကို ရေခပ်လျက် တွေ့မြင်ရလေ၏။ ထိုအခါ အကျိုး အကြောင်းကို မေးမြန်းသိရလေလျှင် "ပညာ တတ်က ဤရေကို ခပ်နေစရာ လိုမည်လား"ဟု ပြန်ပြောလေ ၏။ ထို့ကြောင့် ငနက"မိတ်ဆွေ ငါ့ကို ရေခပ်ကျွန်ဘ၀က လွတ်အောင် ကူညီနိုင်က ကူညီခဲ့ပါ"ဟု တောင်းဆို မှုပြုလေသည်။

သူဌေးသားသည် မိတ်ဆွေငနကို အကြံပေးလေ၏။ "မင်းကြီးချိုးသော ရေတွင် ဆေးတစ်လုံးထည့်ပေးလေ၊ ထိုရေကိုချိုးမိလျှင် မင်းကြီးစအိုမှ အမြီးထွက်လတ္တံ့၊ ထိုအခါ မိတ်ဆွေသည် မင်းကြီးကို ဆေးဆရာတစ်ဦး ရောက်ရှိနေပါသည်။" ဟု ပြောလော့ဟု ဆိုလျက် ဆေးတစ်လုံးကို ပေးအပ်လိုက်လေ၏။ ထိုဆေးလုံးကို ရေချိုးအိုးတွင် ထည့်ပေးထားလေသည်။ မင်းကြီးသည် ထိုရေကို ချိုးမိသောအခါ အမြီးထွက်ပေါ် လာခဲ့ရ လေ၏။

ထိုအခါ ဘုရင်သည် အလွန်စိတ်သောက ဖြစ်လာခဲ့ရလေ၏။ ထိုရောဂါကို ကုစားနိုင်သူ ရှိအံ့လောဟု စုံစမ်း မေးမြန်း လာခဲ့ရသည်။ ငနလည်း ဆေးဆရာတစ်ဦး ရောက်ရှိနေသည်ဟု ပြောပြလေ၏။ ဘုရင်မင်းသည် ချက်ချင်း ခေါ်ယူစေလျက် ရှေ့တော်သို့ ခစားစေ၏။ အရှင်နှင့် ဆေးဆရာတို့ ပြောဆိုကြရလေသော် ကတိ က၀တ် ပြုခဲ့ကြရလေသည်။
"အရှင်မင်းကြီးဝေဒနာကို ကုသပေးပါမည်၊ ပျောက်ကင်းပါလျှင် အကျွန်ုပ် အလိုရှိသည်ကို ပေးသနား နိုင်ရပါ မည်"ဟု လျှောက်ထားလေသည်။

မင်းကြီးလည်း "အလိုရှိရာကို တောင်းခံနိုင်သည်၊ ရောဂါပျောက်လျှင် ပေးရန်အသင့်ရှိကြောင်း" အမိန့်တော် ၀န်ခံချက် ပေးခဲ့လေသည်။

ထိုအခါ ဆေးကုသလေသော် မကြာခင် ဝေဒနာ ပျောက်ကင်းချမ်းသာ သွားခဲ့လေသည်။ ကတိအတိုင်း ငန ၏ လိုတရအိုးကို တော်ငးခံလေ၏။ ဘုရင်ကြီးလည်း သမီးတော်နှင့်တကွ၊ လိုတရအိုးကို ပေးအပ်ခဲ့ရလေ၏။ ငနကိုလည်း ရေခပ်ကျွန်အဖြစ်မှ လွတ်ငြိမ်းစေလေ၏။

ထိုအခါမှ ဥစ္စာထက် ပညာက သာလွန်ကြောင်းကို ငနသည် ၀န်ခံခဲ့ရလေသတည်း။

အရှင်စက္ကိန္ဒ္ဒ ( ရခိုင်တံခွန် ပုံပြင်များမှ-)

No comments:

Post a Comment