ရခိုင်ဓလေ့နှင့်ပဂရေ

"ပဂရေ"ဟူသည် ပိတုန်းနှင့်ဆင်ဆင်တူသော ပျံသန်းပိုးကောင်တစ်မျိုးဖြစ်သည်။ ယင်းပိုင်းကောင်သည် ရွှံ့ ပျော့ညံ့ညံ့များကို သယ်ယူပြီး ဥအတွက်သားအတွက် အိမ်လုပ်စီမံလေ့ရှိသည်။ ယင်းပဂရေ အမ ပြု လုပ်သော အိမ်ကိုပင်ရခိုင်တောင်သူလယ်သမားများက "ပဂရေအုံ"ဟုခေါ်ကြသည်။ ဤပိုးကိုမြန်မာတို့က "နပုန်းကြည်" ဟုခေါ်ကြသည်။

ပရရေကို ပဂြေ၊ပဒေဂြေမစသည်ဖြင့် ရခိုင်တောင်သူလယ်သမားတို့ နှုတ်ဖျားဝယ်စွဲမြဲစွာရှိသည်။ပဂရေ သည် အိမ်တွင်ကပ်ရောက်သော ပဂရေ၊ သစ်ပင်တောတောင်တွင်ကပ်ရောက်သော ပဂရေဟူ၍ရှိသည်။ သစ်ပင် တောတောင်များတွင် ကပ်ရောက်သောပဂရေများအနက်စပါးပင်တွင်ကပ်ရောက်သော ပဂရေများ ကိုတောင် သူလယ်သများများက "ပဂရေနတ်မသည်" ဟုအယူရှိကြသည်။

ပဂရေ၏အိမ်ဖွဲ့ခြင်း၊ မျိုးဆက်သစ်ကိုမွေးဖွားစေခြင်း စသည့်နိမိတ်တို့ကိုထောက်ရှု၍ ပဂရေသည် တောင်သူ လယ်သမားများကို အကျိုးပြုသည့်ပိုးကောင်အဖြစ် အသိအမှတ်ပြုကာ ပဂရေနတ်သမီးဟုပင်ခေါ်ကြသည်။ ယင်းပဂရေသည် စပါးရိတ်သိမ်းယူ၍ ပဂရေရသည်ဟု ၀မ်းမြောက်ဝမ်းသာဖြစ်ကြရသည်။ လယ်ပိုင်ရှင်မှာ လည်း ပဂရေနတ်ကို ပသလျှင် စပါးတန်းများစွာတိုးထွက်သည်ဟုအယူရှိကြသည်။ စင်စစ်မှာပဂရေ သည် တောင်သူလယ်သမားတို့၏စပါးအထူးအထွက်တိုးရေးအတွက် ယုံကြည်ကြသော ပဂရေနတ်သမီး သည်ပင် အထူးအထွတ်တိုး နတ်သမီးဖြစ်တော့သည်။

ထိုပဂရေအုံကို စပါးပင်၌တွေ့လျှင်အုန်းသီး၊ရခိုင်ငှက်ပျောသီး၊တောင်ရွှိအညွန့်များနှင့်ပွဲတင်ပြီး ပဂရေနတ် သမီးကို ၀မ်းမြောက်ဝမ်းသာ မေတ္တာပို့သကြသည်။ လယ်ရှင်အားစောင်မရန် ကြွလာစေကြောင်းဖိတ်ခေါ်ရ သည်။ စောင်မပါဟုလည်းတောင်းဆိုရသည်။ ဤပွဲများသည် ရခိုင်တောင်သူလယ်သမားဓလေ့ထုံးစံ၌ ယနေ့ ထိ မပျောက်မပျက်ရှိသည်ကိုတွေ့ရသေးသည်။

ပဂရေနတ်သမီးကို ရှေးအခါက ပူဇော်ပသရာ၌ မည်သို့မည်ပုံရွတ်ဆိုဆုတောင်းရကြောင်းကို ရှေးဟောင်းပေ စာတစ်ခု၌ ၀မ်းမြောက်ဖွယ်ရာတွေ့ခဲ့ရပါသည်။ ဤဆုတောင်းဖွဲ့ဆိုပုံကိုဗေဒင် ကျမ်းတစ်ကျမ်း၏အဆုံး ၌  တွေ့ ရှိရခြင်းဖြစ်သည်။ဤကျမ်းကို ရမ်းပြည့်မြို့နယ်၊လေးတောင်ကင်းဆိပ်ပြင်ရွာ ဘုန်းတော်ကြီးကျောင်း တွင် အ ခြားသောပေစာ(၆၈)စောင်နှင့်အတူ စာရေးသူဖတ်ရှုခွင့်ရခဲ့ပါသည်။ ပဂရေဖွဲ့မှာ(၉)ကြောင်းရေးပေ မူဖြစ်ပြီး အောက်ပါအတိုင်းရွတ်ဆိုရပါသည်။

"အောင်ဇေယန္တု၊အောင်ဇေယန္တု၊ အကြောင်းပြု၍၊ ယခုနေ့ကပင်စ၍ စပါးရောဒန်၊၇-တန်ချဲ၊ တေ၀မြဲ၊ အမြဲ ဟောပါ၊ အောင်ချာကပင်၊ နေထကျင်သည်၊ ပေါမအမှေ၊ ပဂရေမင်းသမီး၊ ၀ီယိုင်စီး၍၊ မဏိမေခလာ၊ လူသြ ဇာကို၊ မမေလာကေ၊ မကြာလျင်ဆော မ,စေသော၊'ရောက်၏ဘိုးတော်မှန် ဘဟိကား' တောင်ဘက် မှာ လည်း ဘုရားစွယ်တော်၊ အာနုဘော်က၊ ဓါတ်တော်ကျုးမြတ်၊ပိကတ်လေးဆယ်၊ စတွေသံတွေး၊ တန်းရွဲ မာန်အောင်၊ လေးတောင်ကျောက်ချောင်း၊ ဟုန်းတကြောင်းကပင်၊ နေလကျင်သည်၊ မိုးမအမှေ၊ တရေမင်း သမီး၊ ဈာန်ယာဉ် စီး၍၊ မဏိမေခလာ၊ လူသြဇာကို မမေလှာကေ၊ မကြာလျင်ဆော ရောက်၏လော့။ 'ရောက်၏ဘိုး တော် မှန်ဘဒကား' အနောက်မှာလည်း၊ စူဠတန်းတင်၊ ရေလျှင်တစ်ကြောင်း၊ စိတ်တကောင်း ပင်ဝါ၊ မောက် သူဇာက၊ ဇာကာအ၀တ် မင်းနေရပ်ကပင်၊ ပိုးမအမှေ၊ ပဂရေ မင်းသမီး၊ ဈာန်ယာဉ်စီး၍၊ မဏိမေခလာ၊ လူ့ သြ ဇာကို ၊မမေလှာကေ၊ မကြာလျင်ဆော၊ ရောက်၏လော။'ရောက်၏ဘိုးတော် မှန်ဘ ဒိကား'  မြောက်ဘက် မှာ လည်း၊ ကင်းဘိရလာ၊ ဘူးမှာကျောက်ဆော၊ကျခေါပြည်က၀င်၊ နေထကျင်သည်၊ ပိုးမအမှေ၊ ပဂရေ မင်းသမီး၊ ဈာန်ယာဉ်စီး၍၊ မဏိမေခလာ၊ လူ့သြဇာကို မမေလှာကေ၊ မကြာ လျင်ဆော၊ ရောက်၏လော။ 'ရောက်၏ဘိုး တော် မှန်ဘဒိကား' အရှေ့မှာလည်း၊ ရိုးကြီးရိုးငယ်၊ ရိုးသုံးဆယ်က၊ ရိုးငယ် အ၀တ်၊ ချင်းနယ် ရပ်ကပင်၊ ပိုးမ အမှေ၊ ပဂရေမင်းသမီး၊ ဈာန်ယာဉ်စီး၍၊ မဏိမေခလာ၊ လူ့သြဇာ မမေ လှာကေ၊ မကြာ လျင်ဆော၊ ရောက်၏ လော။'ရောက်၏ဘိုးတော် မှန်ဘဒိကား' အခြေခွင်းခွင်း၊ ကနန်းမင်း လည်း ပါလျက် လော့။ အခေါင်းကဖြူ၊ ငတောင်သူလည်း ပါလျက်လော့။ အခေါင်ကထွတ် ကတောက်တက်လည်း ပါလျက် လော့၊ ဘက်သရောကုန်း မြေ၊ ထွားထွားကြီးမျှ၊ ကပိုင်ကံထောက်၊ ဖောက်ဖောက်ကျိုးမျှ၊ ယင်းကမကြွင်း၊ ကြက်မတင်းလည်း၊ ခရင်းမ ကျန် ပြည့်စေသောဝ်။"

အထက်ပါအဖွဲ့အနွဲ့အရဆိုလျှင် ပဂရေကို ပူဇော်ခြင်းသည် တစ်နယ်တစ်ရပ်တည်းအတွက် ဆုတောင်းရခြင်း မဟုတ်ကြောင်းထင်ရှားသည်။ စစ်တေကောင်း၊ပန်းဝါကအစ ယိုးဒယား(ထိုင်း)အဆုံးနယ်တစ်ခွင်လုံးရှိ စပါး ဆန်ရေတိုးတက်ပါစေကြောင်း ဆုတောင်းဆန္ဓပြုခြင်း ပင်ဖြစ်သည်။ဤအရေးအသားကိုထောက်၍ မြောက် ဦး ခေတ်လယ်တွင် ရွတ်ဆိုခဲ့သည့်ဆုတောင်းစာ တစ်ခုဟု ဆိုရအံ့သည်။

ပဂရေနှင့်ဆက်စပ်သောဆွမ်းကျွေးပုံဓလေ့၊ အခေါ်အဝေါ်၊ အယူအဆစသော အလေ့အထများလည်း ကျန်ရှိ သေးရာ ၀ိုင်းဝန်း၍ လေ့လာဖော်ထုတ်ရဦးမည်ဖြစ်ပါသည်။

ရမ္မာဝတီပညာစာရ(ရခိုင်ပြည်နယ်)

ရခိုင်သုတ(ရခိုင်မဂ္ဂဇင်းပါဆောင်းပါးများ) စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment