ကျီးကန်းနှင့် နှံစုတ်ငှက်မ

ရှေးအခါက ကျီးကန်းတစ်ကောင်နှင့် နှံစုတ်ငှက်မ တစ်ကောင်တို့သည် မိတ်ဆွေဖွဲ့ကာ နေကြလေသည်။ အတူနေ အတူစားလျက်ချစ်ခင်သင့်တင့်စွာ ပေါင်းသင်းလာခဲ့ကြ၏။ တစ်ကောင်မှာ တစ်စုံတစ်ခု ရလေက ပေးကမ်းစားလေ့ရှိခဲ့ကြသည်။ ထိုထက် တစ်ကောင်မှာရှိသည်များကို တစ်ကောင်က လိုလားလျှင် ပေးကမ်း ကူညီကြစတမ်းဟု ကတိက၀တ် ပြုထားခဲ့ကြလေ၏။

တစ်နေ့သ၌ နှံစုတ်ငှက်မ၌ ဥ,ဥခဲ့လေသည်။ ထိုဥကို ကျီးကန်းကမြင်လေလျှင် စားချင်လာလေသည်။ ထိုအ ခါ ကျီးကန်းက နှံစုတ်ငှက်မကိုပြောသည်မှာ "အဆွေ သင်၏ဥကို ငါစားချင်လှသည်"ဟု ဆိုလေ၏။

နှံစုတ်မကလည်း "အဆွေ ကတိရှိသည်မှာ မှန်သည်၊ ဥကို စားနိုင်သည်၊ သို့သော် ဤသို့စား၍ မဖြစ်ချေ"ဟု ဆိုလေ၏။

"ထိုသို့ဆိုက အဘယ်သို့ ပြုရအံ့နည်း"ဟု မေးလေ၏။

"အဆွက အပုပ်အသိုးများကို စားလေ့ရှိသည်။ ငါ့ဥအသွေးကို စားမည်ဆိုလျှင် ရေကန်မှာ နှုတ်သီးကို ဆေး ကြောပြီးမှသာ စားခွင့်ပေးမည်"ဟု နှံစုတ်ငှက်မက ပြောလေ၏။

ထို့ကြောင့် ကျီးကန်းသည် ဆေးကြောရန် ရေကန်သို့သွားလေသည်။ ထိုအခိုက် ရေကန်ပေါင်၌ အဘိုးကြီး တစ်ယောက်သည် ပုတ်ရက်လျက် ရှိနေလေ၏။ ၄င်းကို ရေကန်ရှင်ဟု ထင်မှတ်လျက် ရေကန်တွင် နှုတ်သီး ကို ဆေးခွင့်တောင်းလေသည်။

ထိုအခါ အဘိုးကြီးက "သင်ကား အပုပ်အသိုးငှက်ဖြစ်သည်။ အိုးခွက်နှင့် ခပ်၍သာ ဆေးကြောလေ့"ဟု ပြော လိုက်လေ၏။ ထို့ကြောင့် အိုးသည်ထံသွား၍ အိုးခွက်ကို တောင်းခံလေသည်။

အိုးသည်က "အဘယ်အတွက် ပြုအံ့နည်း" ဟုမေးလေသည်။

ထိုအခါ ကျီးကန်းက ဤသို့ပြောလေ၏။

"ယူမည် အိုးခွက်၊ ခပ်မည်ရေ
ဆေးမည် နှုတ်သီး၊ စားမည်နှံစုတ်"

အိုးသည်လည်း မပေးလိုရာကား "အိုးလုပ်ရန် ရွှံ့စေးမရှိ၊ မြေတူရန်လည်း ကျွဲချိုမရှိ"ဟု ပြောလိုက်လေ၏။ ထို့ကြောင့် ကျွဲမထံသွား၍ "ကျွဲချိုတစ်ချောင်းပေးပါ"ဟု တောင်းခံလေသည်။

ကျွဲမက "မည်သို့ပြုလုပ်လိုသနည်း"ဟု မေးလေ၏။ ထိုအခါ ကျီးကန်းက ဤသို့ ပြောခဲ့လေသည်။

"ယူမည် ကျွဲချို၊ တူးမည် မြေစေး
လုပ်မည် အိုးခွက်၊ ခပ်မည်ရေ
ဆေးမည် နှုတ်သီး၊ စားမည်နှံစုတ်" ဟုဆိုလေ၏။

ကျွဲမလည်းမပေးလိုသဖြင့် "ငါသေမှ ဦးချိုရမည်၊ ယခုမည်သို့ နှုတ်ယူအံ့နည်း"ဟု ပြောလေသည်။ ထို့နောက် "ကျားထံသွားလေ၊ ကျွဲမကို ကိုက်လှည့်ရန် ပြောချေလော့"ဟု အကြံပေးလိုက်လေသည်။

ကျီးကန်းငှက်လည်း ကျားထံသွား၍ ကျွဲချိုတစ်ချောင်းကို ကိုက်ချွတ်ပေးရန် တောင်းခံလေ၏။ ကျားက "အ ဘယ် ပြုအံ့နည်း"ဟု မေးလေသော် ဤသို့ ပြောလေသည်။

"ကိုက်မည်ကျား၊ ယူမည်ကျွဲချို
တူးမည်မြေ၊ လုပ်မည်အိုး
ခပ်မည်ရေ။ ဆေးမည်နှုတ်သီး
စားမည်နှံစုတ်"

ကျားကလည်း ပရိယာယ်ဖြင့် ပြောသည်မှာ "ငါ့ကား သွားမကောင်း၊ နို့အနည်းငယ်သောက်ရမှ ကောင်းမည်၊ နို့ညှစ်ပေးပါလော့"ဟု ဆိုလေသည်။ ထို့ကြောင့် နို့ရရန် လိုက်ရှာလေသော် ဆိတ်မကို တွေ့မြင်ရလေသည်။ "အဆွေဆိတ်မ နို့တစ်ဒုံပေးပါလော့"ဟု တောင်းခံခဲ့လေ၏။ ထိုအခါ ဆိတ်မက "သင့်မှာ ဘယ်အရာပြုအံ့ နည်း"ဟု မေးလေသည်။ ကျီးကန်းကလည်း ဤသို့ အကျဉ်းချုံး၍ ပြောပြလိုက်လေ၏။

"ညှစ်မည်နို့၊ သောက်မည်ကျား
ကိုက်မည်ကျွဲ၊ ယူမည်ကျွဲချို
တူးမည်မြေ၊ လုပ်မည် အိုးခွက်
ခပ်မည်ရေ၊ ဆေးမည် နှုတ်သီး
စားမည်နှံစုတ်"

ထိုအခါ ဆိတ်မက "ငါ့မှာ အစာမရှိချေ၊ အစာအနည်းငယ် ရိတ်ပေးလော့" ဟုဆိုလေ၏။ ကျီးကန်းငှက်က မြက်ရိတ်ရန် တံစဉ်တောင်းလေ၏။ "ငါ့မှာမရှိ တံစဉ်ရှင်ထံ ငှားချေလော့"ဟု အကြံပေးလိုက်သည်။

ဆိတ်မ အကြံပေးသည့်အတိုင်း တံစဉ်ရှင်ထံသွား၍ တောင်းခံငှားရမ်းခဲ့လေ၏။ ထိုအခါ တံစဉ်ရှင်က "သင့် မှာ အဘယ်ပြုအံနည်း"ဟု မေးလေ၏။ ပြုရမည်ကို ကျီးကန်းက ဤသို့ အစီအစဉ်ချ၍ ပြောပြခဲ့လေသည်။

"ရိတ်မည်မြက်၊ စားမည်ဆိတ်
ညှစ်မည်နို့၊ သောက်မည်ကျား
ကိုက်မည်ကျွဲ၊ ယူမည်ကျွဲချို
တူးမည်မြေ၊ လုပ်မည်အိုးခွက်
ခပ်မည်ရေ၊ ဆေးမည်နှုတ်သီး
စားမည်နှံစုတ်"

တံစဉ်ရှင်က မရှိသေး၍ လုပ်ရမည်ဆိုကာ မီးယူစေ၏။ အဖွားကြီးတစ်ယောက် မီးဖိုနေသည်ကို မြင်၍ မီးတစ် စ တောင်းခံလေသည်။ "မည်သို့ပြုအံ့နည်း"ဟု မေးလေသော် ဤသို့ အစီအစဉ်ကျ ပြောခဲ့ရလေ၏။

"ယူမည်မီး၊ လုပ်မည်တံစဉ်
ရိတ်မည်မြက်၊ စားမည်ဆိတ်
ညှစ်မည်နို့၊ သောက်မည်ကျား
ကိုက်မည်ကျွဲ၊ လူမည်ကျွဲချို
တူးမည်မြေ၊ လုပ်မည်အိုးခွက်
ခပ်မည်ရေ၊ ဆေးမည်နှုတ်သီး
စားမည်နှံစုတ်"

ထိုအခါ အဘွားကြီးက "မီးကို မည်သို့ယူအံ့နည်း"ဟု မေးလေ၏။ ကျီးကန်းငှက်က ငါ့မြီးတုံးမှာ ချည်ပေးပါ"ဟု ပြောလေသည်။ ၄င်းပြောသည့်အတိုင်း အဘွားကြီင်္းလည်း မြီးတုံး၌ ချည်ပေးလိုက်လေ၏။

ကျီးကန်းသည် ၀မ်းသအားရဖြင့် ပျံသန်း၍ သွားလေ၏။ ထိုအခါ မီးကျီးသည် လေဟုန်ခတ်လေသဖြင့် တောက်လောင်ခဲ့လေသည်။ မီးတောက်လောင်သော် ကျီးကန်းအမြီးကို မီးစွဲလောင်ခဲ့ရလေ၏။ ထို့ကြောင့် ကျီးကန်းသည် မပျံနိုင်တော့ဘဲ အောက်သို့ လိမ့်ကျခဲ့ရလေ၏။

ထို့နောက် ခြေထောက်ဖြင့် ထောက်၍ ထောက်၍ သွားပြန်သည်။ တံစဉ်ဆရာထံ ရောက်လေသော် မီးကို ပေးလေ၏။ မီးရလျှင် ဆရာလည်း တံစဉ်ကို လုပ်ပေးလိုက်၏။ ထိုတံစဉ်ဖြင့် မြက်ရိတ်၍ ဆိတ်ကိုပေးလေ သည်။ ဆိတ်မလည်း နို့ညှစ်ခွင့် ပြုလေ၏။ နို့ရလျှင်ကျားကို တဖန်ပေး၍ သောက်စေလေ၏။ကျားသည် ကျွဲမ ကို ကိုက်၍ ဦးချိုကို ယူပေးသည်။ ဦးချိုဖြင့် မြေတူးလေသော် မြေရ၍ အိုးသည်ကို ပေးအပ်လေ၏။ မြေ ဖြင့် အိုးလုပ်၍ ရေကိုခပ်လေသည်။

ထိုရေဖြင့် ကျီးကန်းသည် နှုတ်သီးကို စင်ကြယ်စွာ ဆေးကြောလေသည်။ ထို့နောက် နှံစုတ်ငှက်မ၏ ဥ အ သွေးကို စားရန်သွားလေ၏။ ထိုအခါ နှံစုတ်ငှက်မက ပြောသည်မှာကား "အသင်ကျီးကန်း၊ သင်ကား ငါ့ကို မနာလို၍ ပျက်စီးရန် ကြံဆောင်ဘိသည်၊ အသင်ကား အလာကောင်းသော်လည်း အခါနှောင်းခဲ့လေပြီ။ ယခု ဆိုလျှင်ငါ၏ ဥအသွေးတို့ကား မရှိတော့ပြီ၊ ကြီးပြင်းလျက် အတောင်ပေါက်ခဲ့လေပြီ၊။အကောင်ပင်လျှင် ထက် ကောင်းကင်မှာ ၀ဲပျံ ကစားနေချေပြီ၊ သင်မူးကား ငါ့သားနှင့် တုဖက်ယှဉ်ပြိုင် နိုင်ရာအံ့နည်း"ဟု ဆိုလေ၏။

ကျီးကန်းကား မပျံသန်းနိုင်တော့ပြီဖြစ်ကာ လက်လျှော့ခဲ့ရလေသည်။ ထို့အပြင် နှံစုတ်ငှက်မနှင့် မိတ်ဆွေ ပြတ်ကင်းခဲ့ကြလေ၏။ ထိုအခါမှစ၍ ကမ်းပါး၊ မြစ်နားအရပ်တို့၌ အပုပ်အသိုး အစားအစာများကိုသာ ရှာဖွေ စားသောက်၍ နေခဲ့ရလေသတည်း။

အရှင်စက္ကိန္ဒ (ရခိုင်တံခွန် ပုံပြင်များမှ-)

No comments:

Post a Comment